Thursday, December 31, 2009

တစ်ချိန်က ဒို့နိုင်ငံ

အခုတလော ကိုလိုနီခေတ် ကစာတွေ ၀တ္ထုတွေ ဖတ်မိပြီး တော်တော်လေး အတွေးပွား မိပါတယ်။ ကိုယ်ကိုယ် တိုင်တောင် ကိုလိုနီခေတ်မှာ ခဏလောက် သွားနေကြည့်ချင် စိတ်တောင် ပေါက်သွား တယ်။ တစ်ချို့ ကတော့ မင်းကလည်း ကျွန်စော်နံလိုက်တာကွာ လို့ပြောကောင်းပြောပါလိမ့်မယ်။ အဲလိုပြော ခံရရင်လည်း ပြောပါစေ တော့ ဗျာ။ ကျွန်တော်က ကိုလိုနီခေတ်က ကောင်းတဲ့ အချက်လေး တွေကို သဘောကျ လွန်းလို့ပါ။

ပထမဆုံးက ဆရာမောင်သစ်ဆင်းရဲ့ ကြောက်စိတ်စာအုပ်မှာ စုံထောက် ဦးစံရှား အမှု့လိုက်တဲ့ အကြောင်းကို နမူနာယူပြီး အဲဒီခေတ်က အချိန်တိကျတဲ့ အကြောင်းကို ရေးထားတာ။

‘အမှု့က နက်နဲတဲ့ အပိုင်းရောက်လာတယ်ဆိုပေမယ့် တကယ်သဘာဝကျကျ စဉ်းစားတတ်ရင် သိပ်မခက်လှ ပေဘူး။ သူ့မျက်နှာကို အ၀တ်နက်နဲ့ အုပ်ခံထားရတယ်ဆိုသော်လည်း အသံကိုတော့ ကြားရတာပဲလေ။ တိုင်ကပ်နာရီက ရှစ်နာရီထိုးသံကို ကြားရတယ်၊ သိပ်မကြာခင်မှာ မနီးမဝေးက ရထားဥသြဆွဲသံ ကြားရတယ် ဆိုကတည်းက အမှု့က ပြီးသွားပြီ၊ သူရောက်နေတာ ဘောက်ထော်ဘူတာနားက အိမ်တစ်အိမ်ပေါ့။ ရထား အချိန်စာရင်းကို ကျုပ်ကြည့်ပြီးပြီ။ နေရာသိမှတော့ ကျန်တာတွေက ရှင်းသွားပါပြီဗျာ’ တဲ့။

ကဲရထားတွေ ဘယ်လောက် အချိန်တိကျလိုက်သလဲ။

အဲဒီခေတ်က နေရာတိုင်းမှာ ‘ကွက်တိ’ ပဲတဲ့။ အခုတော့ အဲဒီ ‘ကွက်တိ’ ဆိုတော မရှိတော့ သလောက်ပါပဲဗျာ။ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ ဥပမာကွာ မင်းမနက်ရှစ်နာရီထမယ်။ မီးပူတိုက်မယ်။ မြို့ထဲက ရုံးတစ်ရုံးကို သွားမယ်။ ရုံးကိစ္စတစ်ခုလုပ်မယ်လို့ မှန်းထားတယ်ဆိုပါစို့။ ငါမနက်အိပ်ယာထတော့ မီးက မလာဘူး။ အဲဒီတော့ မီးပူမတိုက်ရတော့ဘူးပေါ့။ ပြီးတော့ မြို့ထဲကို ဘစ်ကား စီးမယ်လုပ်တော့လည်း ကားမှတ်တိုင်မှာက နာရီဝက်လောက်စောင့်ရရော။ အဲတစ်ခါရုံးကို ရောက်တော့လည်း အရာရှိက ဆယ့်တစ်နာ ရီမှ လာတယ်တဲ့။ ကဲ ဘာမှစီစဉ်ထားလို့ ကိုမရဘူးတဲ့။

တကယ် စနစ်တကျရှိတာက ကိုလိုနီခေတ်နော်။ ကျွန်တော် အင်္ဂလိပ်တွေကို အဲဒါမျိုးတွေ တကယ်ချီးကျူးတယ်။ သူတို့က အုပ်ချုပ်ရေး ပညာမှာ အရမ်းကို တော်တယ်လို့ ထင်တယ်။ ပြီးတော့ ရှိသေးတယ်။ အဲဒီခေတ်က စာတစ်ပုဒ်ထဲမှာ ဖတ်ဖူးတာ။ လူတစ်ယောက်က စာပေးစာယူနဲ့ ပန်းချီပညာ သင်တယ်တဲ့။ သင်ပေးတဲ့ ပန်းချီ ဆရာက နယ်မြို့တစ်မြို့က။ သူက ရန်ကုန်က။ စာတိုက်ကနေ ဆရာက ပန်ချီသင်ခန်းစာတွေ လှမ်းပို့။ သူက လေ့ကျင့်ခန်းလုပ်ပေးပြီး ပြန်ပို့။ လကုန်တော့ စာတိုက်ကနေပဲ ငွေလွဲသတဲ့။ အခုအချိန်မှာ အဲလိုသင်ရရင် ဘယ်လိုနေမလဲ မသိ။ တစ်ခါလောက် တော့ စမ်းကြည့်ဦးမလားလို့။

ပြီးတော့ သဘောကျတာ တစ်ခုက ရန်ကုန်က မီးရထားလမ်း။ သတိထားကြည့်မိလား မသိဘူး။ ရန်ကုန် ဘူတာကြီးကနေ မြို့ထွက်တဲ့ အထိ ကားလမ်းကို ဖြတ်ရတယ်ဆိုတာ မရှိသလောက်ပဲ။ ဘယ်လောက် စနစ်ကျ သလဲလို့။ အခုနေ နိုင်ငံခြားမှာလို MRT စနစ်ကောင်းကောင်း လုပ်မယ်ဆိုရင် မြေအောက်တွေ မြေပေါ်တွေတောင် သိပ်မလိုဘူးဗျာ။ ရှိပြီး သား လမ်းကြောင်းကို သေချာပြင်လိုက်ရင်တောင် ပြီးသွားလောက် တယ်။ ဆရာ မြင့်သန်း စကားနဲ့ ဆို ‘သောက်ကျိုးနဲ စနစ်ကျတဲ့ အင်္ဂလိပ်’ လို့တောင် ပြောရမလိုပဲ။

လမ်းပန်းဆက်သွယ်ရေးက လည်း အခုခေတ်လို ခေတ်မှီယဉ်တွေ မရှိပေမယ့် သွားလို့ အဆင်မပြေဘူးဆိုတဲ့ ဒေသက အခုခေတ်ထက်တောင် နည်းသလိုပဲ။ ဘယ်နယ်မြို့ လေးဖြစ်ဖြစ် သွားရတာ အဆင်ပြေ သလိုပဲ။

အဲလို ချီးကျူးနေလို့ မင်းကိုလိုနီခေတ်မှာ နေချင်သလားဆိုရင်တော့ မနေချင် ရေးချ မနေချင် လို့ပဲ ဖြေရမှာ ပဲ။ လူမျိုးတစ်မျိုးအနေနဲက ဆိုရင်တော့ အရမ်းအောက်ကျတာပေါ့ဗျာ။ ရထားမှာ ဥရောပတိုက်သား များအတွက် သာလို့ ရေးထားတဲ့ တွဲတွေပဲ ရှိတာတို့ ဥရောပတိုက်သား များသာ ၀င်နိုင်တဲ့ ကလပ်တွေရှိတာတို့ ဘာတို့ ကျတော့ ရင်နာစရာ ကောင်းတယ်ဗျ။

ဆရာမောင်သစ်ဆင်းပြောတာကိုပဲ ထပ်ကိုးကားလိုက်ဦးမယ်။ ရန်သူပင်ဖြစ်ပစေ ရန်သူဆီက ကောင်းတဲ့ အချက်တွေကို တော့ယူရမှာပဲတဲ့။ ဟုတ်တယ်လေ။ အခုကျတော့ ကောင်းတဲ့ အချက်တွေက တစ်ချက် မှ မကျန်ခဲ့ သလိုပဲ။ အဲဒီခေတ်က အရှေ့တောင် အာရှမှာ အလားအလာ အရှိဆုံးက ကျွန်တော်တို့ နိုင်ငံ ဖြစ်ပါတယ် တဲ့။ အင်္ဂလိပ် စကားပြောလည်း ကျွန်တော်တို့ မြန်မာတွေက တယ်ကောင်းကြတယ် ဆိုပဲ။ အခုလို အင်္ဂလိပ်စကားက ကမ္ဘာသုံး စကားဖြစ်နေတဲ့ အချိန်ဆိုရင်တော့ အရင်တုံးက အင်္ဂလိပ်စာ အဆင့် အတန်းသာ ကျွန်တော်တို့မှာ ရှိနေရင်တော့ ရွှေပဲပေါ့ဗျာ။ အခုတော့ တော်တော်များများက (ကျွန်တော် ထိပ်ဆုံးကပါ) ထစ်အထစ်အ ဖြစ်နေသလိုပါပဲ။

ကိုလိုနီခေတ်က ရန်ကုန်မြို့ကြီးကတော့ တကယ်လို့ စည်ကားတဲ့ မြို့ကြီး ဖြစ်နေမှာပဲ။ Multinational လဲဖြစ် အလုပ်ကလဲအခုအချိန်ထက်ပို အဆင်ပြေ။ ပညာရေးကလည်း အတိုင်းအတာ တစ်ခုအထိမြင့်။ ကုန်သွယ်ရေးကလည်း ကောင်း။ အမျိုးသားရေး နိမ့်ကျတာကလွဲလို့ ကျန်တာ အဆင်ပြေနေမှာပဲ။ အဲဒီကောင်းတဲ့ စနစ်တွေ အခုကျတော့ တစ်ခုမှ မကျန်ခဲ့ သလိုပါပဲ။ တွေးကြည့်ရင် စိတ်မကောင်းစရာပဲ။

ဘယ်ကိစ္စပဲ ဖြစ်ဖြစ် အကောင်းနဲ့ အဆိုးတော့ ရှိမှာပဲပေါ့။ တစ်ချို့ ကပြောတာ ကြားဖူးတယ်။ ဗြိတိသျှသာ ကျွန်တော်တို့ နိုင်ငံကို မသိမ်းရင် အခုထိ ဘုရင်ခေတ်မှာပဲ ဘုရားထူးနေမှာပေါ့။ ကျွန်တော်ကတော့ အဲလို မထင်ဘူး အကောင်းဘက်က တွေးကြည့်လိုက်မယ်။ ဂျပန်နိုင်ငံ လိုမဖြစ်နိုင်ဘူးလားလို့။ တကယ်တော်တဲ့ ဘုရင် တတ်လာတဲ့ အချိန်ကျရင် အပြောင်းအလဲ ဖြစ်ပြီး အခုအချိန် ဂျပန်လို အဆင့် အတန်းလဲ ရောက်ချင် ရောက်နေမှာ။ အင်္ဂလိပ်လက်အောက်ရောက်ပါစေဦး။ လွပ်လပ်ရေး ရတဲ့ အချိန်မှာ အင်္ဂလိပ်ရဲ့ စနစ်ကို ဆက်ထိန်းထားနိုင်ရင် လည်း အခုစင်ကာပူလို ဖြစ်နေဦးမယ်လို့ ထင်ပါ့။

အခုတော့ဗျာ။ အဲဒါတွေ တွေးမိရင် ဆရာမောင်သစ်ဆင်းပြောသလို ‘ဟေးလား မောင်တို့ဝါး’ လို့ အော်ပြီးပဲ ကလိုက်ချင်မိပါတော့တယ်။

စာကြွင်း၊ ဆရာမောင်သစ်ဆင်းရဲ့ ‘ကြောက်စိတ်’ စာအုပ်လေး မဖတ်ရသေးသူများ ဖတ်ဖြစ်အောင် ဖတ်ကြည့်ဖို့ တိုက်တွန်း လိုက်ပါရစေ။

ဒီဇင်ဘာ ၂၀၀၉
မိုးတိမ်ညို

Tuesday, December 22, 2009

အဘက အလကား လုပ်ပါ့မလားကွယ့်

တစ်ခါကကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကဒီလိုပါ။

လူငယ်တစ်စုတဲ့ မေမြို့ကို ပျော်ပွဲစားသွားကြသတဲ့။ သူတို့ထဲက တစ်ယောက်က မေမြို့မှာ ခြံနဲ့ အိမ်ပိုင် လေသည်။ သူတို့လည်းအဲဒါနဲ့ အဲဒီခြံမှာ တည်းကြတာပေါ့။ အဲဒီခြံထဲမှာ ခြံစောင့် အဘိုးကြီး တစ်ယောက်လည်း ရှိလေသည်။ ညနေရောက်တော့ သူတို့က အရက်သောက်ချင်လာကြတယ်လေ။ သွားဝယ်ရမှာကလည်းပျင်းတာနဲ့ အဘိုးကြီးကို ပိုက်ဆံပေးပြီး

‘အဘ ကျွန်တော်တို့ကို အရက်သွားဝယ်ပေးစမ်းပါ’

ဆိုပြီး လွတ်လိုက် ကြတယ်။ အဘိုးကြီးလည်း ခဏနေတော့ အရက်ပုလင်းလေးဝယ်ပြီး ပြန်လာလေသည်။ လူငယ်များသည်လည်း ပျော်ပျော် ပါးပါးနဲ့ အရက်သောက်ကြရာ တစ်လုံးကုန်သော်လည်း မမူးသဖြင့် ထပ်ဝယ်ခိုင်းလေသည်။ ထို့နောက် ထပ်သောက်ကြပြန်ရာ ထိုအခါလည်း မမူးပေ။ သို့နှင့် သူတို့လည်း မသင်္ကာတော့ သဖြင့် အဘိုးကြီး ကိုမေးကြသည်။

‘အဘကြီး ကျွန်တော်တို့ အရက်ကို သောက်ပြီး ရေရောများလာသလား’

အဘိုးကြီးက ပြန်ဖြေလေသည်။

‘ငါ့တူတို့ရယ် အဘကအလကား လုပ်ပါ့မလားကွဲ့’

‘ဒါဆိုလည်း ပြီးရောဗျာ ထပ်ဝယ်ချေဦး’

သူတို့ ထပ်သောက်ကြပြန်သည်။ ဒီတစ်ခါလည်း မမူးချေ။ အဘိုးကြီးကို ထပ်မေးကြပြန်သည်။

‘အဘ မလိမ်နဲ့ နော် အဘသောက်ပြီး ရေရောထားတယ်ထင်တယ်’
‘သြော် ငါ့တူတို့ရယ် အဘက အလကား လုပ်ပါ့မလားကွယ့်’

သို့နှင့် သူတို့ ထပ်ဝယ်ခိုင်းပြီး သောက် မမူး ထပ်မေး။ နောက်ဆုံးတော့ အဘိုးကြီးက

‘ငါတူတို့ရယ် အဘအလကား လုပ်ပါ့မလားကွဲ့’

ဟုဆိုကာ မူးလဲသွားလေသတည်း။

ထိုပုံပြင်လေးကို ကြားရတော့ ကျွန်တော် အသံထွက်အောင်ပင် ရယ်မိပါသည်။ အဘိုးကြီးပြောသော အဘက အလကား လုပ်ပါ့မလား ဆိုသည်မှာ လည်း မှန်လေသည်။ သူလည်း အလကား မလုပ်နိုင် တန်ရာ တန်ဖိုးတော့ ယူရမည်ဟု ဆိုလိုသလားမသိ။ လူငယ်တွေကတော့ သူ့တို့ဟာသူတို့ တလွဲထင်နေပုံရသည်။

အဲဒီပုံပြင်ကို ဖတ်တုန်းက ဒီကောင်တွေတော့ ခံလိုက်ရပြီဟ ဆိုပြီး အားရပါးရရယ် မိသော်လည်း ကိုယ်ခံရတော့ မရယ်နိုင်တော့ပါ။ ဖြစ်ပုံက ဒီလို။

တစ်နေ့တော့ သူငယ်ချင်းများနှင့် ၀ိုင်းဖွဲ့ စကားပြောရင်း တစ်ယောက်ကပြောသည်။

‘ငါ့အတွက်တော့ကွာ စင်ကာပူနိုင်ငံကို တော်တော်ကျေးဇူးတင်ရမယ်။ ဘာလို့လဲဆိုတော့ ငါစင်ကာပူ လာလို့ ငါရော ငါ့မိသားစုရော လူလိုသူလိုနေရာတာ။ မဟုတ်ရင် စားဖို့သောက်ဖို့ တောင် အနိုင်နိုင်ကွာ။ ကျေးဇူးကြီးပါ ပေ့စင်ကာပူရာ’

သူပြောသည်မှာ သူ့အတွက်တော့ ရာနုန်းပြည့်မှန်လေသည်။ မြန်မာနိုင်ငံမှာနေတုန်းက သူလုံးဝ အဆင်မပြေ။ ဘာလုပ်လုပ်ကို အဆင်မပြေ။ အကြွေးတွေတင်သည်။ ဒုက္ခတော်တော်ရောက်လေသည်။ အခုသူ စင်ကာပူရောက်မှ အတော်အတန်အဆင်ပြေပြီး အိမ်ကိုလည်း ငွေသိန်းဂဏန်းလစဉ်ပို့ နိုင်နေပြီဖြစ်သည်။
အတော်အတန်စဉ်းစားတတ်သော အစ်ကိုကြီးတစ်ယောက်က ၀င်ပြောလေသည်။

‘အာ မဟုတ်ဘူး။ အဲလိုတော့ မတွက်နဲ့ကွ။ ဒီကိုရောက်လို့ ငါတို့တွေ အဆင်ပြေတာတော့ ပြေတာပေါ့။ တကယ်တော့ ဒါက တစ်ဦးချင်းဆီသာ အဆင်ပြေတာကွ။ ငါတို့ နိုင်ငံအနေနဲ့ အများကြီး ဆုံးရှုံးသွားတယ်။ ဘာလို့လဲ ဆိုတော့ ဒီရောက်တဲ့ လူအများစုကို ကြည့်ကွာ။ လူငယ်ပညာတတ်လေးတွေ။ ပြောရရင် နိုင်ငံ တစ်နိုင်ငံရဲ့ အညွှန့် အဖူးလေးတွေကွ။ စင်ကာပူက အဲဒီ အညွှန့် အဖူးလေးတွေကို အဆင်သင့် ခူးစားနေ ရတာမောင်။ အဲဒီတော့ ငါတို့ နိုင်ငံ အတွက် ဘယ်လောက်များ နစ်နာသလဲ တွေးသာကြည့်တော့’

ပထမတစ်ယောက်က ပြန်ပြောလေသည်။

‘ခင်ဗျားအဲလိုထင်ရင်ဘာလို့ လာသေးတုံးဗျ။ ခင်ဗျားကို ဘယ်သူမှ မလာခိုင်းဘူး။ ခင်ဗျားသဘောနဲ့ ခင်ဗျား လာတာလေ။ အရိပ်နေနေ အခက်ချိုးချိုး မလုပ်နဲ့။’

သူတို့ နှစ်ယောက်ကတော့ ဆက်ငြင်းနေလသည်။ ကျွန်တော်ကတော့ ကျွန်တော့်အတွေးနှင့် ကျွန်တော် နစ်မြောသွားလေသည်။

သူတို့ ပြောမှ ကျွန်တော်လေးလေးနက်နက် စဉ်းစားကြည့်မိသည်။ နှစ်ယောက်စလုံး ကိုယ့် အတွေးနဲ့ ကိုတော့ မှန်သည် ဟုထင်ပါသည်။ ဒါပေမယ့် ခက်တာက စင်ကာပူ ကအညွှန့် အဖူးလေးတွေ ခူးစားပါစေဦး ထိုအညွှန့် အဖူးကလေးတွေကပင် ကျွန်တော်တို့ ကိုခူးစားပါ ကျွန်တော်တို့ ကို ခူးစားပါဟု တကြော်ကြော် တောင်းဆိုနေရလေသည်။ ကျွန်တော်တွေးရင်း တွေးရင်း လေးလေးပင်ပင် သက်ပြင်းချမိပါသည်။ ကိုယ့်နိုင်ငံ အတွက်သာ ရင်လေးမိပါသည်။ ဟုတ်တော့လည်း ဟုတ်သည်။ ကျွန်တော်တို့ကို ဘယ်သူကမှ ရိုက်ပြီး မလာခိုင်း။ ကိုယ့်သဘောနှင့်ကိုသာ လာရခြင်းဖြစ်သည်။ အခြေအနေက တွန်းပို့လိုက်သည်ဟု လည်း ပြောနိုင်သည်။

အဲဒီညကတော့ အိပ်မက်ဆိုးတွေမက်နေသည်။ အိပ်မက်ထဲမှာ ကျွန်တော် စင်ကာပူနိုင်ငံက ဘဘကြီး နှင့်တွေ့ သည်။ ကျွန်တော်က သူ့ကို ဒေါသတကြီး အော်နေလေသည်။

‘အဘကြီး ခင်ဗျား ကျွန်တော်တို့ နိုင်ငံက အညွှန့် အဖူးတွေ ခူးစားနေတာ မဟုတ်လား’

ထိုအဘကြီးကတော့ ကျွန်တော် ဘယ်လောက်အော်အော် အပြုံးမပျက်ပဲ

‘သြော်ငါတူရယ် အဘကအလကား လုပ်ပါ့မလားကွဲ့’

ဟုသာ တွင်တွင်ပြောနေပါတော့သည်။

မိုးတိမ်ညို
ဒီဇင်ဘာ ၂၀၀၉

Sunday, December 20, 2009

လောကကြီးက အဲလောက် မရိုးရှင်းပါ

တစ်နေ့ ကျွန်တော် ရထားစီးလာရင်း Chinese Garden ဆိုတဲ့ မှတ်တိုင်မှာ ကုလား နှစ်ယောက် ဆင်းသွားတာမြင်တော့ တစ်ယောက် ထဲပြုံးမိပါသည်။ ဘာလို့လည်း ဆိုတော့ ငယ်ငယ်တုံးက အကြောင်းလေး တစ်ခုစဉ်းစား မိလို့ပါ။ ငယ်ငယ်တုန်းက အဖေနဲ့ ရထားစီးရင်း ကုလားကုန်း ဆိုတဲ့ ဘူတာမှာ တရုတ် နှစ်ယောက် ဆင်းသွားတော့ ‘အဖေ ကုလားကုန်းဘူတာမှာ ဘာလို့ တရုတ်နှစ်ယောက် ဆင်းသွားတာလဲဗျ’ လို့ မေးဖူးတယ်။အဖေက တော့ သူတို့ အဲဒီမှာ နေလို့ နေမှာပေါ့ကွယ်လို့ ဖြေခဲ့တယ်။ အဲဒီတုန်းက တကယ်ကို နားမလည်ခဲ့တာ အမှန်။ ဘယ့်နှယ့် ကုလားကုန်းပါဆိုမှ ဘာလို့ တရုတ်နှစ်ယောက် ဆင်းသွားရတာလဲပေါ့။

နောက်တော့ မှတဖြည်းဖြည်းနားလည်လာပါတယ်။ သြော် လောကကြီးက ဒီလောက် မရိုးရှင်းပါလား ဆိုတာပါ။ တော်တော်များများ ကိစ္စတွေက ကလေးတုန်းကလို တွေးလို့ မရပါလားဆိုတာ သဘော ပေါက်မိပါတယ်။
ဆရာ သစ္စာနီရဲ့ စာအုပ်တစ်အုပ်ထဲမှာ ဒီလိုရေးထားပါတယ်။ ‘ပန်းခြံထဲက နှစ်ယောက်ထိုင်ထိုင်ခုံ မှာ ကျွန်တော် တစ်ယောက်ထဲ ထိုင်နေမိပါသည်။ လောဘကြီးလွန်း၍ မဟုတ်ပါ။ ပန်းခြံထဲတွင် နှစ်ယောက်ထိုင် ခုံများသာ ရှိသော ကြောင့် ဖြစ်ပါသည်’ တဲ့။ တစ်နေ့က တစ်ယောက်ထဲ တက်စီ ငှားစီးရင်း အဲဒီစာသားလေးကို သတိရမိပါတယ်။ အင်းငါ လည်းလူငါးယောက်စီးလို့ရတဲ့ ကားကို တစ်ယောက်ထဲ စီးနေတာ လောဘကြီးလို့ မဟုတ်လောက် ပါဘူး ဟုကိုယ့်ကိုယ် ကို မဆီမဆိုင် နှစ်သိမ့်နေမိပါသည်။ ဘာလို့လဲဆိုတော့ တစ်ယောက် ထဲအိမ် ဆယ်လုံးပိုင်တဲ့သူတို့၊ ကားအစီးများစွာပိုင်တဲ့သူတို့ စသဖြင့် အများကြီး တွေ့နေရလို့ပါ။

တစ်ခါက ကျွန်တော်လည်း နိုင်ငံခြား တိုင်းပြည်တစ်ပြည်က လမ်းတို့၊ ဘူတာရုံတို့ ၊ ကားဂိတ်တို့ ရဲ့ဓါတ်ပုံတွေ ကို ကျွန်တော် တို့ မြို့က လူတစ်ယောက်ကို ပြတော့ သူကမေးတယ်။ အဲဒါ လူကြီးလာမှာမို့ ရှင်းထားတာလားဟင်တဲ့။ ကဲ သူ့အတွေးနဲ့ သူတော့ ဟုတ်နေတာပဲဗျာ။ သူကသူသိတာကို အခြေခံ ပြီးရိုးရိုးရှင်းရှင်းတွေးတာကို။ ဒါဖြင့် ခင်ဗျားတို့ဆီမှာ လူကြီး မလာရင် မရှင်းတော့ဘူးလားဗျာလို့ မေးတော့ သူကထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်နေလေရဲ့။

တစ်ခါတစ်လေကျတော့ တကယ်ကို ရိုးရိုးရှင်းရှင်းတွေးလို့ မရဘူးဗျ။ ကျွန်တော်တော့ လိုက်မှီအောင် မနည်း ကြိုးစားရတယ်။ အကယ်၍လမ်းမှာ ယဉ်ထိန်းရဲတစ်ယောက် ပိုက်ဆံတောင်းနေပြီဆိုပါစို့။ လူတော်တော် များများကတော့ အဲဒီ ရဲသားကို မုန်းကြမယ်။ ဆဲကြမယ်။ နှာခေါင်းရှုံ့ကြမယ်။ အဲဒီ ယဉ်ထိန်းရဲ သားကို ကျွန်တော်နားလည်ပေးဖို့ကြိုးစား ကြည့်မိတယ်။ အော်သူ့ အတွက်တော့ သူများရဲ့ တံတွေးထွေးသံ က အိမ်က ကလေးငိုသံထက် ပိုပြီးနားဝင်ချိုလိမ့်မယ်လို့။

အခု ကိစ္စမှာ လည်းအဲလို အဖြစ်မျိုး ကြုံမိလို့ပါ။ ဒီလိုဗျ။
ကျွန်တော်တို့မှာ ဆွေးမျိုး နီးစပ်တော်တဲ့ ဦးလေးကြီးနဲ့ အန်တီကြီး ဆိုတာရှိပါတယ်။ သူတို့က တကယ်ကို လေးစားစရာကောင်းတဲ့ ဂုဏ်သရေရှိ မြန်မာလူကြီးတွေဗျ။ ဦးလေးကြီးဆို ရှပ်အကျီ လက်ရှည်နဲ့ ပုဆိုး ခပ်ကောင်းကောင်း အန်တီကြီးဆိုရင်လည်း ရင်ဖုံး အကျီနဲ့ ပါတိတ် ထမိန် အမြဲဝတ်တော့ သူတို့ကို မြင်လိုက်ရင် ပဲ အရမ်း ကျက်သာရေရှိတာပေါ့ဗျာ။ နှစ်ယောက်လုံး အမြဲ ပြုံးပြုံးနဲ့ စိတ်ဆိုးဒေါသ ထွက်တယ်ဆို တာဘယ်တော့မှ မတွေ့ရဘူး။ ကျွန်တော့်စိတ်ထဲမှာတော့ လူကြီးလူကောင်းဆိုတာ ဘာလဲဆိုတာ အဓိပ္ပယ်ဖွင့် မနေနဲ့ သူတို့နှစ်ယောက်ကိုလက်သာဆွဲပြလိုက်။ အဲလောက်ထိကို တွေးဖူးတယ်။ ကျွန်တော်တို့ အိမ်ကို သူတို့ မကြာခဏ လာလည်လေ့ရှိတယ်ဗျ။ တစ်ခါတော့ သူတို့ လာတဲ့ အချိန်မှာ အိမ်ကလူတွေက မြန်မာဇာတ်ကား ကြည့်နေကြတယ်လေ။ မင်းသားကဘယ်သူ လဲတော့ မမှတ်မိဘူး။ မင်းသမီးကတော့ ထက်ထက်မိုးဦး။ အဲဒီအထဲမှာ ထက်ထက်မိုးဦးက အိမ်ဖော်မလေး။ အိမ်ရှင်မိန်းမကြီးက နှိပ်စက်တဲ့ အခန်းရောက်တော့ လူတိုင်းက သနားကြတာပေါ့။ အန်တီကြီးနဲ့ ဦးလေးကြီး ဆို စုတ်တသတ်သတ်နဲ့ ပေါ့။ အမလေး ဆိုးလိုက်တာပေါ့။ အန်တီကြီးကို မျက်မှန်အောက်ကို တစ်ရှူးစလေး နဲ့တောင် သုတ်ရသေးတယ်။ ကျွန်တော်လည်း သူတို့ကို ကြည့်ပြီး သြော် ကမ္ဘာပေါ်မှာ ဒီလိုအရမ်း ပြည့်ဝတဲ့ လူတွေလည်း ရှိပါလားဆိုပြီး ပီတိတောင် ဖြစ်မိသေးတယ်ဗျ။ တိုတိုပြောရရင် တစ်ရက်တော့ဗျာ အကြောင်းကိစ္စတစ်ခုပေါ်လာ လို့ ဦးလေးကြီးတို့အိမ် ကျွန်တော်ရောက်သွားရော။ သူတို့က ထမင်းစားသွားပါဦး ဆိုလို့ ကျွန်တော်လည်း ထမင်းဝင်စားတာပေါ့။ ထမင်းစား ခန်းနဲ့ မီးဖိုနဲ့ ကတွဲရက်။ မီးဖိုထဲမှာ ဒန်အိုးစုတ်စုတ်လေး တစ်ခုနဲ့ မီးသွေးမီးဖိုသေးသေးလေး တစ်ခု ချထားတာတွေ့လို့ ကျွန်တော်လည်း မဆီမဆိုင် စပ်စုလိုက်မိတယ်။ အဲဒါ ဘာအတွက်လဲလို့။ သူတို့ပြောလိုက်မှ ကျွန်တော် အံ့သြ လွန်းလို့ ပါးစပ် အဟောင်းသား ဖြစ်သွားရတယ်။ အဲဒါ အိမ်က ခိုင်းတဲ့ ကောင်မလေး ကိုကျွေးဖို့ ဆန်ကွဲ ချက်တာတဲ့။ အဲဒီကောင်မလေးက တအား စားနိုင်တာလေတဲ့။ ဆန်ကောင်းကို မကျွေးနိုင်ဘူးတဲ့ဗျာ။ အဲဒီကျမှ ကျွန်တော် သဘောပေါက်မိပါတယ်။ သြော်သူတို့ သနားက ထက်ထက်မိုးဦးကိုး လို့။

အဲဒါကြောင့်ပြောတာ လောကကြီးက အဲလောက် မရိုးရှင်းဘူးလို့။ ဘယ်ဟာမဆို အပေါ်ယံ ပဲကြည့် ပြီး ဆုံးဖြတ်လို့ မရဘူး။ ကဲဗျာ ကျွန်တော်ရေးတာလည်း တကယ်ကို တောင်ရောက် မြောက်ရောက် ဖြစ်သွား ပြီ။ အင်္ဂလိပ်စကားပုံ တစ်ခုနဲ့ တော့ အဆုံး သတ်ပါရစေ။
Try to see the structure, than events. တဲ့ဗျ။

ဒီဇင်ဘာ ၂၀၀၉
မိုးတိမ်ညို

Monday, December 7, 2009

ကျွန်တော်လွဲခဲ့ ဖူးသော အကြောင်း (၂)

အရင်က ကျွန်တော်လွဲခဲ့ ဖူးသော အကြောင်း ကိုရေးခဲ့ ဖူးလို့ အခုတစ်ခါလွဲတာကို ကြတော့ (၂) လို့ ခေါင်းစဉ် တပ်လိုက်ပါရစေ။ ဒါပေမယ့် အရင်တစ်ခါလွဲတာကတော့ အချီကြီး ဒီတစ်ခါကတော့ သေးသေးလေးပါ။ လွဲခဲ့ ဖူးတယ်ဆိုတာ လေးပဲ ပြောချင်လို့ပါဗျာ။

အခုတစ်ခေါက်က ဒီလိုဗျ။ ကျွန်တော်တစ်ခါတော့ ကျွန်တော်တို့ ဆွေမျိုးနီးစပ်တွေရှိတဲ့ ရွာလေးတစ်ရွာကို သွားလည်ဖြစ်တယ်ဗျာ။ အဲမှာ ကိုထွန်းဆိုတဲ့ သူတစ်ယောက်ရှိတယ်။ သူက ကျွန်တော်နဲ့ ဆိုငယ်ငယ်ကတည်း ကအစ်ကိုလိုပဲ နေလာတာ။ ပြောမနာဆိုမနာပေါ့ဗျာ။ သူ့အိမ်မှာတည်း၊ ဟိုသွားဒီသွား၊ ဟိုလုပ်ဒီလုပ်။ အနားယူ။ သူချက်ကျွေးတဲ့ ရွာထမင်းဟင်းကို စား ဇိမ်ပဲဗျာ။ တစ်ရက်တော့ ကိုထွန်းကပြောတယ်။

‘ကဲမင်းရောက်တာလည်း ကြာပြီ ရွာဦးကျောင်းကို တစ်ခေါက်တော့ သွားကြဦးစို့’ တဲ့။

‘အင်းလေ သွားကြတာပေါ့’ ကျွန်တော်ကလည်း မဆိုင်းမတွ ပြန်ပြောလေသည်။

‘အေးမင်းကို မသွားခင်ကြိုပြောထားရဦးမယ်။ ကျောင်းထိုင်ဆရာတော် အကြောင်း’

‘ဘာအကြောင်းလဲဗျ’

‘ဆရာတော်က လာတဲ့ ဧည့်သည်တိုင်းကို မေးတဲ့ မေးခွန်းတစ်ခုရှိတယ်’

ကျွန်တော် စိတ်ဝင်စားသွားသည်။

‘ဘာမေးတာလဲဗျ’

‘ဆရာတော်က မင်းကို ကျောင်း အရှေ့ဖက်က အုန်းပင် နှစ်ပင် ပြလိမ့်မယ်။ တစ်ပင်က မြင့်ပြီး တစ်ပင်က နိမ့်နေတယ်ကွာ။ ပြီးတော့ မေးလိမ့်မယ်။ ဘယ်အုန်းပင် က အသက်ပိုကြီးသလဲလို့’

ကျွန်တော်နည်းနည်း နားရှုပ်သွားသည်။

‘ဘာဖြစ်လို့လဲဗျ။ မြင့်တဲ့ အုန်းပင်က အသက်ပိုကြီးမှာပေါ့’

ကိုထွန်းက တစ်ချက်ပြုံးလိုက်သည်။

‘အေး သူလိုချင်တဲ့ အဖြေက ဒါပဲကွ။’

‘ဘာလဲဗျ ခင်ဗျားက ရှင်းရှင်းလင်းလင်း ပြောစမ်းပါ’

ကျွန်တော်က စိတ်မရှည်သံ ဖြင့် မေးလိုက်လေသည်။

‘ဒီလိုကွ အဖြစ်က။ အဲဒီအုန်းပင်နှစ်ပင်က အရင် ကသူနဲ့ ပြိုင်ဖက်ဦးဇင်း တစ်ပါးနဲ့ တစ်နေ့ထဲ တစ်ချိန်ထဲ စိုက်ထားတာကွ။ ဒီလိုနဲ့ ဘယ်လိုဖြစ်တယ် မသိပါဘူးကွာ။ အခု ကျောင်းထိုင်ဆရာတော် စိုက်တဲ့ အပင်က မြင့်ပြီးတော့ ဟိုဦးဇင်း စိုက်တဲ့ အပင်က နိမ့်နေတာ’

‘အဲဒီတော့’ ကျွန်တော် စကားထောက်ပေးလိုက်သည်။

‘အဲဒီတော့ ကွာ မင်းက မြင့်တဲ့ အုန်းပင်က အသက်ပိုကြီးတယ်လို့ ဖြေလိုက်ရင် ဆရာတော်က အရမ်း သဘောကျပြီး ဒကာရဲ့ ဒီအုန်းပင် နှစ်ပင်က တစ်နေ့တည်း တစ်ချိန်ထဲ စိုက်တာကွဲ့ ဒီဘက်က ပိုမြင့် တဲ့ အပင်က ကျုပ်စိုက်တဲ့ အပင်။ ဟိုဘက်က နိမ့်တဲ့ အပင်က တခြားဦးဇင်းစိုက်သွားတာကွဲ့ လို့ ပြောလိမ့်မယ်။ အဓိကကတော့ကွာ သူ့ ဘုန်းတန်ခိုးက ဟိုဦးဇင်းထက် သာလို့ သူစိုက်တဲ့ အုန်းပင်က ပိုမြင့်တယ်လို့ ပြောချင် တာဟေ့ ရှင်းပြီလား’

‘အော် ဒီလိုကိုး’

ကျွန်တော် အခုမှာ သဘောပေါက်သွားသည်။ ကိုထွန်းက ဆက်ပြောသည်။

‘အေး ငါသေချာမှာ ထားမယ် ဆရာတော်ကို အလိုက်အထိုက်ပြော။ အဲဒီ ဆရာတော်က စိတ်ကြီးတယ်။ ကဲ သဘောပေါက်ရင်သွားကြမယ်။ ဒီနေ့ အိမ်မှာ ဘာမှ မချက်ဘူး ကျောင်းက စားပြန်မယ်’

ဒီလိုနဲ့ တိုတိုပြောရရင် ကိုထွန်းနဲ့ ကျွန်တော် ရွာဦးကျောင်းကို ရောက်သွားရောပေါ့ဗျာ။ ကိုထွန်းက ကျွန်တော့်ကို ဆရာတော်နဲ့ မိတ်ဆက်ပေး စကားစမြည်ပြောကြတာပေါ့။ ခဏနေတော့ ကိုထွန်းပြောတဲ့ အတိုင်း ကွက်တိပဲဗျာ။ ဆရာတော်က ဒကာ ကျောင်းရှေ့ဖက်ကို ခဏလိုက်ခဲ့တဲ့။ အဲလိုပြောတော့ ကိုထွန်းက လှမ်းပြီး မျက်စပစ်ပြတယ်။ ကိုထွန်းနဲ့ ကျွန်တော်ဆရာတော်နဲ့ ကျောင်းရှေ့ဖက်ကို ရောက်တော့ ဆရာတော်က ကိုထွန်းပြောထားတဲ့ အုန်းပင် နှစ်ပင်ကို လက်ညှိုးထိုးပြပြီး

‘ဒကာ ဒီအုန်းပင် နှစ်ပင် ဘယ်အပင်က အသက်ကြီးသလဲကွဲ့’

အဲဒီမှာ ပြဿနာက စတော့တာပဲ။ ကျွန်တော်ကလည်း ဘုဂလန့်ကောင်။ မပြောနဲ့ ဆိုမှ ပြောချင်တာလေ။
‘တစ်ပည့်တော် အထင်တော့ အတူတူပဲ လို့ထင်တယ်ဘုရား’ ကျွန်တော့် ပါးစပ်က လွတ်ခနဲ ထွက်သွားလေ သည်။

ဆရာတော် မျက်နှာ တည်သွားလေသည်။ ကိုထွန်းက ကျွန်တော့်ကို လက်လှမ်းကုတ်လေသည်။

‘ဘာလို့လဲကွ ဒကာရ’

‘ဒီလိုပါ ဘုရား တပည့်တော်တို့ ဦးလေးက အုန်းခြံစိုက်တာလေ။ အဲဒီတော့ အုန်းပင် အကြောင်း ကို သိနေလို့ပါဘုရား။ အုန်းပင် နှစ်ပင် ကမျိုး မတူဘူးဘုရား တစ်ပင်က အပင်ပုမျိုး တစ်ပင်က အပင်မြင့် မျိုးလေ။ ပင်စည်ကို ကြည့်တာနဲ့ တပည့်တော်က သက်တမ်း အတူတူလောက်ပဲ ဆိုတာ မှန်းလို့ ရတယ်ဘုရား’

ကျွန်တော်လည်း မထူးတော့ ဟုသဘောထားက ပါးစပ်ထဲ တွေ့ကရာ လျှောက်ပြောလိုက်လေသည်။
ဆရာတော်က စိတ်ရှုပ်ဟန်ဖြင့် မေးသည်။

‘ဟုတ်ရဲ့ လားဒကာရဲ့’

‘တင့်ပါ့ဘုရား ဒီဖက်က အပင်ပုမျိုး ဟိုဖက်က အပင်မြင့်မျိုးပါဘုရား’

ဆရာတော်က

‘အိမ်းဒီလိုလား ကျုပ်တို့တော့ မကြားဖူးပေါင်’

ဟုဆိုကာ ချာခနဲ့ လှည့်ပြီး ကျောင်းပေါ်တက်သွားလေသည်။ ကိုထွန်းက ကျွန်တော့်ကို မျက်နှာ အမူအရာ နှင့် လှမ်းငေါက်လေသည်။ ကျွန်တော်ကတော့ ကိုပြောချင်တာ ပြောလိုက်ရသဖြင့် ပြုံးပြုံးကြီး လုပ်နေလိုက်သည်။
သို့သော် အကျိုးဆက်မှာကား ထမင်းစားချိန်ရောက်သော်လည်း ကျွန်တော်တို့ကို မည်သူကမှ ထမင်းစား မခေါ်ပါ။ ကပ္ပိယကြီးနှင့် ကိုရင်လေးများ ရှိသော်လည်း ဆရာတော်က ဒကာနှစ်ယောက်ကို ထမင်းကျွေးလိုက် ဦးဟု မိန့် လည်း မမိန့် စိတ်ခုသွားမှန်းလည်း သိသဖြင့် မည်သူမှ မခေါ်ရဲသော ကြောင့် ဖြစ်လေသတည်း။

ကိုထွန်းကတော့ အပြန်ခရီးတွင် တစ်ဗျစ်တောက်တောက် ပြောလာပါသည်။

‘ငါသေချာပြောထားရက်နဲ့ကွာ မင်းကတော့’

ကျွန်တော်က စောဒကတက်လိုက်သေးသည်။

‘ဟာဆရာတော်ကြီးပဲဗျ။ သည်းခံရမှာပေါ့’

‘တခြားကိစ္စတော့ သည်းခံချင်ခံမှာပေါ့ကွ’

‘အခုဟာ ကဘာဖြစ်နေလို့လဲဗျ’

‘ဟာ အခုဟာက မင်းက သူ့ဟာသူမြှင့်ထားတဲ့ ဘုန်းကံကိုသွားဆွဲချတာကိုကွ’

ဟုပြောက ကိုထွန်း ရှေ့က ထွက်သွားလေသည်။ ကိုထွန်းပြောတော့ လည်း ဟုတ်သလိုလို။ သူ့ဟာ သူတစ်ချိန်လုံး မြင့်နေတဲ့ ဘုန်းကံက ကျွန်တော်ပြောလိုက်တဲ့ အုန်းပင် အမျိုးအစားကြောင့် ကျသွားသလို ဖြစ်သွားသကိုးဗျ။

အဲ နောက်ဆုံး ရလာဒ် ကတော့ အဲဒီနေ့က ကိုထွန်းအိမ်မှာ ကြက်ဥကြော်နှင့် သာ ထမင်းစားခဲ့ရခြင်း ဖြစ်လေသည်။

အခုတစ်ခါတော့ ကျွန်တော် ပါးစပ်ဆော့မိ၍ ဆရာတော့် ကျောင်းမှ ထမင်းဝိုင်းနှင့် လွဲခဲ့ရသည် ပေါ့ဗျာ။

မိုးတိမ်ညို
ဒီဇင်ဘာ ၂၀၀၉။

Sunday, December 6, 2009

အမေ မသိသေးသော အကြောင်းများ

မဂ္ဂဇင်း ကာတွန်းတစ်ခုထဲမှာ ဒီလိုဖတ်ဖူးပါတယ်။ မိန်းမနှစ်ယောက် ဈေးက အပြန်လမ်းမှာတွေ့တော့ တစ်ယောက်ကနောက်တစ်ယောက်ကို ပြောနေတာ။

‘ကျွန်မအမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်နေတာလေ။ သားက လည်း နိုင်ငံခြားမှာပဲ။ သမီးကတော့ အဲဒီမှာ ပဲကျောင်းတက်နေလေရဲ့’
‘ဟင် ဒါဆိုရှင်က ဘာလို့ လိုက်မသွားတာလဲ’
‘အဟင်း ကျွန်မကကြွားခြင်လို့ နေခဲ့တာလေ’ တဲ့။

အဲဒီ ကာတွန်းလေးက အမေပြောပြတာပါ။ အမေကတော့ ဟုတ်မှာပေါ့လေ။ ဒါပေမယ့် အမေမသိသေးတာ တွေ အများကြီးရှိပါသေးတယ်။

‘ဟုတ်တယ် နိုင်ငံခြားမှာ လမ်းတွေတအား ကောင်းတာတဲ့။ တစ်မြို့လုံးလည်း သန့်ရှင်းနေတာပဲတဲ့။ လျှပ်စစ် မီးဆိုတာတော့ ပြောစရာကို မရှိဘူးတဲ့’

အမေကတော့ မိတ်ဆွေတွေနဲ့ တွေ့တိုင်း အဲလိုပြောလေရဲ့။ ဒါပေမယ့် အမေပြောပြောနေတဲ့ နိုင်ငံခြားမှာ တစ်အား ကောင်းနေတာတဲ့ ဆိုတာ ကျွန်တော်ကတော့ လက်မခံဘူးအမေ။ တစ်ကယ်တော့ နိုင်ငံခြားက တစ်အားကောင်းဒါမဟုတ်ဘူးဗျ။ ဒါတွေက ပုံမှန်ပဲ။ ကတ္တရာလမ်း ချိင့်ခွက်မရှိတာ ကို တကားကောင်းတယ် လို့ ပြောလို့ရမလား။ လမ်းဘေးတွေမှာ အမှိုက်မရှိတာရော တအားကောင်းနေတာလား။ လျှပ်စစ်မီး ခလုတ်ဖွင့် လိုက်တိုင်း ရှိနေတာကရော။ Bus ကားတွေ မြို့ပတ်ရထားတွေ အချိန်မှန်နေတာကရော အထူး အဆန်းလားပဲလား။ ကျွန်တော်ကတော့ အဲဒါကို အရမ်းကောင်းနေတယ်လို့ မယူဆဘူး အမေ။ ဒါတွေက ပုံမှန်လေ။ တစ်ကယ်တော့ ကျွန်တော်တို့ဆီက ပုံမမှန်ဖြစ်နေတာ။ အဲဒါကြောင့် နိုင်ငံခြား တစ်အား ကောင်းနေတယ်လို့ ပြောရင် သိပ်ဘ၀င် မကျဘူး အမေ။ နိုင်ငံခြားက ပုံမှန် ကျွန်တော်တို့ဆီက ပုံမမှန်။

သူတို့ဆီမှာ ရုပ်ဝတ္ထုပစ္စည်းတိုးတက်မှု့ကတော့ ထိပ်ပဲလေ။ ဒါပေမယ့် ကျွန်တော်တော့ ဒီမှာ အရမ်းပျော်နေပြီ။ သူတို့ နဲ့ တစ်သားထဲကျနေပြီ။ အင်တာနေရှင်နယ် စတန်းဒက် ဖြစ်နေပြီလို့ အမေထင်ရင်တော့ အမေ မှားသွား ပြီ အမေရေ။ ကျွန်တော်ဆိုတဲ့ ကောင်က အမေ့အိမ်ကို ပြန်လာဖို့ပဲ အမြဲတွေးနေတဲ့သူလေ။ မလာနဲ့ ဒီမှာ နေပူ၊ ဖုန်ထူ၊ ခြင်ကိုက်၊ မီးပျက် လို့တော့ ကျွန်တော့်ကို မပြောပါနဲ့ အမေ။ ကျွန်တော်က အဲယားကွန်းခန်း ကိုမုန်းလို့ နေရောင်ခြည်လေး လိုချင်နေတဲ့သူ၊ လေအဝေ့မှာ ဖုန်နံ့လေးရှူနေရတာကို air fresher နံ့ထက်ပို ကြိုက်တဲ့သူ၊ အမှောင်ထဲမှာ ထိုင်ပြီး ယက်တောင်လေးနဲ့ ခြင်ရိုက်ပြီး စကားပြောရတာကို ပို သဘောကျနေတဲ့ သူဆိုတာ အမေမသိပါဘူးလေ။

တစ်ချို့ကတော့ ပြောကြတယ်။ နိုင်ငံခြားမှာက အရည်အချင်းရှိဖို့ပဲ အရည်အချင်းရှိရင် အားလုံးတန်းတူပဲတဲ့။ အခုကမ္ဘာကြီးက Globalization ဖြစ်နေပြီတဲ့။ နေရာဒေသလေးတစ်ခုကို စွဲလမ်းနေလို့ မဖြစ်ဘူးတဲ့။ ရေကြည် ရာမြက်နုရာမှာ တိုးတက်အောင်နေရမှာပဲတဲ့။ တစ်ခုတော့ မေးပါရစေ။ ကမ္ဘာကြီးက တစ်ကယ့်ကို ကမ္ဘာ့ရွာကြီး ဖြစ်နေပြီလား။ လူမျိုးရေး ခွဲခြားမှု့တွေ မရှိတော့ဘူးလား။ ကျွန်တော့်မေးခွန်းကို သေချာဖြေကြည့်ပါ။ အမေရေ ကျွန်တော်တော့ ကမ္ဘာကြီးက နည်းပညာတစ်ခုကလွဲလို့ ဘယ်နေရာမှ တကယ် Globalize မဖြစ်သးဘူးလို့ ထင်တယ် အမေ။ ကျွန်တောတို့လို နိုင်ငံက လာတဲ့သူတွေကို ရုပ်ဝတ္ထုပစ္စည်း တိုးတက်နေတဲ့ နိုင်ငံတွေက သူတွေက (လူများစုပါ။ လူအားလုံးကို မဆိုလိုပါ) ဘယ်လိုမြင်တယ်ဆိုတာ့ အမေမသိသေးပါဘူးဗျာ။ ဒါတွေထားလိုက်ပါတော့။ အသေးစိတ်တွေ ပြောပြနေရင် အမေစိတ်မကောင်းဖြစ်နေမှာ။

တစ်ခါတစ်လေကြတော့ ကိုယ့်ကိုကိုယ် စက်ရုပ်တစ်ခုလိုထင်လာမိတယ်။ အလုပ်လုပ်နေတာ တစ်ကယ်ကို ထမင်းစားဖို့အတွက်လိုဖြစ်နေလို့ အမေ။ အရင်တုန်းက အမေ့အိမ်မှာ နေရင်းအလုပ်လုပ်ရတာကု အဓိပ္ပာယ် လေးတစ်ခုခု ရှိနေသလိုပဲ အမေ။ အခုတော့ ဘာမှ အဓိပ္ပယ် မရှိသလိုပဲ။ ကိုယ့်နိုင်ငံမှာ လုပ်တာကမှ ကိုယ့်လူမျိုး ကိုယ့်မွေးရပ်မြေအတွက် ဟုတ်ဟုတ် မဟုတ်ဟုတ် တစ်ခုခုတော့ အကျိုးရှိဦးမယ် အမေ။ ကျွန်တော့် ကိုလူမျိုးရေး အမြင်ကျဉ်းတယ်လို့ ပြောရင်းလည်း ကျေကျေနပ်နပ်ကြီး ခံပါမယ်ဗျာ။ အဲလောက် နိုင်ငံနဲ့ လူမျိုးကို ချစ်နေရင် ဘာလို့ထွက်လာသေးလဲကွာကို အပြစ်တင်မစောပါနဲ့။ လူ့ဘ၀မှာ လူတန်းစေ့ လေးတော့ နေချင်တယ်လေ။ အင်း ခက်တာက အခုလိုနေနိုင်စားနိုင်အောင် အမေ့အိမ်က မှာ နေပြီး ကျွန်တော် မရှာနိုင်ဘူး အမေရေ။ ကျွန်တော်ကပဲ ညံ့လွန်းလို့ပဲလား။ ရေကြည်ရာ မြက်နုရာဆိုရင် ကျွန်တော်တို့ဆီမှာ ရေတွေနောက်နေလို့လား။ မြက်တွေကခြောက်နေလို့လား။ ကျွန်တော် မစဉ်းစား တတ်ဘူးအမေရေ။
အမေမသိသေးတာတွေ အများကြီးရှိပါသေးတယ်ဗျာ။

ဥပမာ ဒစ်ဂျစ်တယ် နိုးစက်သံက ဘယ်လောက်မုန်းစရာကောင်းတယ် ဆိုတာ အမေခံစားဖူးမှ သိလိမ့်မယ် အမေ။ အမေတို့ဆီမှာ လူတွေ ဂုဏ်ယူဝင့်ကြွားစွာကိုင်နေတဲ့ ဟန်းဖုန်းဆိုတာ ကျွန်တော့် အတွက်တော့ နွားခလောက် တစ်လုံးနဲ့ ဘာမှ မထူးဆိုတာ အမေ မသိပါဘူး အမေ။ ဒီမှာ ရုပ်ဝတ္ထုပစ္စည်းအရ အများကြီးကောင်းတယ် ဆိုတာတော့ ကျွန်တော် မငြင်းပါဘူးအမေ။ ဒါပေမယ့်ဗျာ စာရေးဆရာတစ်ယောက် ပြောဖူးသလိုပေါ့။

‘ငှက်လှောင်အိမ်ကြီးကိုပဲ ဆေးသုတ်ပြီး အထဲက ငှက်ကလေးကို အစာမကျွေးရင် ဘာအဓိပ္ပာယ်ရှိမှလဲ’ တဲ့။

ဒီမှာတော့ ရွှေပိန်းချလှောင်အိမ်ကြီးတွေ ထဲက ပိန်လှီနေတဲ့ ငှက်ကလေးတွေ အများကြီး တွေ့ခဲ့ရလို့ အဲလိုတော့ မဖြစ်ချင်ဘူးအမေရေ။

ကျွန်တော်ကတော့ အချိန်တန်ရင် အမေ့အိမ်ကို ပြန်လာနိုင်အောင် ကြိုးစားနေတာ။ အမေရေ။ ငါ့သားက နိုင်ငံခြားမှာ အရမ်းအဆင်ပြေနေတာလို့ မကြွားပါနဲ့တော့ ဗျာ။ ငါ့သားက အမေ့အိမ်ကို တအားခင်တွယ်တာ လို့ပဲ ကြွားလိုက်စမ်းပါ။

အခြေအနေ တစ်ခုရောက်ရင် ကျွန်တော်ပြန်လာမှာပါအမေ။ ဘာအခြေအနေလဲလို့ တော့ မမေးပါနဲ့ အမေ။ အခြေအနေတစ်ခုပေါ့။…....

မိုးတိမ်ညို
ဒီဇင်ဘာ ၂၀၀၉

Friday, December 4, 2009

ကျွန်ုပ်ကြည်နူးလိုက်ပုံမှာ ပြောဖွယ်ရာမရှိချေ

‘၀က်သားကင်များစားဖြစ်သော အခြေအနေသို့ရောက်သည်နှင့် တစ်ပြိုင်နက် ကိုဝင့်မော်သည် နာရေးဖျားရေးအတွက် ဆေးဝါးအဖြစ် ယူဆောင်လာခဲ့သည့် အိက္ကရှော ဘရန်နီတစ်လုံးကိုထုတ်လေသည်။ ကျွန်ုပ်ကြည်နူးလိုက်ပုံမှာ ပြောဖွယ်ရာမရှိချေ။’ ဆရာကြီးရွှေဥဒေါင်း (တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ)

ဆရာကြီးရွှေဥဒေါင်း၏ အထက်ပါ စာပိုဒ်ကို ဖတ်ပြီး လှိုက်လှိုက်လှဲလှဲ ပြုံးမိပါသည်။ သြော်ဆရာကြီးနဲ့ ကြံဖန်ပျော်တတ်ပါလားဟု ထင်မိပါသည်။ သေချာတွေးကြည့်လိုက်တော့ ဆရာကြီးရွှေဥဒေါင်းက လက်ရှိအချိန်ကို ကျေနပ်အောင် နေတတ်ပါလားဟု သဘောကျမိပါသည်။ ထိုစာပိုဒ်ကို ထပ်ခါထပ်ခါ ပြန်ဖတ်ကြည့်တော့ ဆရာကြီး၏ ကြည်နူးမှု့က ကျွန်တော်ထံသို့ပင် ကူးစက်လာသည်ဟု ခံစားမိပါသည်။
ကျွန်တော်လည်း အဲလိုကြည်နူးချင်လိုက်တာ။ အဲလို ကြည်နူးမှု့ ခံစားရသည့် အချိန်မှာ ကျွန်တော့် အတွက်တော်တော်ရှားပါးနေလေသည်။ ကြည်နူးစရာ တွေမရှိများမရှိလို့လား။ ကိုယ် ကိုယ်တိုင်ကပဲ မခံစားတတ်လို့လား။ မေးခွန်းထုတ်ကြည့်တော့ ကိုယ်တိုင်ကိုက မခံစားတတ် လို့ ဖြစ်သည် ဟူသော အဖြေရပါသည်။ အင်္ဂလိပ်စကားတစ်ခုလည်း ကြားဖူးပါသည်။ Relish the moment တဲ့။ လက်ရှိအချိန် ကိုခံစားပါလို့ အနီးစပ်ဆုံး ဘာသာပြန်လို့ရမည်ဟု ထင်ပါသည်။ ဟုတ်တယ်ဗျ။ အခုအချိန်မှာ ဘာလုပ်နေနေ အဲဒီဟာလေးကို ခံစားနိုင်ရင် စိတ်ချမ်းသာမှာပဲ။

အဲဒီတော့ ကျွန်တော့် သူငယ်ချင်းများကို ထိုအကြောင်း ပြောပြပြီး မေးကြည့်မိသည်။ သူတို့ရော အဲလိုမျိုး ကြည်နူးမှု့မျိုးကို မကြာမကြာရဘူးလားလို့။

တစ်ယောက်က အောက်ပါအတိုင်းပြောလေသည်။

‘မနက်ခင်းစောစော အိပ်ယာမှ နိုးနိုးခြင်း လက်ဖက်ရည်ဆိုင်သို့ ထွက်လာပြီး တစ်နေရာမှာ ကျကျနနထိုင်ကာ လက်ဖက်ရည် ကျကျတစ်ခွက်ကို မှာလိုက်ပါသည်။ စာပွဲထိုးကလေးယူလာပေးသော လက်ဖက်ရည်သည် အငွေ့ တစ်ထောင်းထောင်းထနေပြီး မလှိုင်ဖတ်ကလေးများပင် ဝေ့နေသည်ကို တွေ့ရလေသည်။ ကျွန်နုပ် ကြည်နူးလိုက်ပုံမှာ ပြောဖွယ်ရာ မရှိတော့ချေ။’

သူဟာနဲ့သူတော့လည်း ဟုတ်နေတာပဲ။ နောက်တစ်ယောက်ကလည်း အားကျမခံပြောလေသည်။

‘ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အားလပ်ရပ်တစ်ရက်တွင် မဆုံဖြစ်တာကြာပြီဖြစ်သော မိတ်ဆွေတစ် ယောက်မှ ဘီယာဆိုင်တွင် ဆုံရန်ဖုန်းဆက်ချိန်းလေသည်။ ကျွန်ုပ်ကြည်နူးလိုက်ပုံ မှာ ပြောဖွယ်ရာ မရှိတော့ ချေ။’
နောက်တစ်ယောက်ကတော့ ထူးထူးခြားခြား ဆရာကြီး ရွှေဥဒေါင်းနှင့် ဆရာမင်းသိင်္ခ ကိုပေါင်းပြီး ပြော လေသည်။

‘ကျွန်ုပ်မောင်….. သည် မာဒီးနီဆိုသော အီတာလျှံလုပ်ဖိနပ်ကိုစီးပြီး ဂျော်ရန်းနိုးဟု တွင်သော ကျောပိုးအိတ်ကိုလွယ်ကာ စင်ကပူရဟူခေါ်တွင် သောခြင်္သေ့ နိုင်ငံသို့ အသက်မွေးမှု့အလုပ် အကိုင်တစ်ခု ရှာဖွေရန် ခရစ်သက္ကရာဇ် ၂၀၀၇ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံလေဆိပ်မှ ပိုးသားလေကြောင်းဟု ခေါ်သော ဆင့်အဲယား လေယာဉ်ပျံ ကြီးဖြင့်ထွက်ခွာခဲ့လေသည်။ အနှီလေယာဉ်ပျံပေါ် တွင်ကျွေးမွေး သောစားသောက်ဖွယ် ရာများမှာ ကောင်းမွန်သည်ကတကြောင်း နိုင်ငံခြားငွေ များစွာပေး ၍၀ယ်ထားသော လေယာဉ်လက်မှတ်ဖိုး တန်ပါစေတော့ဟုမှတ်ယူသည် ကတစ်ကြောင်းတို့ကြောင့် ကျွန်ုပ်မှာ ဗိုက်ကားအောင်စားသုံးလိုက် သဖြင့် နှစ်နှစ်ချိုက်ချိုက် အိပ်မောကျသွားလေရာ စင်ကပူရနိုင်ငံ သို့လေယာဉ်ပျံ ငြိမ့်ခနဲ ဆိုက်ရောက်မှသာ နိုးလေတော့သည်။ စင်ကာပူရမြေပေါ်သို့ ရောက်ရှိပြီး အင်မီကရေးရှင်း ဟုခေါ်သော လူအ၀င်အထွက် စစ်ဆေးရေးဂိတ်တွင် အစစ်အဆေးခံရန် ခေတ္တမျှစောင့်ဆိုင်းရသည်။ကျွန်ုပ်၏ အလှည့်သို့ ရောက်လတ်သော် ကျွန်ုပ်က အသင့်ပါလာသော စာရွက်စာတမ်းများ ကို ပေးလိုက်ရာ ထိုအရာရှိမှ တိကျစွာစစ်ဆေးပြီး အသင်မည်သည့် ကိစ္စနှင့်လာရောက်သနည်းဟု အဓိပ္ပယ်ရသော မေးခွန်းကို အင်္ဂလိပ်ဘာသာစကားဖြင့် မေးရာ ကျွန်ုပ်ကလည်း အလွန်ပီသစွာသော အင်္ဂလိပ်ဘာသာ စကားဖြင့် လာရောက်လည်ပတ်သည်ဟုဖြေ လိုက်ရာ ထိုအရာရှိမှ တစ်ချက်မျှသာ မော့ကြည့်ပြီး ၀င်ရောက်ခွင့်ပြုသည်ဟူသော အဓိပ္ပာယ်ပါရှိသည့် ရာဘာတံဆိပ်တုံး ကို ဒုံးခနဲ့မြည်အောင် ထုချလိုက်လေတော့ သတည်း။ ကျွန်ုပ်ကြည်နူးလိုက်ပုံ မှာပြောဖွယ်ရာ မရှိတော့ချေ’ တဲ့ဗျာ။

ကဲဘာရယ် မဟုတ်ပါဘူးဗျာ။ စိတ်ညစ်စရာတွေရှိနေရင် ကြည်နူးစရာလေး စဉ်းစားကြည့်ရအောင် ဟိုရောက် ဒီရောက် လျှောက်ရေးလိုက်တာပါ။ ပေါကြောင်ကြောင် ဖြစ်နေရင်လည်း ဆောရီးပါပဲဗျာ။
မိုးတိမ်ညို
ဒီဇင်ဘာ ၂၀၀၉

Monday, November 30, 2009

MRT စီးခြင်း အနုပညာ

MRT စီးခြင်း အနုပညာ ဟုဆိုသဖြင့် ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါ။ MRT စီးရင်း တွေးမိသည်များကို ချရေးထားခြင်းသာ ဖြစ်ပါသည်။ ကျွန်တော် MRT စီးသွားဖြစ်သည့် အချိန်များတွင် MRT ပေါ်တွင် တွေ့ရသော လူအမျိုးမျိုးကို ဟိုငေးဒီငေး ငေးရင်းဖြင့်သော်လည်းကောင်း၊ ငိုက်မြည်းလျှက်သော် လည်ကောင်း၊ သီချင်းတစ်ပုဒ်ပုဒ်နားထောင် လျှက်သော် လည်းကောင်း စီးလေ့ရှိပါသည်။ MRT ပေါ်တွင် တွေ့ရသော လူများမှာလည်း အမျိုးမျိုးအထွေထွေ၊ အသက်ကြီးသူ ငယ်သူ မိန်းမ ယောက်ကျား တစ်ချို့ကသုတ်သုတ် သုတ်သုတ် တစ်ချို့က လေးလေးပင်ပင် တစ်ချို့က စကားဖောင်ဖွဲ့လျှက် တစ်ချို့က တိတ်တိတ်ဆိတ်ဆိတ်။ MRT ပေါ်တွင် ယျေဘူယျ ကြည့်ပါက မတ်တပ်ရပ်လျှက် စီးသူများသည် ထိုင်စီးသူများထက် ပိုများပါသည်။ ထိုင်ခုံ အရေအတွက်မှာ နည်းသောကြောင့်ဟု ထင်ပါသည်။

ကျွန်တော်အနေနှင့်တော့ MRT ကို ထိုင်စီးသည်မှာ အလွန်နည်းပါသည်။ ဒါလည်း ကိုယ့်အကြောင်းနှင့်ကိုယ် သာဖြစ်ပါသည်။ အမြဲတမ်းထိုင်နေရသော အလုပ်လုပ်ရသဖြင့် အပြင်ထွက်သည့်အခါလေးတွင် မတ်တပ်ရပ် လျှက် နေချင်သည်။ ထို့အပြင် MRT ပေါ်တွင် ထိုင်စရာနေရာရဖို့ဆိုသည်မှာ အခြားသူများနှင့် အနည်းနှင့် အများတော့ လုရသည်သာဖြစ်သည်။ ထိုသို့လည်း နည်းနည်းလေးမှ လုချင်စိတ်က မရှိ။ ၄င်းအပြင် မိမိထက် ပို၍ ထိုင်ရန်လိုအပ်သော သူများကိုလည်း ထိုင်ပါစေတော့ ဟူသော စေတနာ လည်းရာနုန်း တော်တော်များများ ပါ သည်ဟု ထင်ပါသည်။ တစ်ချို့တွေ့ရသောသူများကတော့ MRT ပေါ်ရောက်သည်နှင့် ထိုင်ရမည့်နေရာကို မျက်လုံးဒေါက်ထောက်ပြီးရှာကြပါသည်။ နေရာတစ်ခုလောက်လွတ်ရင်း လျှပ်ပျက်သလို အမြန်နုန်းနှင့် စွေ့ကနည်း ၀င်ထိုင်တတ်ကြပါသည်။

ဒီနေ့ MRT စီးတော့ သန့်သန့်ပြန့်ပြန့် ၀တ်စားဆင်ယဉ်ထားသော လူလတ်ပိုင်း အရွယ်တစ်ဦးကို သတိထားမိပါသည်။ သူက ရထားပေါ် စတတ်လာကတည်းက ထိုင်ရန်နေရာကို မျက်လုံးဒေါက်ထောက်ကာ ဦးရန် ပြင်နေပါသည်။ စရပ်ကတည်းက ထိုင်ခုံများရှိရာနေရာ အနီးတွင် အသင့်အနေအထား နှင့်ရပ်နေပါသည်။ သူ့ပုံစံကြည့်ရသည်မှာ တာထွက်တော့ မည့် အပြေးသမားကဲ့သို့ အသင့်ရှိနေပါသည်။ ကျွန်တော်နှင့်တော့ ဆန့်ကျင်ဘက်ဖြစ်ပါသည်။ ကျွန်တော်ကတော့ လူရှုပ်သည့် ထိုင်ခုံများနှင့် ခပ်ဝေးဝေး ချောင်တစ်ချောင်တွင် သာ ခပ်ဆိပ်ဆိပ်ရပ်လျှက် စီးပါသည်။ မည့်သည့်ထိုင်ခုံကိုမှလည်း ဦးရန်စိတ်ကူး မရှိသောကြောင့် ဖြစ်သည်။

ကျွန်တော်သူ့ကို သာသတိထား ကြည့်မိနေပါသည်။ ခဏကြာသော် သူ့ရပ်နေသော နေရာ အနားမှ လူတစ်ယောက်ထသွားတော့ သူက ထိုထိုင်ခုံကို အလျှင် အမြန်ဝင်ထိုင်လိုက်ပါသည်။ ကျွန်တော်သူ့ကို ကြည့်ပြီး ပြုံးမိပါသည်။ သြော် ဒီနေရာလေး ခဏထိုင်ဖို့ အတွက် ဒီလောက်တောင် ကြိုးစားရသလားပေါ့။ ခဏနေတော့ ကျွန်တော့် အထင်နည်းနည်းမှားသွားသည်ဟု ထင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ဘူတာ တစ်ခုတွင် ဘွားဘွားတစ်ဦးတက်လာတော့ သူက ရုတ်တရက် ထပြီး ထိုဘွားဘွားကို နေရာ အလျှင် အမြန်ပေးပါသည်။ ဒီလိုဆိုတော့ လည်း ဘယ်ဆိုးလို့တုံး ဟု ကျွန်တော် တွေးမိပြန်သည်။

အတန်ကြာတွင် ဘူတာတစ်ခုတွင် ထိုဘွားဘွားဆင်းသွားတော့ သူက ထိုနေရာကို အလျှင် အမြန်ပြန်ဦးပြန်ပါသည်။ ထိုဘွားဘွားကတော့ သူ့ကို ကျေးဇူး ကျေးဇူး ဟု တစ်ဖွဖွပြောရင်း ဆင်းသွားပါသည်။ခဏကြာတော့ အန်ကယ်ကြီးတစ်ဦးတက်လာပြန်လေသည်။ ထိုအခါတွင်လည်း သူက အလျှင်အမြန် ထပေးပြီး ထိုအန်ကယ်ကြီးကို နေရာပေးပြန်လေသည်။ အနီး အနားမှာ လူများကလည်း သူ့ကို ကြည့်ပြီး တော်တော် တော်တဲ့ ကောင်လေးဟု မှတ်ချက်ချနေသယောင်ထင်မိပါသည်။

ဗုဒ္ဓဘာသာ အလိုအရဆိုလျှင် ထိုသူသည် ယနေ့အဖို့ တော်တော်ကုသိုလ်ရနေပြီဟု မြင်မိပါသည်။ ထိုသို့ တွေးမိမှ ကျွန်တော်ဒုက္ခကောင်းကောင်းရောက်ပါတော့သည်။ အဖြစ်ကဒီလိုပါ။ သူကကုသိုလ်တွေ ရပြီဆိုပါတော့။ သူက သူများတွေနှင့် နေရာအလုအယကက်ဦးပြီး ထိုင်သည့် အချိန်တွင် ထိုင်ရသေးသည်။ ကျွန်တော်ကတော့ အစကတည်းက သူများတွေ ထိုင်ပါစေတော့ ဟုသော စေတနာ ဖြင့် နေရာ မဦးခဲ့။ တစ်ချိန်လုံး မတ်တပ်ရပ်လိုက်ရသည်။ သူ့လို ကိုယ်ထိလက်ရောက် မကူညီပေမယ့် စေတနာကတော့သူ့ထက် မနည်းပါ။ ထိုသို့ဆိုလျှင် သူကကုသိုလ်ရပြီး ငါ့ ကြတော့ ကုသိုလ်မရဘူးလားပေါ့။ ငါကပိုတောင် အပင်ပန်းခံရသေးတယ်ပေါ့။ တစ်ချိန်လုံး ရပ်လိုက် ရတာလေ။ ကျွန်တော် အတွေးနယ်ချဲ့နေမိသည်။

နောက်ဘူတာရောက်တော့ သူလည်း ဆင်းသည် ထိုအန်ကယ်ကြီးလည်း ဆင်းသည်။ သူကရထား အထွက်မှာ ထိုအန်ကယ်ကြီးကို တွဲများပင် ခေါ်သွားလိုက်သေးသည်။ ထိုအန်ကယ်ကြီးကလည်း မြန်မာလို ဆိုရင်တော့ သာဓုတစ်ခေါ်ခေါ်ပေါ့။ ပတ်ဝန်းကျင်မှ လူများကလည်း ပီတိမျက်လုံးများနှင့် ကြည့်နေသလိုလို။ ကျွန်တော် တွေးရင်း မနာလိုသလိုဖြစ်လာသည်။ တစ်ခုခုတော့ မှားနေသလိုလို။ သေချာစဉ်းစားကြည့်လိုက်တော့ ဒါလူရည်လည်တာပဲ ဟုတွေးမိသည်။ သူများကို ကူညီချင်လျှင် ကိုယ်က ကူညီနိုင်တဲ့ နေရာရောက်အောင် အရင်လုပ်ပေါ့။ ကိုယ့်မှာ ဘာမှ မရှိပဲ သူများကို ကူညီဖို့ဆိုတာ မဖြစ်နိုင်။ အဲတစ်ခုခုရှိဖို့ဆိုလျှင် နည်းနည်းတော့ တွန်းတွန်းတိုက်တိုက်ကြိုးစား ရမည်ပေါ့။ အခုတော့ ကိုယ်က ကူညီချင်စိတ်ရှိတယ်ဆိုရင်တောင် ကိုယ်ကူညီတာက လူမသိသူမသိ။ အင်း ကူညီတာက လူသိဖို့လည်း မလိုပါဘူးလေဟုလည်းတွေးမိသည်။ ဒါပေမယ့် သူ့ကူညီပုံမျိုးက ပိုအကျိုး ရှိသလိုလို။ သူနဲ့ ကျွန်တော်နဲ့ အခွင့်အရေးအတူတူရပေမယ့် သူကအဲဒီအခွင့်အရေးကို ပိုအကျိုးရှိအောင် အသုံးချနိုင်တာပဲ။ အပြင်လောကမှာဆို ဒီလူတော်တော်အောင်မြင်မှာပဲ လို့ မဆီမဆိုင်တွေးမိသေးသည်။

ကျွန်တော်တွေးရင်းတွေးရင်း သဘောကျလာသည်။ အင်းငါလည်း သူ့လိုလုပ်ကြည့်ဦးမှဆိုပြီး ထိုင်ခုံတွေရှိသည့် နေရာ အနားသို့ မသိမသာရွေ့သွားသည်။ နေရာတစ်နေရာလွတ်တော့ စွေ့ကနည်း ၀င်ထိုင်လိုက်ပါသည်။ အင်းပထမအဆင့်တော့ အောင်မြင်သွားပြီ။ ငါသူများကို ကူညီဖို့နေရာတစ်နေရာရသွားပြီ ဟုတွေးပြီး ကျွန်တော့်ကို ကျွန်တော် ကျေနပ်နေမိသည်။
ထိုသို့အတန်ကြာကျေနပ်နေစဉ် လူတစ်ချို့ ကျွန်တော့်ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသည်ဟု ထင်လာမိလေသည်။ ထိုကြောင့် ပတ်ဝန်းကျင်ကို ကျွန်တော်အတန်ငယ် ဝေ့ကြည့် လိုက်လေ၏။ ထိုသို့ ကျွန်တော်အလန့်တကြား ကြည့်လိုက်မှ ဟုတ်ပါ့ဗျား ကျွန်တော့် အနားမှ တောင်ဝှေးနှင့် အန်ကယ်ကြီးတစ်ယောက် တုန်ချိတုန်ချိနှင့် ရပ်နေလေသည်။ ဘယ်အချိန်ကတက်လာမှန်း မသိ။ ခက်တာပဲ။ တကယ့်ကို ကျွန်တော့် ဘေးမှာ။ ကျွန်တော့် အတွေးနဲ့ ကျွန်တော်မို့လို့ မမြင်မိတာဗျာ။ သေချာကြည့်တော့ နေရာ ဖယ်အပေးသင့်ဆုံးသူက ကျွန်တော်။ ပြီးတော့ ကျွန်တော်ထိုင်ထားတာကလည်း Priority Seat ဖြစ်နေလေရဲ့ဗျာ။ ကျွန်တော်ကပဲ အန်ကယ်ကြီးနှင့် နေရာလုနေသလို။ ကျွန်တော် ရှက်ရှက်နှင့် အလျှင်အမြန် ထပေးလိုက်ရလေသည်။ အန်ကယ်ကြီးကလည်း ၀တ်ကျေတန်းကျေ ကျေးဇူးပဲဟု ပြောလေသည်။ သူကလည်း ထင်မပေါ့။ ဒီသူငယ်နဲ့ မကောင်းတတ်လို့ ထပေးတယ်။ မသိတတ်လိုက်တာလို့။ ကျွန်တော်တော်တော် စိတ်ညစ်သွားသည်။

အင်း တရားရှာကိုယ်မှာသာတွေ့ဆိုသလိုပေါ့။ ကျွန်တော့်အမှားပဲလေ။ ကျွန်တော်က မမြင်တာပဲ။ ကူညီချင် ရုံနဲ့ တော့ မရသေးဘူး။ လည်ဦးမှ။ နပ်ဦးမှ။ အထာသိဦးမှ။ ဟိုတစ်ယောက်က ငါ့ထက်လည် လို့ နပ်လို့ အိုကေတာပဲ။ ငါကသူ့လို မရည်အချင်းမရှိတော့ ခံပေါ့ ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်ရပါသည်။ သူများလို အရည်အချင်းမရှိပဲနဲ့ မတုနဲ့လေဟု ကိုယ့်ကိုကိုယ်ဆုံးမရပါသည်။ သူ့လိုလုပ်ချင်ရင်လည်း ရထား ကို ကိုယ့်အတွေးလေနဲ့ ကိုယ်အေးအေးလူလူစီးရမည်မဟုတ်။ ရှေ့တန်းမှာ ကင်းစောင့်နေသော စစ်သားတစ်ယောက်လိုက် မျက်လုံးပြဲနေအောင်ကြည့် နေရမည်ဖြစ်သည်။ ဒါမှ မဟုတ်ရင်လည်း ဘယ်သူလာလာ ဖယ်မပေးစတန်း ဖာသိဖာသာ စီး။
နေပါစေတော့။ ဘယ်သူသိသိ မသိသိ ကုသိုလ်ရရ မရရ နေပါစေတော့။ ကိုယ့်စတိုင်နဲ့ကိုပဲလေ။

ထိုနေ့မှစ၍ကျွန်တော် ရထားပေါ်တွင် ထိုင်ဖို့ မကြိုးစားတော့ ပါခင်ဗျား။ မိတ်ဆွေသူငယ်ချင်းများအနေနှင့် ယနေ့မှစ၍ ကျွန်တော် MRT စီးသွားသည်ဟု ကြားမိပါက ခရီးသည်များ အကြားတွင် တစ်နေရာရာကို မှီပြီး မတ်တပ်ရပ်လျှက် ငိုက်မြည်းနေသော သူတစ်ယောက် အဖြစ်သာ မြင်ယောင်ကြည့်ကြပါကုန်။

မိုးတိမ်ညို
ဇွန်၊၂၀၀၉

Monday, November 23, 2009

လွတ်မြောက်ရာလမ်းကို ရှာဖွေကြသူများ

အထက်ပါပုံကို ရုတ်တရက်ကြည့်မိလျှင် အမေဇုံတောမှ လူသားစားလူရိုင်းများ၏ပုံလော ဟုထင်စရာရှိပါသည်။ မဟုတ်ပါ။ ဤပုံ သည် ဒါရိုက်တာ Bernardo Bertolucci ရိုက်ကူးသော Little Buddha (1993)ဇာတ်ကားထဲမှ ဘုရားမပွင့်မှီ အချိန် တွင်တွေ့ရသော ပဉ္စ၀က္ကီ ငါးဦး၏ ပုံဖြစ်ပါသည်။ အကယ်၍ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆိုလျှင် ဤနေရာတွင် ပင်နှလုံးခုန် ရပ်သွားနိုင်ပါသည်။


မြန်မာဗုဒ္ဓစာပေများ အရ ပဉ္စ၀က္ကီငါးဦးတို့ ၏သရုပ်ဖော်ပုံများကို ဖော်ပြရာတွင် သင်္ကန်း အပြည့်အစုံ ဦးပျည်း ကတုံးနှင့် ကြည်ညိုဖွယ်ရာသာ ဖော်ပြကြပါသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓ စာပေများရှိ ပဉ္စ၀က္ကီငါးဦးပုံတို့မှာ ဘုရားပွင့်ပြီး အချိန် ကိုသာရည်စူး သရုပ်ဖော်ထားခြင်း ဖြစ်သောကြောင့်ဟု ထင်ပါ သည်။ သို့သော် ဘုရားပွင့် ပြီးပြီးချင်း အချိန် ဓမ္မစကြာ တရားဦးကို ဗောဓိပင် အောက်၌ ဟောကြား တော်မူ သော အချိန်တွင် ထို ပဉ္စ၀က္ကီငါးဦးတို့ ၏ပုံမှာ သင်္ကန်း၊ဦးပျည်း ကတုံးဖြင့် ဖြစ်နိုင်ပါသလား။ သို့မဟုတ် အထက်ပါပုံ အတိုင်းဖြစ်နိုင်ပါသလား။

ကျွန်ုပ်တို့ လက်လှမ်းမှီသလောက် စဉ်းစားကြည့်သော် ဘုရားပွင့်တော်မူသော နေရာသည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဘက် (ယခု နီပေါနိုင်ငံ)၊ 485BC ၊ထိုအချိန်က ယခုခေတ် သံဃာ ကဲ့သို့သော အဆင်အပြင်မှာ မပေါ်သေး၊ ထိုအချိန်က အိန္ဒိယတွင် စိတ်အကျင့် ကိုကျင့်သောသူများ ၊လွတ်မြောက်ရာ လမ်းကြောင်းကို ရှာသူများသည် ယခုခေတ် ကျွန်ုပ်တို့သိသော ဆာဒူးကဲ့သို့သော ပုဂ္ဂိုလ်များ သာဖြစ်နိုင်လေသည်။ သံဃာဆိုသည် မှာ ဘုရားပွင့်ပြီးမှ ပေါ်လာခြင်းဖြစ်သည် ဟုဖတ်ဖူးပါသည်။ သို့ဆိုလျှင် ပဉ္စ၀က္ကီငါးဦး၏ပုံမှာ အထက်ပါပုံးအတိုင်း ဖြစ်နေမယ်လား။ နောင်တွင်မှ သင်္ကန်းနှင့် ဦးပျဉ်းနှင့် ကြည့်ညိုဖွယ်ရာ ဖြစ်လာသလော။

ပဉ္စ၀က္ကီငါးဦး၏ပုံမှာ မည်သို့ပင်ဖြစ်စေကာမူ အရေးမကြီးပါ။ အဓိကကျသည်မှာ ဗုဒ္ဓတရား တော်သာ ဖြစ်သည်ဟု မိတ်ဆွေအနေနှင့် စောဒကတတ်နိုင်ပါသည်။ ထိုအချကိကိုည်း လက်ခံပါသည်။ သို့သော်လည်း ထိုခေတ်က ပထမဆုံးသော ဗုဒ္ဓ၀ါဒကို လက်ခံသူများ သည် အဘယ်ကဲ့သို့သော သူများဖြစ်သနည်းဟု လေ့လာသင့်သည်ဟု ထင်ပါသည်။

ထိုကြောင့် ဓမ္မစကြာတရားဦး ဟောသည့် ပုံစံ ကို သရုပ်ဖော်ရာတွင် မည်သည့်ပုံစံကို သရုပ်ဖော်သင့်သနည်း။ ယခင်ပုံစံအတိုင်း ကြည်ညိုဖွယ်ရာ သံဃာများ၏ ပုံစံသရုပ်ဖော်လျှင် အပြည့်အ၀ မှန်နိုင်မည်လား။ အကယ်၍ အထက်ပါပုံ အတိုင်း သရုပ်ဖော်လျှင်ရော ဗုဒ္ဓဘာသာဝင်များ မည်ကဲ့သို့ သဘောထားမည်နည်း။ ပိုပြီး အကျိုးရှိမလား၊ မရှိဘူးလား။ စဉ်းစားကြည့်ဖို့ဖြစ်ပါသည်။


ကိုးကား http://www.buddhist-temples.com/gautam-buddha.html
http://en.wikipedia.org/wiki/Buddhism
မိုးတိမ်ညို
ဒီဇင်ဘာ၊၂၀၀၈။

Sunday, November 1, 2009

ပျော်ရွင်မှု့ ဆိုသည်မှာ

ငယ်ငယ်ကပျော်စရာတွေ တော်တော်များခဲ့သည်

၁။ အဖေခရီးထွက်ရာမှ ပြန်လာလျှင်ပျော်သည်
၂။ အိမ်ကဘူးပင်တွင် ဘူးသီးသီးလျှင်လည်းပျော်သည်
၃။ အိမ်ကကြောင်မ ကြောင်လေးတွေမွေးတော့လည်းပျော်ခဲ့ဖူးသည်။
၎။ သီတင်းကျွတ်တွင် ဖယောင်းတိုင်များထွန်းရတာကိုလည်း ပျော်သည်။
၅။ တီဗွီမှ ကာတွန်းကာလာသည်ကိုလည်း ပျော်သည်။
၆။ သိုင်းဝတ္ထုဖတ်ရတာကို လည်းပျော်သည်။
၇။ ………….ပျော်သည်။
၈။…………..ပျော်သည်။
…….
…….
ထိုသို့ စဉ်းစားကြည့်လိုက်ပါက ငယ်ငယ်ကပျော်စရာတွေ တော်တော်များခဲ့သည်ကို တွေ့ရလေသည်။ ယခု အသက်အရွယ်အတော်အတန်ရလာသော်အခါတွင်ပျော်စရာ အတော်နည်းသွားခဲ့လေပြီ။ ကျွန်တော်သေချာ စဉ်းစား ကြည့်သည်။ ဘာကြောင့် မပျော်တော့ သလဲဟု။ အိမ်ကဘူးပင်တွင် ဘူးသီး မသီးတော့၍လား။ တွီဗွီမှ ကာတွန်းကား မလားတော့ဘူးလား။ သိုင်းဝတ္ထု မဖတ်ဖြစ်လို့လား။ တစ်ခုမှ မဟုတ်ပါ။ ကျွန်တော်တို့ကို တော်ရုံတန်ရုံကိစ္စက ပျော်ရွင် အောင် လုပ်ပေးနိုင်စွမ်း မရှိတော့ခြင်းကြောင့်သာ ဖြစ်သတည်း။

သို့ဆိုလျှင် ကျွန်တော်တို့ အဘယ်ကြောင့်မပျော်ရွင်တော့ သနည်း။ လိုအင်ဆန္ဒတွေများလားလို့လား။ လိုအပ်ချက်တွေများလာလို့လား။ ပျော်ရွင်မှု့ကို ဖန်တီးပေးနိုင်သော စံနှုန်းတွေ မတူတော့လို့လား။

သေချာစဉ်းစား ကြည့်လိုက်သော် အားလုံးမှန်ပါသည်။ အရွယ်ရောက်လာသည်နှင့် အမျှ လူ့ဘ၀တွင် လိုအပ်ချက်တွေများလာ လေသည်။ ကျွန်တော်တို့ သည်ထိုလိုအပ်ချက်များနောက်သို့ တစ်ကောက်ကောက်လိုက်ရင်း ပျော်ရွင်မှု့နှင့် တဖြည်းဖြည်း ဝေးကွာလာရလေသည်။ ထိုအခြင်းအရာ သည် အမှန်တရားသာ ဖြစ်လေသည်။ လူ့အဖွဲ့ အစည်းအတွင်း တွင်နေလျှင် လူတို့ လိုအပ်သည်ဟု သတ်မှတ်ထားသော အရာများကို ရရှိအောင် ဆောင်ရွက်ရန်ကား ကျွန်ုပ်တို့ ၏ သမိုင်းပေး တာဝန် ဖြစ်ခဲ့ချေပြီ။
နိုင်ငံခြားပုံပြင်တစ်ပုဒ် ကြားဖူးပါသည်။ ပုံပြင်လေးကတော့ ဒီလိုပါ။

တစ်ခါက လူတစ်ယောက်က မှော်ခွက်တစ်ခုရတယ်တဲ့။ အဲဒီမှော်ခွက်က ဘယ်လိုစွမ်းသလဲဆိုတော့ အဲဒီလူ ငိုလို့ သူ့ရဲ့ မျက်ရည်က အဲဒီမှော်ခွက်ထဲကို ကျရင် အဲဒီမျက်ရည်က စိန်တုံးလေးတွေ ဖြစ်သွားသတဲ့။ ပုံပြင်ကတော့ နည်းနည်းရှည်ပါတယ်။ အစအဆုံး မပြောတော့ပါဘူး။ ပုံပြင်ရဲ့ နောက်ဆုံးကဘယ်လို အဆုံးသတ်သွားသလဲဆိုတော့ အဲဒီလူက စိန်ပုံကြီးပေါ်မှာ ထိုင်နေတယ်တဲ့။ လက်တစ်ဖက်မှာက သွေးစွန်းနေတဲ့ ဓါးတစ်ချောင်း နောက်တစ်ဖက်မှာကတော့ သူ့ဇနီးရဲ့ အလောင်းကို ပွေ့လျှက်သား ငိုနေလေရဲ့ တဲ့။

ပုံပြင်ကိုရုတ်တရက်ဖတ်လိုက်ရင်တော့ အာလာဒင်ပုံပြင်လိုထူးဆန်းထွေလာတွေ ရေးထားတဲ့ ပုံပြင်လို့ ထင်မှာပဲ။ ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်တော့ ကျွန်တော်တို့ရဲ့ ဘ၀တွေနဲ့ အများကြီးသွားဆင်နေပါ တယ်။
လက်တွေ့ ဘ၀မှာ အဲဒီလိုတော့ ကိုယ့်ဇနီးကို သတ်ပြီး စိန်ပုံကြီးမှာတော့ ထိုင်မနေဘူးပေါ့။ ဒါပေမယ့် သေချာတာ တစ်ခုကတော့ ကိုယ့်မှာ ရှိတဲ့ တန်ဖိုးရှိတဲ့ အရာတွေကို အဆုံးရှုံးခံပြီးတော့ လူအများက တန်ဖိုးရှိတယ်ကို လက်ခံထားတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေနောက်လိုက်နေတဲ့ သူတွေ (မိမိကိုယ်တိုင် အပါအ၀င်) ဒုနဲ့ဒေးပါ။

မိတ်ဆွေကတော့ စောဒကတက်ချင်တက်မှာပေါ့။ လူ့ဘ၀မှာ ရုပ်ဝတ္ထုပစ္စည်းတွေကလည်း မရှိမဖြစ်လိုအပ် တာပဲလို့။ ဟုတ်ပါတယ်။ လက်ခံပါတယ်။ ရုပ်ဝတ္ထုပစ္စည်းဆိုတာ မရှိမဖြစ်ကိုလိုပါတယ်။ ဒါပေမယ့် အဲဒီရုပ်ဝတ္ထု တွေကို ဘယ်လိုရှာဖွေသလဲဆိုတာ၊ ရှာဖွေတဲ့ နေရာမှာ ဘာတွေကို ပေးဆပ်လိုက်ရသလဲဆိုတာ တော်တော်အရေး ကြီးပါတယ်။ လူတော်တော်များများက တော့ သေသာသေသွားတယ် အဲဒီ အဓိပ္ပယ်ကို မသိလိုက်ဘူးလို့ထင်ပါတယ်။ အဲလိုပြောလို့ မင်းရော ဘာသိသလဲလို့မေးရင် ကျွန်တော်လည်း မသိသေးပါဘူး။ ရှာဖွေနေတုံးပါ။ ဒါပေမယ့် ရှာဖွေရမယ်ဆိုတာတော့ သိပါတယ် (သို့)သိတယ်လို့ ထင်ပါတယ်။

အထက်ပါအကြောင်းအရာတွေကို ကျွန်တော့် မိတ်ဆွေတစ်ယောက်ကို ပြောပြတော့ သူကပြန်ပြောတယ်။
‘ ဟုတ်ပါတယ်။ မင်းပြောတာတွေက သီအိုရီအရတော့ မှန်ပါတယ် ဒါပေမယ့် လက်တွေ့မှာတော့ မလွယ်ဘူးကွ။ ငွေရမှ လူလိုသူလိုနေနိုင်မယ်။ ငွေရဖို့အတွက်တော့ ဘ၀ပေး အခြေအနေအရ အဆင်ပြေ တာလုပ်ကြရမှာပဲကွ။ ကိုယ်လုပ်ချင်တာလုပ်ပြီး စာဝတ်နေရေး အဆင်ပြေတဲ့ သူဆိုတာ လက်ချိုးရေလို့ ရပါတယ်ကွာ။ အခုလည်း မင်းပျော်အောင်နေတတ်ရင် ပျော်မှာပါ’

သူပြောမှ ကျွန်တော်စဉ်းစားမိသည်။ ယခုအချိန်တွင်ကော ကျွန်တော့်တွင် ပျော်စရာ ဘာများရှိသလဲ ဟုစာရင်း ချကြည့်တော့ အနည်းငယ်ရှိသည်ကိုတွေ့ရပါသည်။
၁။ ရုံးပိတ်ရက် သူငယ်ချင်းများနှင့် လေပန်းရင်း ဘီယာဆိုင်ထိုင်ရသည်ကို ပျော်သည်။
၂။ ဘောလုံးပွဲကြည့်ရသည်ကို ပျော်သည်။
၃။ စီးကရက်ဘူးထဲတွင် စီးကရက် ပြည့်နေလျှင်ပျော်သည်။
၎။ လစာရသည့်နေ့ပျော်သည်။
၅။ တစ်ယောက်ယောက်ကို ဆရာလုပ်ရလျှင် ပျော်သည်။
၆။ ခရီးထွက်ရလျှင် ပျော်သည်။
၇။…. ပျော်သည်။
၈။… ပျော်သည်။
……
…….
သို့ဆိုလျှင် ကျွန်တော်ထင်သလောက် မဆိုးသေးပါ။ ပျော်တတ်လျှင် ကြံဖန်ပျော်နိုင်ပါသေးသည်။

မိုးတိမ်ညို
1 Nov 2009

Friday, October 30, 2009

လှည်းဝန်ရိုးသံတစ်ညံညံ ပုဂံဘုရားပေါင်း

“လှည်းဝန်ရိုးသံတစ်ညံညံ ပုဂံဘုရားပေါင်း”

ဆိုတဲ့စာကြောင်းလေးကို လူတိုင်းသိကြမှာပါ။ ပုဂံမှာ ရှိတဲ့ ဘုရားအရေအတွက်လို့ ဆိုပါတယ်။ တွက်ကြည့်လိုက်ရင် ဘုရားစေတီပေါင်း ၄၄၄၆၇၃၃ ရှိတယ်လို့ မှတ်သားရပါတယ်။ စေတီပေါင်း လေးသန်းကျော် ပေါ့။ အဲဒီအကြောင်းကို ငယ်ငယ်ကတည်း ကသင်ခဲ့ဖူးပါတယ်။ မှန်၏ မမှန်၏ တစ်ခါမှ မေးခွန်း မထုတ်ဖူးပါ။

ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ စာအုပ်ကို ဖတ်လိုက်ရတော့မှ ပုဂံမှာ ရှိတဲ့ စေတီ ပေါင်းက နှစ်ထောင်ကျောင်ပဲ ရှိပါ သတဲ့။
လေးသန်းနဲ့ နှစ်ထောင် ဘာဖြစ်လို့ များ ဒီလောက်ကွာရတာလဲ။ ဆရာကြီး ဒေါက်တာသန်းထွန်းကတော့ပြောပါတယ်။ သာမန်တွေးကြည့်ရင်တောင် သိနိုင်ပါတယ်တဲ့။ ဒီလောက် ဧရိယာလေးမှာ စေတီလေးသန်း နေရာချကြည့်ပါဦး လူတောင် နေစရာရှိ မှာ မဟုတ်ဘူးတဲ့။ နှစ်ကာလရွေ့လျှောလို့ ပျက်စီးသွားတယ်ဆိုတာ လည်း မဖြစ်နိုင်ဘူးတဲ့။ ဆရာကြီးက ဆွေးနွေး ထားတာပါ။(ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့်စကားပြောခြင်း)

ခက်တာက အဲဒီအဆိုကို မှန်မမှန် ကျွန်တော်တော့ တစ်ခါမှ သေချာ မစဉ်းစားခဲ့ဖူးဘူး။ မျက်စိမှိတ် လက်ခံထားတာပဲ။ အခုသိတော့ မှတစ်ချို့ website တွေရှာဖတ်ကြည့်တော့ လည်း ဟုတ်တယ်တဲ့။ နှစ်ထောင်ကျော်ပဲတဲ့။ ဒီမှာ ဖတ်ကြည့်လို့ရပါတယ်။

အဲလိုသိလိုက်ရတော့ တစ်သက်လုံး အလိမ်ခံရပါလားဆိုပြီး တွေးမိပါတယ်။ အဲဒီတော့ မှတ်တမ်းတင်တဲ့သူတွေက ချဲ့ကား သလိုဖြစ်နေတာပေါ့။
ဘာပဲဖြစ်ဖြစ် ချင့်ချိန်စဉ်းစားပြီးမှ ယုံသင့်တယ်ဆိုတာ ပြောချင်လို့ပါ။

Sunday, October 18, 2009

ကျွန်တော်လွဲခဲ့ဖူးသော အကြောင်း

အခုကျွန်တော်ပြောချင်တာက ကျွန်တော်လွဲခဲ့ဖူးတဲ့ အကြောင်းဗျ။ ခက်တာက အဲလိုလွဲခဲ့လို့ ဘယ်သူ့ကို အပြစ်တင်ရမလဲ ဆိုတာ အခုထိမသိဘူး။ ထားပါတော့ ကျွန်တော် အဓိကအကြောင်းကို ပြောပြပါမယ်။ ပြီးမှ မိတ်ဆွေဘာသာသုံးသပ်ပေါ့။ ဒီလိုဗျ။ ကျွန်တော် အကြားအမြင်ရလို့လွဲခဲ့တာ။ အင်းနားရှုပ်စရာတော့ ဖြစ်ကုန်တော့မှာပဲ။ အကြားအမြင်ရနေမှတော့ ဘယ်လိုလုပ်လွဲမှာတုံးလို့တော့ အပြစ်တင်မစောလိုက်နဲ့ဦး။ ဇာတ်လမ်းကို ဆုံးအောင် နားထောင်ပါဦးလေ။ ခင်ဗျားလည်း ခေါင်းရှုပ်သွားစေရမယ်လို့ အာမခံပါတယ်။

ကျွန်တော် ထူးထူးဆန်းဆန်းအကြားအမြင်ရခဲ့ဘူးတယ်ဗျ။ ပထမဆုံးစတာကတော့ ကျွန်တော်တို့ ရပ်ကွက်ထဲက ဦးမောင်ကိုဆိုတာနဲ့စတာ။ တစ်ရက်တော့ ကျွန်တော်အိပ်မက်တစ်ခုမက်တယ်။ အဲဒီ ဦးမောင်ကိုကြီး နဖူးပေါက်လို့တဲ့။ ပေါက်တာက နဖူးညာဖက်နား တစ်လက်မလောက်ပြဲသွားတာတဲ့။ အိပ်မက်ထဲမှာ အဲဒီလို အတိအကျဗျ။ ဒါပေမယ့် ကျွန်တော်လည်း အိပ်မက်ဆိုတော့ သိပ်အလေး မထားပါဘူး။ ဖာသိဖာသာပဲပေါ့။ ဖြစ်ချင်တော့ နောက်ရက်ကျတော့ ဦးမောင်ကိုကြီးက လမ်းလျှောက်ရင်းနဲ့ အိမ်ရှေ့မှာ အဖေနဲ့တွေ့လို့ ရပ်စကားပြောနေပါရောဗျာ။ အိမ်ရှေ့က အုန်းပင်အောက်မှာ။ အုန်းပင်ပေါ်မှာလည်း အုန်းသီးခြောက်တွေ ရှိနေသေးတယ်။ ကျွန်တော်လည်း ဖျတ်ခနဲဆို အိမ်မက်ကို သွားသတိရလိုက်တယ်။ အင်း အခုနေ အုန်းသီးများကြွေကျလိုက်လို့ကတော့လို့ တွေးမိတယ်။ ဒါပေမယ့် ဘာမှတော့ မပြောဖြစ်လိုက်ပါဘူး။ အဲခဏနေတော့ ကျွန်တော်ထင်တဲ့ အတိုင်းအတိအကျဗျာ။ အုန်းသီးခြောက်က ဦးမောင်ကို ခေါင်းပေါ်ကို တည့်တည့်ကြွေကျတာ နဖူးကွဲပါလေရော။ ကွဲတာမှ ကျွန်တော့် အိမ်မက်ထဲက အတိုင်း ညာဘက် နဖူး တစ်လက်မလောက် အတိအကျဗျာ။ ကျွန်တော်လည်း နည်းနည်းတော့ ဇဝေဇ၀ါဖြစ်သွားတယ်။ ဘာဖြစ်လို့ ငါအိမ်မက်နဲ့ လာတူနေရတာလဲပေါ့။ ဒါပေမယ့် တိုက်ဆိုင်တာနေမှာပါလေဆိုပြီးပဲ ထားလိုက်တယ်။

နောက်တစ်ခါကျတော့လည်း ဟိုဘက်လမ်းက လူပျိုကြီး ကိုလှဘော် သူ့အိမ်ရှေ့ လှေခါးထစ်မှာ ထိုင်ငိုနေတယ် လို့ အိပ်မက် မက်တယ်။ ဒါကတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ကထင်တာလေ။ သူကလူပျိုကြီး တစ်ယောက်ထဲ နေတာ။ ပိုက်ဆံလည်း ချမ်းသာတယ်။ အပူအပင်လည်း မရှိဘူး။ ယောက်ကျားလည်း ယောက်ကျားဗျာ။ အဲဒီတော့ အိမ်ရှေ့ လှေခါးထစ်မှာ ထိုင်ငိုစရာအကြောင်းကို မရှိဘူးထင်တာ။ ဒါပေမယ့် အဲဒီနေ့ မနက် ကျွန်တော်သူ့အိမ်ရှေ့က ဖြတ်တော့ ဗျာ အံ့သြစရာ တကယ်ကို သူက အိပ်မက်ထဲကတွေ့တဲ့နေရာ မှာထိုင်ငိုနေတာဗျာ။ သူ့အိမ်မနေ့ညက သူခိုး အခိုးခံရလို့တဲ့။ အတွင်းပစ္စည်းတွေ အကုန်ပါသွားဆိုပဲ။ အဲဒီမှာ ကျွန်တော်တော်တော်အံ့သြသွားတယ်။ တိုက်ဆိုင်တာတော့ မဟုတ် လောက်တော့ ဘူးလို့ထင်လာတယ်။

ဒါနဲ့ အဲဒီလို အသေးအဖွဲလေးတွေ နောက်ထပ် လေးငါးခုလောက်ထပ် တွေ့ရသေးတယ်ဗျ။ စာရှည်နေမှာစိုးလို့ မပြောတော့ဘူး။ အားလုံးမှန်တာကြည့်ပဲ။ အဲဒီတော့ ကျွန်တော့်ကိုကျွန်တော် အကြားအမြင်ရနေတယ် လို့ပြောရင်မလွန်လောက်ပါဘူးနော်။ ဒါပေမယ့် ကျွန်တော်ဘယ်သူ့မှ မပြောသေးဘူး။ သေချာအောင်လုပ်ရ ဦးမယ်လေ။ ဒီတစ်ခါတော့ ဒုက္ခရောက်မယ့်သူဆိုရင် ကူညီမယ်လို့ စိတ်ကူးထားတာဗျာ။

အဲဒီအခေါက်က နောက်ဆုံးအခေါက် အကြားအမြင်ရတဲ့ အခါပေါ့ဗျာ။ အိပ်မက်ထဲမှာ အမေက အိမ်ရှေ့က ထိုင်ခုံမှာ ထီတိုက်နေရင်းနဲ့ ဟယ် သိန်း ငါးရာ ဆုပေါက်တယ်တော့လို့ ၀မ်းသာအားရထအော်တယ်တဲ့။ မနက်အိပ်ယာကနိုးလာတော့ ကျွန်တော် တော်တော်လေး စိတ်လှုပ်ရှားနေတယ်။ စိတ်လှုပ်ရှားတာပေါ့ဗျ သိန်းငါးရာဆိုတာ နည်းနည်းနောနောမှ မဟုတ်တာ။ ရက်ကို ကြည့်လိုက်တော့ ထီဖွင့်ဖို့က နှစ်ရက်ပဲလို တော့တယ်။ ဟာနှစ်ရက်အတွင်းမှာ သိန်းငါးရာရတော့ မှာပါလားလို့ တွေးမိရင်း ရင်ခုန်နေရတာပေါ့ဗျာ။ အဲဒီအချိန်မှာ ကျွန်တော်တစ်ခုသတိရသွားတာက အမေဒီလ ထီထိုးဖြစ်လား မထိုးဖြစ်ဖူးလားဆိုတာပဲ။ ကံကထီပေါက်မယ်ဆိုပေမယ့် ကိုယ်ကတော့ အနည်းဆုံး ဥာဏ်နဲ့ ၀ိရိယ စိုက်ပြီး ထီတော့ ထိုးရမှာပေါ့ မဟုတ်ဘူးလား။ ဒါကိုကြိုသိနေမှတော့ မထိုးဖြစ်သေးရင် ထိုးဖြစ်အောင်လုပ်ရမှာပေါ့လို့ ကျွန်တော်တွေးမိတယ်။ ကျွန်တော်ထင်ပါတယ်။ ခင်ဗျားလည်း ကျွန်တော့်လိုပဲ စဉ်းစားမှာပါ။

ဒါပေမယ့် အမေ့ကိုလည်း ပေါ်တင်တော့ မပြောချင်သေးဘူး။ မသိမသာလေး မေးကြည့်ဦးမှဆိုပြီး အမေ့ကို မေးဖြစ်တယ်။

“အမေ ထီထိုးပြီးပြီလား”

အမေကအဲဒီကျမှ သတိရသွားတဲ့ ပုံစံနဲ့

“ဟယ် ဟုတ်ပါ့ မထိုးရသေးဘူး ထီဖွင့်ဖို့တောင် နှစ်ရက်ပဲလိုတော့တာပဲ”

“အဲဒါဆိုကျွန်တော် အခုမြို့ထဲသွားမလို့ ထီထိုးခဲ့လိုက်မယ် ပိုက်ဆံပေးလိုက်”

ကျွန်တော်ကကျွန်တော့် အကြံနဲ့ကျွန်တော်လေ။ အမေ့ဆီက ပိုက်ဆံတောင်းရတာကလည်း အကြောင်းရှိတယ်။ အိပ်မက်က အမေပေါက်တယ် လို့ မက်တော့ အမေထိုးမှ ဖြစ်မှာလို့ ကျွန်တော်ယူဆတယ်လေ။ အဲဒါကြောင့် အမေ့ဆီက ပိုက်ဆံတောင်း ရတာ။ တိုတိုပြောရရင်အဲဒီနေ့က ထီထိုးပြီး ကျွန်တော် ကောင်းကောင်းအိပ်မပျော်ဘူး။ ရင်ခုန်လွန်းလို့။ ထီထွက်မယ့်နေ့ ရောက်တော့ နေမထိထိုင်မသာပဲ။ တကယ်ကို။

ထီထွက်မယ့်နေ့လည်းရောက်ရော ကျွန်တော်ကောင်းကောင်းကို မထိုင်နိုင်ဘူး။ အမေက ဈေးက အပြန် ထီပေါက်စဉ်ကြီးဝယ်လာပြီး ကျွန်တော့် အိပ်မက်ထဲမြင်တဲ့ ထိုင်ခုံမှာ ထီတိုက်နေလိုက်တာတွေ့တော့ ကျွန်တော့ နှလုံးက အပြင်ပေါက်ထွက်မလားကို ထင်ရတယ်။ ခုန်လွန်းလို့။ အဲဒါနဲ့ အခန်းထဲမှာ သွားပြီး စောင်ကို ခေါင်းမူးခြုံနေလိုက်တယ်။ ဘယ်အချိန် အမေ ထအော်သံကြားရမလဲလို့ပေါ့။ တော်တော်သာကြာ သွားတယ် ဘာသံမှ မကြားရဘူးဗျာ။ ကျွန်တော်နည်းနည်းတော့ သံသယဖြစ်လာတယ်။ သိန်းငါးရာ ပေါက်တာများ အမေတွေ့ပြီးတော့ မူးများလည်းသွားသလားပေါ့။ မနေနိုင်ပဲ ထကြည့်မိတယ်။ အမေက ထီပေါကစဉ်ကြီးချပြီး ပေါက်ပါဘူးအေ လို့ တစ်ခွန်းပဲ ပြောပြီး မီးဖိုဘက် ထွက်သွားတယ်။ ကျွန်တောလည်း ဇဝေဇ၀ါ ဖြစ်သွားတာပေါ့။ ဒီတစ်ခါ ဘာဖြစ်တာလဲဟပေါ့။ အိပ်မက် ကအသေအချာကြီးပဲကို။ ကျန်တာတွေကျတော့ မှန်ပြီးတော့ ဒါကျမှ မမှန်ဘူးလား။

အဲဒီအချိန်မှာပဲ ဘေးအိမ်ကကိုထွန်းအောင်တို့ရဲ့ အော်သံကြားရတယ်။ ဟေး သိန်းငါးရာပေါက်တယ်ကွတဲ့။ ခဏနေတော့ ကိုထွန်းအောင်ရဲ့ သားလေးက အိမ်နီးချင်းတွေကို လိုက်အော်ပြောနေတယ်။ သားတို့ သိန်းငါးရာ ပေါက်တယ်တဲ့။ အမေလည်း အသံကြားလို့နေမှာ မီးဖိုထဲပြေးထွက်လာပြီး ကိုအောင်မိန်းမကို လှမ်းမေးနေတယ်။ ပြီးတော့မှ ငိုရမလို ရယ်ရမလို မျက်နှာနဲ့ ကျွန်တော့်ကို လှည့်ပြောတယ်လေ။

အမေပြောလိုက်တဲ့ စကားကို ကြားလိုက်ရတဲ့ အချိန်မှာတော့ ကျွန်တော်တစ်ခါတည်း ရူးသွားရင်ကောင်းမှာပဲလို့တောင်တွေးမိပါရဲ့။ အမေပြောလိုက်တာက

“ဟယ် ကံများထူးဆန်းလိုက်တာ။ သူတို့ဝယ်တဲ့ ထီက စက်ဘီးနဲ့ လိုက်ရောင်းနေတဲ့ ထီသည်လေ။ အရင်က ငါဝယ်နေကျ။ အဲဒီနေ့က သူက သုံးစောင်ပဲ ကျန်တော့တာ ၀ယ်ပါဦးလို့ ငါ့ဆီကို အတင်းလာရောင်း တယ်လေ။ အဲဒီအချိန်က မင်းက ထီဝယ်မယ်ဆိုပြီး သွားဝယ်နေတဲ့ အချိန်။ ဒါနဲ့ ငါလည်း မ၀ယ်တော့ ဘူးပြောလိုက်တာ။ သူကတော်တော်ကြာအောင် ၀ယ်ဖို့ပြောနေသေးတယ်။ မင်းသာ ထီသွားမ၀ယ်သေးရင် သေချာပေါက် ၀ယ်ဖြစ်တယ်။ ငါမ၀ယ်တာ နဲ့သူလည်း ကိုထွန်းအောင်တို့အိမ်သွားရောင်းတာလေ။ အဲဒါနဲ့ ကိုထွန်းအောင်အမျိုးသမီးက ၀ယ်ဖြစ်သွားတာ။ အမလေး ကံများပြောပါတယ်” တဲ့။

ကဲမိတ်ဆွေ။ ကျွန်တော့် အဖြစ်ကို ဘယ်လိုများ မှတ်ချက်ပေးချင်ပါသလဲဗျာ။ ကျွန်တော့်နေရာမှာ ခင်ဗျားဆိုရင် ဘယ်လိုခံစားရမလဲ။ ကျွန်တော်လောင်းရဲပါတယ်။ ခင်ဗျားလည်း ကျွန်တော့်လိုပဲ လုပ်မှာပဲ။ ဟုတ်တယ်မဟုတ်လား။အကြားအမြင်များ မရခဲ့ရင်ကျွန်တော် တို့ အခု သိန်းငါးရာပေါက်ပြီး အဆင်ပြေနေလောက်ပြီလို့ဗျနော်။ အဲဒီနေ့က စပြီး ကျွန်တော်လည်း ဘာအကြားအမြင်မှ မရတော့ ပါဘူး။ အဲရလည်း မရချင်တော့ပါဘူး။

အဲဒီတော့ ကျွန်တော် အကြားအမြင်ရလို့ သိန်းငါးရာဆုနဲ့ လွဲခဲ့ဖူးတယ်ဗျာ လို့ပြောရတော့မှာပဲ။

မေ၊၂၀၀၉။
မိုးတိမ်ညို

သရဲပုံပြင်

“အမလေး ထုတ်တန်းပေါ်မှာ လျှာတန်းလန်းကြီးနဲ့“
“ခြေသံကြားလို့ လှည့်ကြည့်လိုက်တော့ နောက်မှာ မည်းမည်းရှည်ရှည်ကြီး“
“သစ်ပင်ပေါ်က ဇောက်ထိုးကြီးဆင်းလာတာ“
စသဖြင့် ကျွန်တော်တို့ သည် သရဲအကြောင်းများစွာကို ငယ်စဉ်ကပင် ကြားဖူးခဲ့ကြသည်။ သင်သည် နိုင်ငံခြားရုပ်ရှင် ဇာတ်ကား များကြည့်ရှု့ပါက The Ring ကဲ့သို့ သော တီဗွီထဲမှ ထွက်လာသော သရဲမ၊ Grudge ကဲ့သို့သော ဂျပန်သရဲကား၊ The Eye ကဲ့သို့သော မျက်စိအစားထိုးထားသူ ကောင်မလေး မှ နာနာဘာဝ မျိုးစုံမြင်နေရသော သည်းထိတ်ဖွယ်သရဲကား စသည်တို့ ကိုတွေ့ရပေလိမ့်မည်။

ထို့အတူ အင်တာနက် စာမျက်နှာတွင်လည်း တကယ့်သရဲ အစစ်ပုံဆိုပြီး ဓါတ်ပုံ၊ဗွီဒီယို၊ အသံများစွာ ကြည့်ရှု့ နားဆင်နိုင်သေး သည်။ ဟုတ်မဟုတ်မည်သူမှ ရေရေရာရာမသိ။ ဆိုလိုချင်သည်မှာ နာနာဘာ ၀၊သရဲတစ္ဆေနှင့် ပတ်သက်သော အကြောင်းအရာများသည် ကျွန်တော်တို့ အတွက် အစိမ်းသက် သက်မဟုတ်။ ကျွန်တော်တို့ပတ်ဝန်းကျင်တွင်မြင်နေကြားနေရသည်။

သို့ဖြစ်၍ သရဲတစ်ကယ်ရှိလားဟုမေးသော်
“ဟာသေချာပေါက်ရှိတာပေါ့“ ဟူသော ယတိပြတ်အဖြေမျိုး။
“တကယ်မရှိပါဘူးကွာ အလကား လူတွေကိုက လျှောက်ပြောနေတာ“ ဟူသော တစ်ဖက်သတ်အဖြေ။
“ရှိမရှိက မင်းစိတ်ပေါ်မှာမူတည်တယ်။ မင်းကရှိတယ်လို့ ယူဆရင်ရှိတယ်၊ မရှိဘူးလို့ယူဆရင်မရှိဘူး“
ဟူသောမရေမရာအဖြေ။

“ရှိချင်ရှိမယ် မရှိချင်မရှိဘူး ဒီကိစ္စက တို့လူတွေနဲ့ တိုက်ရိုက် မပတ်သက်နိုင်ဘူး“ ဟူသော ၀ါး တားတား အဖြေမျိုး တွေသာ ကြားခဲ့ရပါသည်။
သေချာပေါက်ရှိတာပေါ့ဆိုသော လူကိုလည်း သေချာပေါက်ပြောစမ်းပါဆိုလျှင်ဝါးတားတားပင်။ သရဲ ဆိုတာလုံးသလားရှည်သလားပြားသလား သေချာမပြောနိုင်။ ကြားဖူးနားဝသာပြောနိုင်သည်။ မရှိဘူးဆို တဲ့သူကို ဒါဆို သင်္ချိုင်းကုန်းက ဇရပ်မှာ တစ်ယောက်ထည်းသွားအိပ်ပြဗျာ ဟုပြောလျှင့် ဘုကြည့် ကြည့်ပြီး “တို့ကဒီလို အကျိုးမရှိတာတွေမလုပ်ဘူး“ ဟုပြောတတ်သည်။ မရေမရာဝါးတားတား လူများကိုမေးမိ လျှင်ပိုဆိုးသေး။ အစကတည်းက ကိုယ်က လည်ချင်ချင်ပါဆို ပိုရှုပ်ကုန်သည်။

ကျွန်တော့် အနေနဲ့ကတော့ အမှန်အတိုင်းဝန်ခံရလျှင် သရဲတစ္ဆေကို ယုံသည်ဟုပြောရမှာ ရှက်သည်။ သို့သော် သေချာတာ တစ်ခုက ကျွန်တော် သရဲကြောက်တတ်သည်။ သေချာပြန်စဉ်းစားကြည့်လျှင် မယုံဘူးဆိုသောသူသည် မည်သည့် နည်းနှင့်မျှမကြောက်နိုင်။ သိစိတ်ကဖြစ်စေ၊ မသိစိတ်ကဖြစ်စေ ရှိသည်ဟုယုံကြည်နေသဖြင့်သာ ကြောက်သည်ဟု ယူဆနိုင်သည်။ ဥပမာအားဖြင့် ကလေးတစ်ယောက်ကို ညဘက်အပြင်မထွက်နဲ့ ကျားဆိုးကြီးရှိတယ်ဆိုလျှင် ထိုကလေးတကယ်မထွက်ရဲပေ။ ရှိသည်ဟု သူယုံကြည်သောကြောင့်ဖြစ် သည်။ ကျွန်တော့်ကို ထိုသို့ပြောလားလျှင်ကား ရယ်မိမည်သာဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် ကျားဆိုးကြီး တကယ်မရှိဟု တစ်ရာရာခိုင်နှုန်းသေချာသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ သရဲတစ္ဆေမရှိဘူး ဆိုတာ ရာနှုန်းပြည့်သေချာလျှင်ကြောက်စရာမလိုပါ။ သင်ခဏရပ်ပြီးစဉ်းစားကြည့်ပါ။ သင်ကြောက်တတ် မကြောက်တတ်ဘူးလား။ ကြောက်တတ်လျှင် သင်သရဲတစ္ဆေရှိသည်ကို ယုံကြည်၍ဖြစ်သည်။

သရဲတကယ်မကြောက်တတ်ဘူးဆိုသောသူ တစ်ဦးသာတွေ့ဖူးသည်။ ဒါတောင်ကိုယ်တိုင်တွေ့ဖူးခြင်းမ တဆင့်ခံသာ ကြားဖူးခြင်းဖြစ်သည်။ ထိုသူသည် ပင်လယ်ဘူးဖက်က ဆေးရုံဝန်ထမ်းဟုသိရသည်။ သူသည် သရဲကို လုံးဝမယုံ။ ထို့အတွက် မည့်သည့် လောင်းကြေးလုပ်လုပ် လုပ်ရဲသည်။ ရင်ခွဲရုံတွင် လောင်းကြေးဖြင့် တစ်ယောက်ထဲအိပ်ပြသည်။ သင်္ချိုင်းသို့သွားပြီး လောလောလတ်လတ်သေထားသောသူ ၏အုတ်ဂူတွင် ထုံးသွားဝိုင်းပြသည်။ စသဖြင့် လောင်းကြေးထပ်တိုင်းသူနိုင်သည်သာဖြစ်သည်။ ထူးဆန်းပေစွ။ သူ့လို စိတ်စွမ်းအင်မျိုး တစ်ခါတစ်လေတော့ရချင်သည်။

တကယ်တော့ သရဲကြောက် မကြောက် ဆိုသည်မှာ လူတစ်ယောက်၏ စိတ်အခြေအနေဖြင့်လည်း ဆိုင်သည် ဟုထင်ပါသည်။ စိတ်အင်အားမြင့်မား နေသည့်အချိန်တွင် သိပ်မကြောက်ပဲ စိတ်အင်အား နိမ့်ကျ နေသည့် အချိန်တွင်ပိုပြီး ကြောက်တတ်သည်ဟုထင်ပါသည်။ ကျွန်တော်ဆိုလျှင် The Ring ဇာတ်ကားကို ကြည့်ပြီး နှစ်ပတ်လောက် အိပ်နေကျ အိပ်ခန်းတွင်ပင် ညအိပ်ရသည်မှာ ခပ်လန့် လန့် ဖြစ်နေသည်။ မယုံမရှိပါနှင့်။ သို့သော် ဇာတ်ကားကြည့်သည်ဆိုသည်မှာ သမန်ကာရှန်ကာမကြည့်ပဲ ရသခံစားပြီး တစ်ကားလုံးကို တစ် ကွက် မှ မလွတ်တန်း သေသေချာချာ တစ်ယောက်တည်းကြည့်ကြည့်ပါ။ လူတော်တော်များများ ထိုကဲ့သို့ ဖြစ်မည်ဟုထင်ပါသည်။ အကယ်၍ဘာမှ မဖြစ်ဘူးဆိုလျှင်ကျွန်တော် ထက် စိတ်အင်အား ပိုကောင်း သည် ဟု ချီးကျူးပါသည်။

စိတ်အင်အားဆိုမှာ ဘာကိုဆိုလိုသည်းဟုမေးသော် ကျွန်တော်လည်းသေချာမသိပါ။ စိတ်ပညာရှင်များ ဆိုလျှင်တော့သေချာရှင်းပြ နိုင်မည်ထင်ပါသည်။ ဘာသာရေးလုပ်လျှင်တော့ စိတ်အင်အား ပိုကောင်းမည် ဟု ယုံကြည်ပါသည်။ ကျွန်တော်တို့ငယ်ငယ်တုန်းက ပြောကြတာရှိသည်။ ဘာသာရေးလုပ် တယ်ထား ပါတော့ ဗုဒ္ဓဘာသာ ဘုရားစာရွတ်လို့ ခရစ်ယာန်သရဲက ကြောက်ပါ့မလားဟု ပြောတတ်ကြသည်။ ကျွန် တော်တော့ ထိုသို့ မထင်ပါ။ ဘာသာရေးဆိုသည်မှာ မိမိက တကယ်ယုံ ကြည်လျှင် သူ့နည်းသူ့ဟန်နှင့် အနည်းနဲ့အများတော့ အကျိုးရှိမည်ဟုထင်ပါသည်။ တစ်ခုခုကို ယုံယုံကြည်ကြည်လုပ်လျှင် စိတ်အင်အား ကောင်းလာမည်ဖြစ်သည်။ ဥပမာ ရန်သူကို ကာကွယ်ရန်အတွက် သင့်မှာ လှံဖြစ်စေ၊ဓါးဖြစ်စေ၊ သေနတ် ဖြစ်စေ လက်နက်တစ်ခုခုရှိဖို့သာလိုပါသည်။ မည်သည့် လက်နက်မဆို အသုံးဝင်ပါသည်။

ထို့ကြောင့် တစ္ဆေသရဲနာနဘာဝ ကိစ္စများသည် မည်သူကမှ အတိအကျ ရှိသည်မရှိဘူးဟု မဆုံးဖြတ်နိုင် သေးဘူးဟုထင်ပါသည်။ ပညာရှင်အချို့ က Research လုပ်နေသောလည်း တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြင့် လက်ခံနိုင်သော အဖြေမပေးနိုင်သေးပါ။ မည့်သည့် ဘာသာရေးကမှလည်း တိကျသော ငြင်း၍မရသော အဖြေမပေးနိုင်ပါ။ လောလောဆယ်တော့ သင်၏စိတ်၊ ခံယူချက်အပေါ်မူတည်မည်ဟုထင်ပါသည်။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို

သိကြားမင်းပေးသော စေတီ နှင့် အရက်သမားဘဇံ

“ဟေ့ကောင်ဘဇံ မင်းပေါက်ကရတွေ လျှောက်မပြောစမ်းနဲ့ကွာ“
“ဟ ငါကဟုတ်လို့ဟုတ်တယ်ပြောတာကွ ဘာမှလိမ်စရာ အကြောင်းမရှိဘူး မင်းမယုံတာတော့ မတတ်နိုင်ဘူး“
ကျွန်တော်အိမ်ရှေ့ ကွပ်ြပစ်ပေါ်တွင် ထိုင်ပြီး ရေနွေးသောက်နေစဉ်တွင် အိမ်ရှေ့မှ ဖြတ်သွားသော အရက် သမားဘဇံနှင့် သူ့သူငယ်ချင်း ကောင်းကြီး မူးမူးရူးရူးဖြင့်စကားများ နေကြခြင်းဖြစ်သည်။ ဤဇာတ်လမ်းကို မပြောမှီ ကျွန်တော့်နှင့် ရွာအကြောင်းကို မိတ်ဆက်ပေးပါမှ စာဖတ်သူတို့ ဇာတ်လမ်း ကိုပြည့်ပြည့်၀၀ နား လည်မည်ဟုထင်ပါသည်။ ကျွန်တော်သည် ဤရွာ၏ တစ်ဦးတည်းသော ကျောင်းဆရာ ဖြစ်ပါသည်။ စာတို ပေ စကလေး ဖတ်ပြီး အထိုက်အလျှောက် ဗဟုသုတပြည့်စုံသဖြင့် ရွာခံများက ကျွန်တော့် ကို ဆရာလေး ဟု ခေါ်ပြီး လေးစားကြပါသည်။ ဒီရွာတွင် ရွာဦးဆရာတော် ဦးသောဘိတ သည် သြဇာ အရှိဆုံး ဖြစ်သည်။ သူပြီး လျှင် ဆေးဆရာ ဗေဒင် ဆရာကြီး ဦးဆောင်း သည် သြဇာ အရှိဆုံးဖြစ်သည်။ ရွာသူကြီး ပင်လျှင် သူတို့ နှစ်ဦး၏ သြဇာကို မလွန်ဆန်ဝံ့ပါချေ။

ဇာတ်လမ်းမှာ ဆရာကြီး ဦးဆောင်း၏ အိမ်မက်မှ စလေသည်။ တစ်ရက်သော် ဆရာကြီး သည် ထူးဆန်း သော အိမ်မက် မက်မြင်သည်ဟုဆရာတော် ဦးသောဘိတကို လျှောက်တင်လေသည်။ ထိုအိမ်မက် ထဲတွင် ရွာ အရှေ့ဘက် ချောင်းကလေး၏ ဘေးတောင်ကုန်းတွင် စေတီတစ်ဆူ ဘွားကနဲ ပေါ်လာသည်။ ထိုစေ တီ ပေါ်လာပြီး နောက်ရွာသူရွာသားအားလုံး သည် အနာရောဂါမှန်သမျှ ကင်းရှင်းကာ အားလုံး ချမ်းသာသုခရ ကြသည်ဟု ဆိုလေသည်။ တိုက်ဆိုင်စွာပင် ဆရာတော် ဦးသောဘိတကလည်း ရွာတွင် စေတီတစ်ဆူ တည်ထားကိုးကွယ်ရသည်ဟု အိမ်မက်မက်မြင်သည် ဟုဆို၏။ ထိုနေ့မှ စ၍ ဆရာတော်နှင့် ဆရာ ကြီး ဦးဆောင်း တကြိတ်ကြိတ် ဖြင့်ထိုကိစ္စကို တိုင်ပင်ကြလေသည်။ ဆရာကြီး ဦးဆောင်း အိပ်မက် မက်မြင် သည် ဟုဆိုသော တောင်ကုန်းလေးသို့ သွားကြည့်ကြလေသည်။ တောင်ကုန်းလေးမှာ တောင်က တုန်း လေးဖြစ်၏။ သူတို့သည် ထိုတောင်ကုန်းပေါ်တွင် စေတီတည်ထားရန် ရည်ရွယ်ပြီး တိုင် တစ်တိုင်ပင် နေရာ သတ် မှတ်သော အနေဖြင့် စိုက်ထားခဲ့သည်။ ထိုနေ့မှ စ၍ စေတီတည်ထား ရန် ရံပုံငွေရှာကြလေသည်။ ရွာသူရွာသားများသာ မက ရွာနီးချုပ်စပ်များကပါ အလှူခံထည့်ဝင် ကြလေသည်။ ရွာသားများကလည်း ယုံယုံကြည် ကြည် လေးလေးစားစား ဖြင့် တတ်အားသမျှ လှူကြလေသည်။

တစ်ရက်သော် ညဦးပိုင်းမှ စပြီး မိုးသည်း ထန်စွာရွာသွန်းလေသည်။ လျှပ်စီးများလည်းပစ် မိုးခြိမ်းသံမှာ လည်း တဒုန်းဒုန်းတဒိုင်းဒိုင်းဖြင့် ဖြစ်သည်။ ထိုညတွင်ပင် ထိုတောင်ကုန်း ပေါ်ရှိ တိုင်ကို မိုးကြိုးပစ်လေသည်။ နံနက်လင်း သော် ဆရာကြီး ဦးဆောင်း တို့ သွားကြည့်ကြရာ စေတီတည်မည့်နေရာနှင့် သိပ်မဝေးသောနေရာတွင် ကြက်ဥကဲ့သိုသော ကျောက်တုံး ကဲ့သို့သောဖြူဖြူ လုံးလုံးဝန်းဝန်းအရာ လေးတစ်ခုကို ရွံ့မြေထဲတွင် တစ်ဝက်မြုတ်နေသည်ကို ထူးဆန်း စွာတွေ့ရသည်။ အချို့က ဤအရာကို မိုကြိုးသွားဟုထင်ကြသည်။ ဆရာကြီးဦးဆောင်းက မူ သိကြား မင်း က ပေးသော ဌာပနာဟုဆိုသည်။ ဆရာတော်ကလည်း တန်းခိုးကြီးသော စေတီတစ်ဆူ တည်ရန်နတ် ကောင်းနတ်မြတ်များ က မစသည် ဟု တစ်ထစ်ချယုံကြည်နေသည်။ ရွာသူရွာသားများ လည်း ထိုအတိုင်း ပင်ယုံကြည်ကြလေသည်။ ဆရာတော်နှင့် ဦးဆောင်းတို့မှာ နေ့ချင်းညချင်းပင် ကြီးကျယ်မြင့်မြတ်သော သူတော်စင်ကြီးများကဲ့သို့ ဖြစ်လာခဲ့လေသည်။
ထိုဌာပနာကို မည်သူမှ မထိရ မကိုင်ရလေအောင် စေတီ မတည်မှီအထိ ခြံစည်းရိုး ခတ်ထားသည်။ အစောင့်ပင် အလှည့်ကျထားသေးသည်။ အဖြစ်အပျက်မှာ အထက်ပါ အတိုင်းဖြစ်လေ၏။

ဘဇံတို့၏ အငြင်းပွားသံ ကြားသဖြင့် ကျွန်တော်က စိတ်ဝင်စားသဖြင့်
“ဟေ့ကောင့် ဘဇံကြီးတို့ ဘာဖြစ်နေတာတုံး“
“ဟာကျောင်းဆရာ ဒီကောင်ဒီမှာ မတော်တရော်တွေပြောနေလို့ဗျ“
ကောင်းကြီးက ပြောပြောဆိုဆို ခြံထဲသို့ ၀င်လာလေသည်။ ဘဇံလည်း သူ့နောက်မှ လိုက်လာသည်။ ကောင်းကြီးက ဆက်ပြောသည်။
“ဒီလိုဆရာရေ ဘဇံက ပြောတာ စေတီရဲ့ ဌာပနာဆိုတာ မိုးကြိုးသွားလည်း မဟုတ်ဘူး၊ သိကြားမင်းပေးတာလည်း မဟုတ်ဘူး သူချောင်းစပ်က ကောက်လာတဲ့ ကျောက်ခဲတဲ့ အလကား ငမူး ငရဲကြီးအောင် သူများ ကုသိုလ် အရှိန်အ၀ါကြီးတာ ကို မနာလိုလို့“
ကောင်းကြီးပြောတာကြားပြီး ကျွန်တော် ခေါင်းကြီးသွားလေသည်။
“ဟေ့ကောင်ငါက တကယ်ဟုတ်လို့ပြောတာ မူးလို့ပြောတာမဟုတ်ဘူး မင်းက သာမူးနေတာ….“
“ကဲကဲ နေကြဦး“ ကျွန်တော်က ၀င်ဟန့်လိုက်ရသည်။
“ဘဇံမင်းက ဘာလို့ အဲဒါကို မင်းကောက်လာတဲ့ ကျောက်တုံးလို့ ပြောတာတုံး သူကြီး ကြားသွားရင် မင်းနာဦးမယ်။ငါ့ကို သေချာပြောပြ “
“ဆရာရေ အဲဒီကျောက်တုံးက ကျွန်တော် ချောင်းစပ်မှာရေချိုးပြီး အပြန်တွေ့လို့ ကောက်လာတာ လုံးလုံး ဖြူဖြူ လေး လှလို့ ၊ပြီးတော့ အရက်သောက်ပြီးပြန်လာတော့ မှောင် နေပြီ၊ အဲဒီနေ့က ကျွန်တော် တော် တော် မူးနေတယ်ဆရာရဲ့“ အမှန်တော့ ဘဇံ မမူးတဲ့နေ့ မရှိပါ။
သူကဆက်ပြောသည်။
“ဆရာလည်း သိတဲ့အတိုင်း အတိုင်း ကျွန်တော့် အိမ်က အဲဒီ စေတီတည်မယ့် တောင်ကုန်းနဲ့ ဆို တစ် ခေါ်လောက်ပဲရှိတာ၊ ကျွန်တော် မြန်အောင်ဆိုပြီး လမ်းအတိုင်းမပြန်ပဲနဲ့ အဲဒီတောက်ကုန်းပေါ်က ဖြတ် ပြန်တာ၊ မိုးကလည်းရွာ၊မှောင်ကလည်း မှောင်ဆိုတော့၊ကျွန်တော်လည်း ကြောက်ကြာက် နဲ့ သုတ်သုတ် လျှောက်နေတုန်း အဲဒီ စေတီတည်မဲ့နားကျတော့ ချော်လဲတာပဲ အဲဒါ မနည်း လူးလဲထပြီး အိမ်ပြန်လာတာ၊ ကျောက်တုံးက အဲဒီမှာ ကျကျန်နေခဲ့တာဆရာ၊ အဲဒါသိကြား မင်းပေးတဲ့ ကျောက်တုံးမဟုတ်ဘူး၊ ကျွန် တော့် ကျောက်တုံး ဘဇံရဲ့ ကျောက်တုံး“ ဘဇံကမူးမူးနှင့် အော်သည်။

“နောက်နေ့မနက်ကျ တော့ မနေ့က အသောက်များသွားတာနဲ့ မိုးမိထားတဲ့ ဒဏ်နဲ့ဆိုတော့ နေ့ခင်းကျမှ အိပ်ရာနိုးတယ် နိုးတော့ မှ အဲဒီတောင်ကုန်းမှာ လူစုစုတွေ့လို့ သွားကြည့်တော့ ဆရာ သိတဲ့အတိုင်းပဲ ဆရာ ကြီး ဆောင်းတို့ ဆရာတော်တို့နဲ့ ရွာသားတွေ ရောက်နေကြပြီ လေ။ ကျောက်တုံးလေးကို ခြံ တောင် ခတ်ထားပြီးပြီ။ ကျွန်တော်တို့လည်း ပြောဦးမလို့ပဲ အနားကပ်ပြီး ပြောမလို့ရှိသေး တယ် သူကြီး က ဘဇံမင်း ဘာလာရှုပ်တာလဲဆိုပြီး နားရင်းအုပ်လိုက်လို့ ဘယ်လိုမှ မပြောသာတော့ ဒီလိုပဲ မသိသလို နေလိုက်တာဗျ။“
သူ့စကားကြားပြီး ကျွန်တော့်ရင်ထဲက အလုံးကြီးတတ်လာသည်။ ဒီကိစ္စက တော်ရုံတန်ရုံပြဿနာမဟုတ်။
“မင်းဟာက ဟုတ်ရဲ့လားကွာ“ ကျွန်တော်က သေချာအောင်မေးကြည့်သည်။
“ဆရာမယုံရင် ကျောက်တုံး အောက်ကိုလှန်ကြည့် ကျွန်တော်ပျင်းလို့ ဓါးနဲ့ ဘဇံလို့ ခြစ်ထားတာရှိတယ်“
ဘဇံကတော့ အသေအချာပြောသည်။ ကျွန်တော်စဉ်းစားကြည့်သည်။ ဒီကိစ္စသေချာခဲ့လျှင် ဆရာတော် ကြီးနှင့် ဆရာကြီး ဦးဆောင်းမှာ ခေါင်းဖော်ရဲတော့မည်မဟုတ်ပေ။ အမှန်တကယ် ယုံကြည်ကိုးကွယ်ခဲ့သော ပတ်ဝန်းကျင်မှ ရွာသူရွာသားများ မည်သို့ဖြစ်သွားမည်နည်း။ ဘဇံအတွက် လည်း ကောင်းမည်မဟုတ်ပေ။ ကျွန်တော်သက်ပြင်းချမိသည်။
ကောင်းကြီးက၀င်ပြောသည်။
“မင်းပြောတာတော့ ငါမယုံဘူးဘဇံ“
“မင်းမယုံရင် ကျောက်တုံးကို သွားလှန်ကြည့်ပါလား“
“ဟကြည့်လို့မှ မရတာ သူကြီးက ငါ့ကိုသတ်မှတ်ပေါ့ သူကြီးမသတ်ခင် အနားကရွာသားတွေ ၀ိုင်း ရိုက် တာ နဲ့သေမှာ“
ကောင်းကြီးကပဲဆက်ပြောသည်။

“ဆရာကျွန်တော်ကတော့ ဘဇံပြောတာမယုံဘူး ဒီကောင်အရင်က လည်း ဒီလို မဟုတ်တရုတ်ဇာတ် လမ်း တွေ ထွင်ဘူးတယ်။ အဲဒါထားပါတော့ ဘာလိုပဲဖြစ်ဖြစ်ဒီနေရာမှာ စေတီဖြစ်သွားရင် ရွားသားတွေ အတွက် အကျိုးရှိတာပေါ့။ ကျွန်တော်တို့ရွာမှာ စေတီမှ မရှိပဲ။ စေတီတည်တော့ လည်း ဒီလို တန်ခိုး ကြီးစေတီ ရတော့ ဒီပတ်ဝန်းကျင်မှာ ကျွန်တော်တို့ရွာက နာမည်ရတယ်ဗျ။“
ကျွန်တော်ကဘဇံနှင့် ကောင်းကြီးကို ၀င်ပြောရသည်။
“ကဲကဲ ဟေ့ကောင်တွေ ဒီကိစ္စဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ မသိစေနဲ့ဦးဟုတ်ပြီလား ငါစဉ်းစား ကြည့် လိုက် ဦးမယ်။ မင်းတို့ ကတိပေးရင် ငါ အရက်ဖိုးပေးလိုက်မယ်“ ဟုဆိုကာ သူတို့ နှစ်ယောက်ထံမှ ကတိတောင်းပြီး အရက်ဖိုးပေးလိုက်လေသည်။ ကောင်းကြီးပြောသည်မှာ လည်းဟုတ်သည်။ ရွာသားတွေက ဤစေတီအတွက် တော်တော် ရင်းနှီးထားသည်။ တော်တော်လည်း မျှော်လင့် ထားသည်။ ဘဇံပြောသလိုသာ ဖြစ်သည်ဆိုလျှင် ဒီရွာသည် လည်း ပတ်ဝန်းကျင်တွင် လှောင်ပြောင်ခံရတော့ မည်ဖြစ်သည်။ သူတို့ ၏ယုံကြည်မှု့ ကို ပျက်ရယ်ပြုလိုက်သလိုဖြစ်ပေလိမ့် မည်။

နေ့ခင်းပိုင်းလောက်ကြမှ ထိုတောင်ကုန်းဆီသို့ ကျွန်တော်ထွက်လာခဲ့သည်။ လမ်းတွင် ရွာတောင်ပိုင်း မှ မအေးမြနှင့်တွေ့သည်။ သူက

“ဆရာ တောင်ကုန်းကိုသွားမလို့လား“
“ဟုတ်ပါ့ ဒါနဲ့ ညည်းအမေရောနေကောင်းလား“
မအေးမြအမေသည် မအေးမြတို့ အဖေသူ့ ခင်ပွန်းဆုံးသွားကတည်း က စိတ်အနည်းငယ် နောက်သွား ခဲ့သည်။ ရူးတော့ မရူးပါ။ တစ်ယောက်ထဲစကားပြောပြောနေခြင်းဖြစ်သည်။ မအေးမြက ဖြေသည်။
“ကောင်းတယ်ဆရာ ဌာပနာ ပေါ်လာပြီးကတည်းက ခေါ်သွားပြီးသွားဖူးတာ အခု အမေက ဌာပနာကို အရမ်းယုံပြီး အဲဒီမှာ ပုတီးစိတ် တရားထိုင်နဲ့ အရင်နီးပါး ပြန်ကောင်းလာပြီးဆရာ၊ ဆရာတော်ကြီးတို့ ဆရာကြီးဦးဆောင်းတို့ ကျေးဇူးပါပဲ“
ကျွန်တော် မအေးမြ၏ အဖြေစကားကြောင့် ရင်လေးသွားသည်။ ဘဇံပြောတာများဟုတ်နေခဲ့လျှင်။ သို့သော် ဘဇံက အမူးသမား သိပ်တော့ မယုံရ။
ကျွန်တော် တောင်ကုန်းသို့ ရောက်သည့် အချိန်သည် နေ့ခင်းဖြစ်သဖြင့် လူသိပ်မရှိသေး။ အခြားအချိန် ဆိုလျှင်တော့ ရွာမှလူများ၊ ရွာနီးချုပ်စပ်က လူများဖြင့် စည်းကားလှလေသည်။
ထိုကျောက်တုံး ကို အမိုးနှင့် အကာနှင့် လုပ်ထားသည်။ ဌာပနာကို မည်သူမှ ကိုင်ခွင့်မရ။ နီးနီးကပ်ကပ် ပင် ကြည့်ရှု့၍မရ စေရန် အသေအချာ ကာထားလေ သည်။ လူများကန်တော့ လို့ရရန် ဖျာလည်းခင်း ထား လေ ၏။ အမွှေးတိုင် ဖယောင်းတိုင်၊ ဆွမ်း၊ရေချမ်း၊ ပန်းစီးများလည်း မြောက်များစွာ လှူဒါန်းထားသည် ကိုတွေ့ရသည်။ ဤကျောက်တုံးကို ငုံပြီးစေတီတည်မည်ဟု သိရသည်။
ယခုမူ သူကြီးအစောင့်ချထားသော ကာလသားသုံးယောက်သာ ရှိသည် ။နှစ်ယောက်မှာ အနီးရှိဖျာပေါ်တွင် အိပ်နေပြီး တစ်ယောက်မှာ ဆေးလိပ်ထိုင်ဖွာနေသည်။ ကျွန်တော် ကျောက်တုံးကို လှန်ကြည့်ဖို့ ဆုံးဖြတ် လိုက် သည်။ ဒီကိစ္စက လွယ်တော့ မလွယ်လှ တစ်စုံတစ်ဦးသိသွားပါ က ကျွန်တော် ဒီပတ်ဝန်းကျင်တွင် ဆက်လက်နေထိုင်ဖို့ခဲယဉ်းသွားနိုင်သည်။ အကယ်၍ဘဇံပြောသလိုမှန် နေခဲ့လျှင်ရော ကျွန်တော်ဘာ လုပ်မည်နည်း။ ဘဇံပြောသည့် ကျောက်တုံးကို ဓါးဖြင့် ခြစ်ထားသည့် နေရာသည် တွေ့ချင်မှ တွေ့ရမည်။ အဘယ်ကြောင့်ဆိုသော် ကျောက်တုံးသည်ရွံ့ မြေထဲတွင် တစ်ဝက် မြုတ်နေသည်။ ကျွန်တော်ကြည့်လျှင် လည်း ကမန်းကတန်းသာ ကြည့်ရမည်ဆိုတော့ သိပ်တော့ မသေချာလှ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ကျွန်တော်က ဆေးလိပ်ဖွာနေ သောကာလသားတစ်ယောက်ကို
“ရော့ကွာ ဒေါ်ဖော့ဆိုင်မှာ ဆေးလိပ်သွားဝယ်စမ်း ငါဒီမှာ ၀တ်ပြုလိုက်ဦးမယ် မင်းတို့ဖို့ရောဝယ်ခဲ့“ ဆိုပြီး ပိုက်ဆံပေးပြီး လွတ်လိုက်လေသည်။ သူထွက်သွားမှ ဘေးဘီကို သေချာကြည့်ပြီး ဘယ်သူမှ မရှိဘူးဆို တာသေချာမှ အကာကလေးကို ကျော်ကာ ကျွန်တော် ကျောက်တုံးကို လှန်ကြည့်ပြီး နေရာတကျချပြန် ချထားလိုက်လေသည်။


ကျွန်တော် ဘဇံပြောသလိုတွေ့ခဲ့သလား ဟု စာဖတ်သူမိတ်ဆွေ အနေနဲ့ သိချင်ပါလိမ့်မည်။ သို့သော်လည်း ဤ ကိစ္စသည် ရွာသားတွေ အတွက် လည်း အကျိုးမရှိ၊ ဆရာတော် ဦးသောဘိတ လည်း အကျိုးမရှိ၊ ဦးဆောင်း အတွက်လည်း အကျိုးမရှီ၊ ဘဇံအတွက်လည်း အကျိုးမရှိ၊ ယုတ်အစွဆုံး ကျွန်တော့် အတွက် လည်း အကျိုး မရှိဟု ယုံကြည်သဖြင့် ကျွန်တော် နုတ်ပိတ်နေဖို့ ဆုံးဖြတ်လိုက်ပါသည်။

စာကြွင်း။ စေတီအတွက် ရံပုံငွေ မကြာမှီလုံလောက်သွားပြီး စေတီစတင် တည်ဆောက်ရာ နောက်နှစ်လ အကြာတွင် ဘုရားပွဲ လုပ်ပြီး စေတီကို စတင်ဖွင့်လှစ်လိုက်ပါသည်။ စေတီ၏ အမည်မှာ သိကြားပေး စေတီ ဟုတွင်သည် ဟုသိရပါသည်။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို

ဗေဒင် လက္ခဏာ

ဗေဒင် လက္ခဏာနဲ့ ပတ်သက်လို့ ဆရာဦးအောင်သင်း ပြောခဲ့ဖူးတာလေး သတိရလို့ပါ။ အတိအကျတော့ မမှတ်မိတော့ဘူး။ ဗေဒင်တို့ လက္ခဏာတို့ဆိုတာ ဒါဖြစ်ကိုဖြစ်ရမယ်လို့ ဟောတာမဟုတ်ဘူးတဲ့။ သူက ဖြစ်နိုင်ချေရှိတဲ့ လမ်းကြောင်းကိုပဲ ပြောတာတဲ့။ ဥပမာ ဒီလမ်းကတည့်တည့်သွား လမ်းဆုံးရင် ရွာကို ရောက်မယ်ဆိုတာက ဒီလမ်းကသွားတဲ့ သူတိုင်းအဲဒီရွာကို ရောက်မယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ဒီလမ်းက တော့ရွာကို ဦးတည်နေတယ် ရောက်မရောက်ဆိုတာကတော့ သွားတဲ့သူအပေါ်မှာ မူတည်တယ်လို့ ဆိုလိုတာတဲ့။

လက္ခဏာဆိုရင်လည်း အဲလိုပဲ။ ဒီလို အရေးအကြောင်းရှိတဲ့သူတော်တော်များများက ဒါမျိုး ဖြစ်တတ်တယ် လို့ ဟောတယ်ဆိုပါဆို့။ အဲဒါက ဖြစ်ကို ဖြစ်ရမယ်လို့ ဟောတာ မဟုတ်ဘူးတဲ့။ ဟောတဲ့ အတိုင်း ဖြစ်မဖြစ်ဆိုတာက ကာယကံရှင်ပေါ်မှာလည်း မူတည်ပါသတဲ့။ ဗေဒင်လည်း အဲလိုပါပဲတဲ့။မှန်၏ မမှန်၏ ယုံ၏ မယုံ၏ ဆိုတာကတော့ လူတစ်ယောက်ချင်းစီရဲ့ ပုဂ္ဂလိက ခံစားချက်အပေါ်မှာ မူတည်မှာပါ။ အဲဒီအကြောင်းတွေစဉ်းစားမိရင် ဆရာဆွေမင်း ဓနုဖြူရဲ့ တွတ်ပီကာတွန်းလေးတစ်ခု သွားသတိရမိတယ်။ ကာတွန်းထဲမှာ ဦးတွတ်ပီတို့ရဲ့ ကြုံတိုင်းရွာနဲ့ တခြားရွာတစ်ရွာ ဘောလုံး ချိန်း ကန်ကြတာပေါ့။ ကြုံတိုင်းရွာဘက်မှာက ဗေဒင်ဆရာလား ဘာလားမသိဘူး တစ်ယောက်က အခါတော် ပေးသတဲ့။ အဲဒီ အခါတော်ပေးဆရာက ဂိုးတိုင်မှာ အင်းချထားတယ်တဲ့။ သူကပြီးတော့ ဂိုးသမားကို သေချာမှာထားတယ် ဘောလုံးက အလယ်စည်းကို ကျော်လာပြီး ကိုယ့်ဘက်ကို ရောက်လာရင် ဂိုးတိုင်ကို ဖနောင့်နဲ့ သုံးချက်သွားပေါက်။ အဲဒါမှ ဂိုးမ၀င်မှာတဲ့။ ဂိုးသမားလည်း အဲဒီဆရာပြောတဲ့ အတိုင်း ဘောလုံးဒီဘက်ရောက်လာတဲ့ အချိန်မှာ ဂိုးတိုင်ကို ဖနောင့်နဲ့ သွားပေါက်နေတုံး ဟိုဘက်အသင်းက ကန်လိုက်တာ ဖမ်းချိန်တောင်မရလိုက်ပဲ ဂိုးသွားပါလေရောတဲ့။


ဗေဒင်တို့ လက္ခဏာတို့ဆိုတာ ပညာရပ်တစ်ခုအနေနဲ့ တော့ ရှိမှာပါ။ အဲဒီပညာရပ်ကို ယုံကြည်လက်ခံပုံ အပေါ်မှာ မူတည်ပြီးတော့ အကျိုးရှိမရှိဆိုတာ ကွာခြားမှာပါ။ ဆရာတော်အရှင်ဧသိက ဆိုထားသလို ကျိုးကြောင်းဆီလျှော်တဲ့ သုံးသပ်ချက်မျိုးကို ရှု့မြင်တတ်ဖို့လိုပါတယ်။ ဥပမာ ဒီနှစ်မိုး ခေါင်သည် ထို့ကြောင့် စပါးအထွက်နည်းလိမ့်မည်။ အဲလိုမျိုးပေါ့။

ကျိုးကြောင်း မဆီလျှော်တာတွေလည်း ကြားဖူးပါတယ်။ ဟိုးအရင်က သတင်းတစ်ခုထဲမှာ ဖတ်ဖူးတယ်။ ကံပွင့်အောင်လို့ ကံပွင့် အမွှေးတိုင် တစ်ထုတ် ၀ယ်ထွန်းလိုက်တာ အိမ်ပါမီးလောင်သွားရောတဲ့။ အိမ်မီးလောင်တာကတော့ မတော်တဆ ဖြစ်တာပါ။ ပြောချင်တာက အစကတည်းက ကျိုးကြောင်းဆီလျှော်မှု့ မရှိတာကို ဆိုလိုချင်တာပါ။ကံကောင်းချင်လို့ ဘာသာရေးလုပ်တယ်ဆိုတာ ကကျိုးကြောင်းဆီလျှော်နိုင်တယ်လို့ ထင်ပါတယ်။ ဥပမာ တရားထိုင်တယ်ဆိုပါတော့။ (တရားထိုင်လျှင်ကံကောင်းသည် ဟု မဆိုလိုပါ ဥပမာပေးခြင်း ဖြစ်ပါသည်) တရားထိုင်လို့ ကိုယ်ဆီကို ကောင်းတဲ့ ကံကြီးက ၀ုန်းခနဲ ရောက်လာတာလို့ မထင်ပါဘူး။ တရားထိုင်တဲ့ အတွက် အဲဒီလူရဲ့ စိတ်ဟာ အနည်းနဲ့ အများ ငြိမ်းချမ်းနေမယ်၊ မျက်နှာမှာလည်း အဲဒီ ငြိမ်းချမ်းမှု့ ဟာ အနည်းနဲ့ အများဆိုသလို ပေါ်လွင်နေမယ်၊ ပြီးတော့ စိတ်က ငြိမ်းချမ်းနေတဲ့ အတွက် လုပ်ကိုင် ဆောင်ရွက်သမျှတွေက မှန်ကန်ဖို့ များနေတယ်။ အဲဒီတော့ ကံကောင်းခြင်းဆိုတာက သူ့ဆီကို အလိုလိုရောက်လာလိမ့်မယ်လို့ ထင်ပါတယ်။

ဗေဒင်မေးပြီး ယတြာချေတာက သိပ်တော့ သဘာဝကျတယ်လို့ မထင်ပါဘူး။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ဥပမာ ဗေဒင်က သပြေပန်း သုံးခက် ဘုရားတင်ခိုင်းတယ်ဆိုပါစို့။ အဲဒီလူက ယုံယုံကြည်ကြည် နဲ့ တင်လိုက်လို့ စိတ်ဓါတ် ခွန်အား တစ်ချို့ ရသွားတယ်ဆိုရင်တော့ သူ့ အတွက် အဲဒီ ယတြာက အနည်းနဲ့ အများတော့ အကျိုးရှိမှာပါ။အဲဒါကြောင့် ကောင်း၏ မကောင်း၏ အကျိုးရှိ၏ မရှိ၏ ဆိုတာက ခံယူတဲ့ သူအပေါ်မှာ မူတည်တယ်လို့ ထင်ပါတယ်။ ကျွန်တော့်ကို ဗေဒင် တို့ လက္ခဏာ တို့ကို ယုံလား မယုံဘူးလားလို့ မေးရင်တော့ ယုံတယ် မယုံဘူးမဖြေပဲနဲ့ မသိဘူးလို့ ပဲ ဖြေရပါလိမ့်မယ်။ မသိပဲနဲ့ ယုံမယုံ ဆုံးဖြတ်လို့ မှ မရပဲနဲ့ကိုး။

မိုးတိမ်ညို
May 2009

Butterfly effect နှင့် အကြောင်းအကျိုး

Butterfly effect ဆိုတာ ကြားဖူးကြမှာပါ။ သီအိုရီတစ်ခုပေါ့။ ကမ္ဘာ့တစ်ဖက်ခြမ်းမှာ လိပ်ပြာတောင်ပံခတ် တဲ့ အဖြစ်ဟာ အခြားတစ်ဖက်မှာ ဆိုင်ကလုန်း မုန်တိုင်းကြီး တစ်ခုတိုက်နိုင်သည် ဟု ဆိုလိုခြင်းဖြစ်သည် ဟု ဖတ်ဖူးပါသည်။ ဤသို့ဆိုလျှင် အောက်ပါအကြောင်းအရာကို ဖတ်ကြည့်ပါ။

“မြောက်ကိုရီးယားမှ ဒုံးပျံပစ်လွတ်ခြင်းကြောင့် လှိုင်သာယာ မီးကွက်ဈေးအနီးမှ ဆိုက်ကားဆရာတစ်ဦး ခြေထောက်ကျိုးသွားခြင်း”

အထက်ပါခေါင်းစဉ်ကို မြန်မာနိုင်ငံရှိဂျာနယ်တစ်ခုတွင် တွေ့လိုက်ရလျှင် မိတ်ဆွေ ပြုံးကောင်းပြုံးလိမ့်မည်။ ဘာဆိုင်လို့တုန်းကွာဟု မှတ်ချက်ချချင် ချလိမ့်မည်။ ရှင်းပါမည်။ ဆန္ဒ မစောပါနှင့်ဦး။ အဖြစ်က ဤသို့ ဖြစ်လေသည်။ မြောက်ကိုရီးယားမှ ဒုံးပျံလွတ်သည့် သတင်း ယနေ့ထုတ် ဂျာနယ်တစ်စောင်တွင် ပါလာလေသည်။ ဆိုက်ကားစီးသူတစ်ဦးမှ ထိုဂျာနယ်ကို ၀ယ်လာပြီး ဆိုက်ကားပေါ်တွင် လှန်လှော ဖတ်ရှု့နေလေသည်။ ထိုသတင်းကို အရောက်တွင် ခရီးသည်က ဆိုက်ကားဆရာအား “ဟာ မြောက်ကိုးရီး ယားကတော့ ဒုံးပျံလွတ်လိုက်ပြီတဲ့“ ဟုပြောရာ ဆိုက်ကားဆရာက ဟုတ်လားဟု ဆိုကာ ဂျာနယ်ကို စိတ်ဝင်တစား စောင်းငဲ့ကြည့်လိုက်လေသည်။ ထိုအချိန်တွင် လမ်းတစ်ဖက်မှ ကွေ့လာသော ကားတစ်စီးကို ဆိုက်ကားဆရာ သတိမထားမိဖြစ်သွားသည်။ ထို့ကြောင့် ထိုကားနှင့် မလွတ်ပဲ ဆိုက်ကားနှင့် ပွတ်ဆွဲမိသွားကာ ဆိုက်ကားမှာ မြောင်းထဲသို့ထိုးကျကာ ဆိုက်ကားဆရာ ခြေတစ်ဖက်ကျိုးသွားလေသည်။ ထိုကြောင့် မြောက်ကိုရီးယားမှ ဒုံးပျံလွတ်သောကြောင့် ဆိုက်ကားဆရာ ခြေကျိုးသွားသည် ဟု ဆိုလျှင် လွန်မည် မထင်ပါ။

မိတ်ဆွေကတော့ ကတ်သီးကက်သတ်ဗျာဟု ထင်ချင်ထင်ပါလိမ့်မည်။ ဤကိစ္စနှစ်ခုသည် တိုက်ရိုက် မဆိုင်သော်လည်း ဆိုင်သည်ဟု ပြောလို့ရပါသည်။ အကယ်၍ မြောက်ကိုရီးယားက ဒုံးပျံမလွတ်ခဲ့လျှင် ခရီးသည်က ဂျာနယ် မ၀ယ်ခဲ့လျှင် ခရီးသည်က ဂျာနယ်ထဲမှ သတင်းဖတ်ပြစဉ် ဆိုက်ကားဆရာက စိတ်ဝင်စားမှု့ မရှိခဲ့လျှင် ထိုကဲ့သို့ ခြေကျိုးမည် မဟုတ်ပါ။ အကြောင်းပေါင်းများစွာ (causes) တိုက်ဆိုင်၍ အကျိုး (effect) တစ်ခုဖြစ်လာရခြင်းဖြစ်ပါသည်။ ထိုအကြောင်းပေါင်းများစွာထဲမှ တစ်ခုခုသည် မဖြစ်ခဲ့လျှင် ထိုအကျိုးလည်း ဖြစ်လာမည် မဟုတ်ဟု ထင်ပါသည်။

ရုရှစာရေးဆရာကြီး လီယိုတော်စထွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုထဲတွင် ဖော်ပြခဲ့သလို အဖြစ်အပျက်ကြီး တစ်ခုသည် သန်းပေါင်းများစွာ အဖြစ်အပျက် အသေးလေးများ စုပေါင်းပြီး ဖြစ်ပေါ်လာသည် ဟု ဆိုရမည် ဖြစ်လေသည်။အကြောင်း (cause) ကြောင့်အကျိုး (effect) ဖြစ်သည်ဆိုသည်မှာ လည်းထိုသဘောမျိုးပင် ဖြစ်မည်ဟု ထင်ပါသည်။ ဒီအကြောင်း (cause) ကြောင့် ဒီအကျိုး (effect) ဖြစ်သည်ဟု ဆိုရလောက်အောင် မရိုးရှင်းပဲ သန်းပေါင်းများစွာသော အကြောင်းများကြောင့် အကျိုးတစ်ခုဖြစ်သည်။ ထိုဖြစ်ပေါ်လာသော အကျိုးသည်လည်း နောက်ထပ်အကျိုးတစ်ခုဖြစ်စေရန် စုပေါင်းသော သန်းပေါင်းများစွာသော အကြောင်းတစ်ခုထဲ တွင် ပြန်လည်ပါဝင်သွားမည်ဟု ယူဆပါသည်။

ဥပမာတစ်ခု စဉ်းစားကြည့်ရအောင်ဗျာ။ မောင်ဖြူသည် ကုမ္မဏီတစ်ခုတွင် အလုပ်ရလေသည်။ သူအလုပ်ရသည့် အကြောင်းအရင်းမှာ သူဌေးနှင့် သူ့၏ဖခင်သည် ယခင်က မတော်တဆသိကျွမ်းဖူးခြင်း ကြောင့်ဖြစ်သည်။ သူတို့ဖခင်နှင့်ထိုသူဌေးသည် ရန်ကုန်မှမန္တလေးသို့သွားသော ကားပေါ်တွင် ခုံချင်းကပ်လျှက်ထိုင်မိသောကြောင့် သိကျွမ်းလာခဲ့ခြင်းဖြစ်လေသည်။ ထိုသို့ဆိုလျှင် မောင်ဖြူ၏အဖေ ထို ခရီးစဉ်ကို မသွားလျှင် မောင်ဖြူထိုအလုပ်ကိုရရန် မသေချာ။ ထိုခရီးစဉ်ကိုသွားရန် လက်မှတ်ဝယ်ခဲ့သော မောင်ဖြူအဖေ၏ တပည့်သည် လက်မှတ်ကို မှောင်ခိုမှ မ၀ယ်ပေးခဲ့လျှင် ထိုနေ့က မောင်ဖြူ၏ အဖေသွားဖြစ်မည် မဟုတ်သဖြင့် ထိုသူဌေးနှင့် ရင်းနှီးရန် အခွင့်အရေးရမည် မဟုတ်။ မောင်ဖြူလည်း မလုပ်ရမည် မဟုတ်သဖြင့် မောင်ဖြူ အဖေ၏ တပည့်လေးကလည်း မောင်ဖြူအလုပ်ရဖို့ အရေးကြီးလေသည်။ ဒါတင်မကသေးပါ။ ဆက်ပြီးစဉ်းစားလိုပါသေးလျှင် ထိုနေ့က မှောင်ခိုလက် မှတ်ရောင်းသူသည် မင်္ဂလာဆောင်တစ်ခုကို မသွားပဲအလုပ်ဆင်းသဖြင့် ထိုလက်မှတ်ကို ၀ယ်နိုင်ခြင်းဖြစ်သည်။ ထိုသို့စဉ်းစားလျှင် မှောင်ခိုလက်မှတ်ရောင်းသူသည်လည်း အရေးပါသောနေရာတွင် ရှိနေပြန်ပါသည်။ ထိုသို့ မသွားဖြစ်ရသည် အကြောင်းအရင်မှာ သူ့မိန်းမကမသွားလို့၍ဖြစ်သည် ဟုဆိုလျှင် ထိုသူ၏မိန်းမသည်လည်း အရေးကြီးသော နေရာတစ်ခုတွင်ပါလာပြန်ပါသည်။ တော်လောက်ပါပြီ။ ဆက်စဉ်းစားလျှင်ပြီးတော့မည် မဟုတ်ပါ။ ထို့ကြောင့် မည်သည့် အဖြစ်အပျက် တစ်ခုအတွက်မဆို ထိုအဖြစ် အပျက်ကို ဖြစ်စေနိုင်သော အကြောင်းအရာလေးအားလုံးက အရေးကြီးသည်ဟု ဆိုနိုင်ပါသည်။

Butterfly effect ဆိုသည်မှာလည်း ထိုသဘောမျိုးခပ်ဆင်ဆင်သာ ဖြစ်သည်ဟု ယူဆပါသည်။

ဗိုလ်ချုပ်အပါအ၀င် အာဇာနည်များလုပ်ကြံခံရပုံကို အနည်းငယ်စဉ်းစားကြည့်ပါ။ တခြားကိစ္စများကို မစဉ်းစားပဲ ရိုးရိုးလေး စဉ်းစားကြည့်ကြပါစို့။ အကယ်၍ လူတစ်ယောက် (လုပ်ကြံသေနတ်ပစ်သူ) ၏လက်ညှိုးလေးတစ်ချောင်း ကွေးလိုက်ခြင်းကြောင့် လူပေါင်း သန်းပေါင်းများစွာ အတိဒုက္ခရောက်ရသည် ဟုဆိုလျှင်ကော။ ရာနုန်းပြည့် မှန်သည်ဟု မဆိုနိုင်သော်လည်း မှားသည်ဟု တော့မငြင်းနိုင်ဟု ထင်ပါသည်။


ပြီးတော့ မြန်မာနိုင်ငံက ပြည်တွင်းစစ်အကြောင်း။ ပြည်တွင်းစစ်ကို ပညာရှင်များက မည်သူ့ကြောင့် မည်ဝါကြောင့် မည်သူက အဓိက တရားခံ မည့်သည့်အကြောင်းကြောင့် စသည်ဖြင့် ရှု့ထောင့်မျိုးစုံမှ ထောက်ပြဆွေးနွေးကြပါသည်။ သူတို့လည်း သူတို့အယူအဆအရ မှန်ကြပါလိမ့်မည်။ ကျွန်တော့် အယူအဆအရတော့ မြန်မာနိုင်ငံသားအားလုံးနှင့် မြန်မာနိုင်ငံ နှင့် ပတ်သက်နေသောသူ အားလုံး၏ လုပ်ဆောင်ချက်အားလုံးသည် (သေးသည်ဖြစ်စေ ကြီးသည် ဖြစ်စေ နိုင်ငံရေးနှင့် ဆိုင်သည် ဖြစ်စေ မဆိုင်သည် ဖြစ်စေ) သန်းပေါင်းများစွာသော ပြည်တွင်းစစ် ဖြစ်ရန် အကြောင်းများ(causes) ထဲတွင် ပါဝင်မည် ဟုယူဆပါသည်။ အကြောင်းအရာတစ်ခုနှင့် တစ်ခုတော့ ပါဝင်မှု့ ပမာဏခြင်းတော့ တူနိုင်မည် မဟုတ်ပါချေ။ တစ်ချို့အကြောင်းအရာများကအဓိကကြောင်းများဖြစ်ပြီး အချို့သော ကြောင်းအရာများသည် သာမည အကြောင်းအရာများ ဖြစ်ပါလိမ့်မည်။ သို့သော် အကြောင်းအရာတိုင်းသည် သူ့နေရာနှင့်သူတော့ အရေးပါမည်သာဖြစ်ပါသည်။

နိဂုံးချုပ်ဆိုသော် သဘာဝကြီးက ကျွန်တော်တို့၏ လုပ်ဆောင်ချက်အားလုံးကို မှတ်တမ်းတင်ထားပါသည်။ ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ ထိုအကြောင်း (cause) တစ်ခုသည် သက်ရောက်မှု့ (effect) တစ်ခု ခုတော့ မလွဲမသွေရှိပါသည်။ သင်ကောင်းတာလုပ်သော်လည်း ဆိုးသောသက်ရောက်မှု့လည်း ရှိနိုင်သလို သင်မဟုတ်တာလုပ်သောလည်း ကောင်းသောသက်ရောက်မှု့လည်း ဖြစ်နိုင်နေသေးသည်။ အဘယ်ကြောင့် ဆိုသော သက်ရောက်မှု့ (effect) တိုင်းသည် သင်၏လုပ်ဆောင်ချက် တစ်ခုထဲကြောင့် မဟုတ်ပဲ သန်းပေါင်များစွားသော် အကြောင်းများ (causes) ကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်လေသည်။ထို့ကြောင့် ကျွန်တော်တို့၏ပတ်ဝန်းကျင်ရှိအကြောင်းအရာများအားလုံးသည်လည်း ကျွန်တော်တို့နှင့် တိုက်ရိုက်ဖြစ်စေသွယ်ဝိုက်၍ ဖြစ်စေသက်ဆိုင်နေပါသည်။ မည်သည့်အရာကိုမှ လျှစ်လျှူရှု့လို့ မရပါချေ။မည်သို့ပင်ဖြစ်စေကာမူ ကောင်းသည့် အကြောင်းများလုပ်လျှင် ကောင်းသော အကျိုးများဖြစ်ပေါ်လာဖို့ များပြီး မကောင်းသည့် အကြောင်းများလုပ်လျှင် မကောင်းသော အကျိုးများ ဖြစ်ပေါ်လာဖို့များမည် ဆိုသည်မှာ မြေကြီးလက်ခက် မလွဲပါချေ။

“သင်ပြုလုပ်သော အကြောင်းကိစ္စတစ်ခု (သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ) အတွက် အကျိုးသက် ရောက်မှု့တစ်ခုခု မလွဲမသေရှိနေမည် ဖြစ်ပါသည်”

မှတ်ချက်။ အချို့သော အကြောင်းအရာများမှာ ဆရာမင်းသိင်္ခ၏ စာတစ်ပုဒ်ထဲမှာ ကိုးကားပါသည်။

မိုးတိမ်ညို
May,2009

ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်

ကျွန်တော်ငယ်စဉ်က တောမြို့လေးတစ်ခုမှာ နေတုန်းက ကြုံခဲ့ဖူးတဲ့ အကြောင်းအရာလေး တစ်ခုပါ။
ကျွန်တော့် မိဘတွေက အစိုးရ၀န်ထမ်းတွေဆိုတော့ နယ်တကာလှည့်ပြီး မကြာခဏပြောင်း ရွေ့ တာဝန် ထမ်းဆောင်ရပါတယ်။ တစ်ခါတော့ ကျွန်တော်တို့ အလွန်ခေါင်တဲ့ တောမြို့လေးတစ်မြို့ကို ပြောင်းရပါတယ်။ ခေါင်သမှ တစ်မြို့လုံးမှ အိမ်ခြေက ရာဂဏန်း။ ကားဆိုလို့ တောသူဌေးတစ်ယောက် ပိုင်တဲ့ဂျစ်ကား တစ်စီးရယ်၊ ဟီးနိုးကားကြီး နှစ်စီးရယ် မီးသတ်ကား တစ်စီးရယ်ပဲ ရှိတာဗျာ။ မြို့ကြီးသွား ချင်ရင် အဲဒီ ဟီးနိုးကား တွေ ထွက်တဲ့ရက် ကိုပဲ စောင့် စီးရတာ။ ကတ္တရာလမ်းက တစ်လမ်းပဲရှိတယ်။

ကျွန်တော်က မူလတန်း။ အဲဒီ မြို့နယ်မှာ တစ်ခါတော့ ပန်းချီပြိုင်ပွဲလုပ်တယ်။ မူလတန်း အဆင့် လဲ ပါတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ ကျောင်းလေးက ဆရာမတွေက သူတို့ အတန်းက ကျောင်းသား တိုင်းကို ပန်းချီတစ်ပုံ စီဆွဲယူလာဖို့ ပြောတယ်။ အဲဒီ အထဲက ပုံဆွဲကောင်း တဲ့ သူကိုမှ ပြိုင်ပွဲကို ပို့မယ်ပေါ့လေ။ အဲလို စီစဉ်ထားကြတယ် ထင်ပါရဲ့။ ခေါင်းစဉ်က ကျွန်တော့် ရည်မှန်းချက် ဒါမှမဟုတ် အဲဒါနဲ့ ခပ်ဆင်ဆင်ပဲ။ အဲဒီ အဓိပ္ပာယ်ကတော့ အဲဒါပဲ။ ကျွန်တော်တို့ တွေလည်း ကိုယ်စိတ်ထဲရှိတာ ဆွဲကြတာ ပေါ့။ ခဲတံနဲ့ ပဲဆွဲတာပါ။ ကြုံတုံး ကြွားရဦးမယ်။ ကျွန်တော်က ပန်းချီနဲ့ ပတ်သက်လို့ သုညပဲဗျ။ ကျွန်တော် ဆွဲတာက လေယာဉ်မှုးပုံနဲ့ လေယာဉ်ပုံ။ ရုတ်တရက်ကြည့် ရင် လေယာဉ်က ငှက်ပျောတုံးကြီးနဲ့ တူနေသ လိုပဲ။ (ဒါက အခုမှ တွေးမိတာပါ။ အဲဒီတုန်းကတော့ ကိုယ့်ကိုကိုယ် အဟုတ်ပေါ့)

ကျောင်းကိုယူသွား ပြီးပြတဲ့ နေ့ကျတော့ အသီးအသီး ပုံလေးတွေဆွဲယူလာကြတယ်။ တစ်ယောက်က တော့ ပုံဆွဲမဆိုး ဘူးဗျ။ သူကသေဘာၤ ကပၸတိန္ပံု။ သင်္ဘောတစ်စင်းပုံနဲ့ ပင်လယ်ပြင်ကြီး လည်းပါတယ်။ တော်တော်လှတယ်ပေါ့ဗျာ။

အဲဒါပေမယ့် ရွေးတော့ ကျွန်တော့်ကို ရွေးတယ်ဗျာ။ ကျွန်တော်က သူ့ပုံကို ကြည့်ပြီး ပြိုင်ပွဲမှာ ဆွဲတဲ့။ ဟင် ကျွန်တော့်စိတ်ထဲမှာ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” ဆိုပြီးတော့ ခဏတော့ တွေးမိသေးတယ်။ နောက်တော့ လဲ ကလေး ဆိုတော့ မေ့မေ့ ပျောက်ပျောက်ပါပဲ။ ပြိုင်ပွဲဝင်တော့ ဆုရဖို့နေနေသာသာ အညံ့ဆုံး စာရင်းထဲ မပါတာ ကံကောင်းဗျာ။ ပုံဆွဲပညာမှာ သုညပဲရှိတဲ့သူကို ဆွဲခိုင်းတော့ ဒီလိုပဲနေ မှာပေါ့ဗျာ။

နောက်ကြီးမှ ပြန်စဉ်းစားကြည့်တော့ ဆရာမတွေက ကျွန်တော့်ကို ဘာလို့ရွေးတာလဲဆိုတော့ ဟိုပုံ တစ်ကယ် ဆွဲတတ်တဲ့ ကောင်လေး က အနားကရွာက၊ ကျွန်တော်ကျတော့ မြို့ပေါ်က အရာရှိရဲ့ သား။ ပိုက်ဆံလည်း သူတို့ထက်တော့ တတ်နိုင် မပေါ့ဗျာ။ ရောင်စုံခဲတံတွေ ဘာတွေကျတော့ အဲဒီ ကောင်လေးရဲ့ မိဘတွေက မ၀ယ်ပေး နိုင်ဘူးလေ။ ကျောင်းက ရံပုံငွေလည်း မရှိဘူး ထင်တယ်။ ဆရာမတွေလည်း မစိုက်နိုင်ဘူးပေါ့။ အရာရှိသားဆိုတော့ မျက်နှာရချင် တာလည်း ပါချင် ပါမှာပေါ့။ အဲဒီတော့ သူတို့ ကအဲလိုတွေးပြီးရွေးလိုက်တော့ ဘာဖြစ်သွားသလဲ။ တစ်ကယ်တော်တဲ့ ကောင်က မြုတ်သွားတယ်။ ကျွန်တော့်လို ငမြောက် ငခြောက်က သွားဖြေတော့ ၀က်ဝက်ကွဲရော။ (၀က်ဝက်ကွဲ ရှုံးတာကို ပြောတာပါ)

ကျွန်တော်က “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်”လို့ တွေးမိသလို အဲဒီကျောင်းသားလေးကလဲ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” လို့ တွေးမိမှာ အမှန်ပါပဲ။

အခုတော့လဲ အဲဒီ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်”ဆိုတာတွေကို အကြိမ်ပေါင်း များစွာတွေ့ရတော့ ရိုးသလို တောင် ဖြစ်နေပါ ပြီဗျာ။
မှတ်ချက်။ “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်” ဆိုသည်မှာ ဆရာကြီး ရွှေဥဒေါင်း၏ တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ် များ ထဲမှ စကားလုံး ဖြစ်ပါသည်။

(ကိုပေါ၏ comment ပါရင် ပိုပြည့်စုံလို့ အောက်မှာ ဖော်ပြထားလိုက်ပါသည်)

Ko Paw April 16, 2009 3:02 AM

ကိုမိုးတိမ်ညို….ခင်ဗျားနဲ့ကျနော်ကတော့ ရွှေဥဒေါင်း တသက်တာ မှတ်တမ်းကို ကြိုက်တဲ့နေရာမှာ တူနေပြန်ပြီဗျာ။ ခင်ဗျားအဖို့က “ဘယ်နှယ့်ပါလိမ့်၊ ဘယ်လိုပါလိမ့်”လောက်ပဲ တွေးဖြစ်မယ်။ ဟိုကျောင်းသားကလေးခမြာမတော့ ရင်ထဲမှာ ဆူးကြီးတချောင်း ပေါက်သွားမှာ ကျိန်းသေတယ်ဗျိုး။း-)



April 2009
မိုးတိမ်ညို

ထူးဆန်းထွေလာ

တစ်ခါကကျွန်တော်တို့အိမ်တွင် နယ်ဘက်မှ အလွန်သပ္ပာယ်သော ဆင်းထုတော် လေး တစ်ဆူ လက်ဆောင် ရဖူးလေသည်။ ထိုဆင်းထုတော် လေးသည် အမြင်အား ဖြင့် အခြား ဆင်းထု တော် များနှင့် မတူပဲ တစ်မူထူးခြားနေသယောင် ထင်ရလေ၏။ မည့် သို့ ထူးခြားသနည်း ဆိုသည်ကို တော့ မပြော တတ်ပါ။ သီးသားနှင့် ထုထားသည် ဟုထင်ပါသည်။ ထိုဆင်းထုတော် လေးကို ဘုရားစင် တွင် နေရာ အကျအနလုပ်ကာ ကိုးကွယ် ထားပါသည်။

ဘုရားစင်တွင် ကိုးကွယ်ထားပြီးနောက် ထိုဆင်းထုတော် ကလေးနှင့် ပတ်သက်ပြီး ထူးဆန်းအံ့သြဖွယ်ရာ ကြုံရပါသည်။ ကျွန်တော်တို့ အိမ်ရှိ ဘုရားစင် သည် အိမ် အရှေ့ဘက်တွင် ရှိသော ကြောင့် ဆင်းထုတော် လေးမှာ အနောက် ဘက်လှည့် လျှက် ရှိပါသည်။ ထူးဆန်းသည် မှာ ထို ဆင်းထုတော်ကလေးသည် မနက်လင်း လျှင် တောင်ဖက်သို့ လှည့် လျှက် တွေ့ရခြင်းဖြစ်လေသည်။ ပထမတော့ တစ်စုံတစ်ယောက် မတော်တဆ တိုက်မိ၍ လှည့်သည်ဟုသာ ထင်ကြပါသည်။ အိမ်တွင် ကြောင်များလည်း ရှိသော ကြောင့် မတော် တဆဖြစ်နိုင်စရာ အကြောင်းအရာ များစွာရှိပါသည်။ သို့သော် ထိုဆင်းထုကလေးသည် နေ့စဉ်နေ့ တိုင်း တောင်ဘက်သို့သာ လှည့် သွားပါသည်။ အိမ်သား အားလုံးကို လိုက်မေးပြီး သေချာ စောင့် ကြည့်သော် လည်း မည်သူမျှ မတိုက်မိ၊ မရွေ့မိပဲ လှည့်သွားလျှက်ပင် ရှိပါသည်။ ဘုရားစင်ပေါ်တွင် အခြား ဆင်းထုများရှိသော်လည်း ထိုဆင်းထုလေး သာလျှင် လှည့်သွားပါသည်။ အခြားဆင်းထုများမှာ နဂိုနေရာ မပျက် ပါချေ။

ထိုအခြင်းအရာ ကို အိမ်ရှိ လူများ အလွန် အံ့သြကြပါသည်။ အဒေါ်များမှာ အဆိုးဆုံးဖြစ်သည်။ သူတို့သည် ဤအကြောင်းအရာကို အဓိပ္ပာယ် အမျိုးမျိုးကောက်ကြပါသည်။ အတိတ်များ ကောက်ကြသည်။ ဘုရားခန်း တွင် ဖယောင်းတိုင်များ၊ အမွှေးတိုင်များ မပြတ်ထွန်းညှိကြသည်။ ဘုရား ရှိခိုးချိန် ယခင်ကထက် ပိုများလာ ကြသည်။ မိတ်ဆွေသူငယ်ချင်းများကို ပင် ခေါ်ယူကြွားဝါသဖြင့် ထိုအချိန် က အိမ်တွင် ထိုဆင်းထုတော် လေးကို လာဖူးသူများ အ၀င် အထွက်များလျှက်ပင်ရှိပါသည်။ ကျွန်တော်က တော့ ထိုကိစ္စကို သိပ်ဘ၀င် မကျပါ။ နဂိုကတည်း က ဘာသာရေးနှင့် ပတ်သက်သော (miracle) များကို ချင့်ချင့် ချိန်ချိန်သာ ယုံကြည် ပါသည်။ ဤကိစ္စသည် လည်း အကြောင်းတစ်ခုခုရှိရမည်ဟု ယူဆထားပါသည်။
ထိုဆင်းထုလေးမှာ ဆွေမျိုးမိတ်ဆွေ အသိုင်း အ၀ိုင်းတွင် ကျော်ကြားလျှက်ရှိပါသည်။ မည်သို့ပင် ပြန်လှည့် ထားစေကာမူ နောက်တစ်နေ့တွင် တောင်ဘက်သို့သာ လှည့်သွား စမြဲဖြစ်လေသည်။ ထူးဆန်းပေစွ။

သို့သော်……
မထင်မှတ်သော နေ့တစ်နေ့တွင် ထိုကိစ္စနှင့် ပတ်သက်ပြီး အဖြစ်မှန်ပေါ်လာပါသည်။ အိမ်တွင် ရေပြတ် သည့် နေ့တွင်ဖြစ်လေသည်။ ရှင်းပါမည်။

ကျွန်တော်တို့ အိမ်တွင် အ၀ိစိတွင်းမှ ရေကို ရေမော်တာ နှင့် စုပ်ယူပြီး တိုင်ကီပေါ်သို့တင်ရပါသည်။ တစ်ရက်သော် ထိုရေမော်တာ ပျက်ပါလေသည်။ ထိုနေ့တွင် ဆင်းထုလေးမှ လည်း တောင်ဘက်သို့ မလှည့်တော့ပါ။ ရေမော်တာသည် ထိုနေ့က ကွိုင်ပြတ်သွားပါသည်။ ထိုမော်တာသည် ဘုရားခန်းရှိသော အပေါ်ထပ်၏ အောက်ထပ်တည့်တည့် အခန်းလေးထဲတွင် ရှိသောကြောင့် ရေမော်တာ လည်တိုင်း တုန်ခါမှု့ ကြောင့် ဆင်းထုလေးမှာ ရွေ့လျှားသွားခြင်းဖြစ်လေသည်။ အခြားဆင်းထုများမှာ မည်သို့ မှ မနေရပါ။ အဘယ့်ကြောင့် ဆိုသော အခြား ဆင်းထုများမှာ ကြေးဆင်းထုများ ဖြစ်ပြီး အလေးချိန် အတန် အသင့် ရှိပြီး သီးသား ဆင်းထုလေးမှာကား အလွန်ပေါ့ပါးသောကြောင့် ဖြစ်သည်။
ထိုနေ့က ရေမချိုးရ၍ အိုက်စပ် နံစော်နေသောလည်း ကျွန်တော် ကျေနပ်ပါသည်။ အမှန်တရား တစ်ခုကို သိခွင့် ရလိုက်၍ ဖြစ်သည်။

အဒေါ်များက တော့ သိပ်မကျေနပ်ကြပါ။ ဘာကို မကျေနပ်သလဲတော့ မပြောတတ်ပါ။ ဖြစ်နိုင်သည်မှာ သူတို့ အမှန်ဟု ယူဆထားသော (ဖြစ်စေချင်သော) အကြောင်းအရာ တစ်ခုက အမှားဖြစ်သွားသော ကြောင့် စိတ်ကသိကအောင့် ဖြစ်နေပုံရပါသည်။ ထိုနေမှ စ၍ယခင်အတိုင်း ဘုရားရှိခိုးချိန်လည်း ပြန်နဲ သွားသည်။ ဖယောင်းတိုင် အမွှေးတိုင်များလည်း ပုံမှန်သာ ထွန်းညှိတော့ သည်။ ထူးဆန်းပေစွ။

ထိုကဲ့သို့သော ထူးဆန်းထွေလာ (miracle) များမှာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကျွန်တော်တို့ အတွက် သိပ် အကျိုးမရှိဟု ယူဆပါသည်။ သစ္စာလေးပါး တရားကို မသိသရွေ့ မည့်မျှပင် ထူးခြားသော အခြင်းအရာဖြစ်စေ ကျွန်တော်တို့ အတွက် တရားကို သိခြင်းလောက် အကျိုးမရှိနိုင်ဟု ယူဆပါသည်။ ကျွန်တော့် အမြင် အရမူအချို့ လူများသည် (miracle) များနောက်ကို သာ လိုက်နေပြီး အဓိကကျ သောတရားကို မေ့လျှော့နေသည်ဟုထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုထူးဆန်းထွေလာများ ကို ကိုးကွယ်ရခြင်းသည် လွယ်ကူသက်သာပြီး တရားအားထုတ်ရခြင်းမှာ ခက်ခဲပင်ပန်းသော ကြောင့် ဖြစ်နိုင်ပါ သည်။ ထို့ကြောင့် အချို့လူတို့ သည် လွယ်ကူ သက်သာသော အရာများ၊ အလွယ်တကူ သိမြင်နိုင်သော အရာများ ကိုသာ ကိုးကွယ်ကြသည် ဟုမြင်ပါသည်။

ကျွန်တော်သည် ဗုဒ္ဓဘာသာကို အခြားဘာသာဝင်တို့က ရုပ်ထုကိုးကွယ်သော ဘာသာဟု ပြောခံရလျှင် အလွန်နာပါသည်။ သို့သော် ထိုသူများကို လည်း အပြစ်တင်၍မရပါ။ သူတို့မြင်တွေ့နေရသော ပုံစံအရ အပြင်လူများမှာ ထိုကဲ့သို့သာ ထင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ပညာရှင်တစ်ဦး ၏ အောက်ပါ စကားစု လေးကို ပြန်လည် ကိုးကားလိုက်ပါသည်။

“ဗုဒ္ဓ္ဓဘာသာသည် သက်ဝင်ယုံကြည်ရုံ၊ ကိုးကွယ်ပသရုံ နှင့် ဆုတောင်း ရုံသက်သက်မဟုတ်ပါ။ ဗုဒ္ဓ္ဓဘာသာသည် သင်ယူရန်၊ လေ့ကျင့်ရန် နှင့် ထိုးထွင်းသိမြင်ရန်ဖြစ်လေ၏။”

မိုးတိမ်ညို

ဘုရားဖူးသွားခြင့်း

မနေ့ကတနင်္ဂနွေနေ့လေ။ ချစ်သူလေးနဲ့အတူ ဘုရားကိုသွားကြတယ်လေ။ ခင်မောင်တိုး သီချင်း ထဲကလို ပေါ့ဗျာ။ “မောင်မယ်စုံတောင်ဖက်မုတ်က လှေခါးထစ်တွေ တက်ရင်းနဲ့လေ ရေကြည့်ကြတာပေါ့ “ ဆိုသလိုပေါ့။ ဒါပေမယ့် ကျွန်တော်တို့သွားတာက မန္တလေးက မဟာမုနိ ဘုရားကြီးဆိုတော့ လှေခါးတော့ တတ်စရာမလို ဘူးပေါ့။

အဲဒီနေ့ မနက်စောစော ကောင်မလေးနဲ့အတူ ဆိုင်ကယ်လေးနဲ့ထွက်ခဲ့ပါတယ်။ ကုသိုလ်လည်း ရ၀မ်းလည်း ၀ပေါ့။ အဲဟုတ်သေးပါဘူး။ ဒီလိုနဲ့ ဘုရားကြီးကိုရောက်တော့ ဆိုင်ကယ် စတန်းမှာ ဆိုင်ကယ် အပ်တော့ အပ်ခက ၂၀၀ တဲ့။ မန္ထလေးမှာ နေရာအတော်များများမှာ အဲဒီအချိန်က ဆိုင်ကယ် အပ်ခက ၁၀၀ ပဲပေးရတယ်ဗျ။ အင်းလေ မန္တလေးမြို့ရဲ့ အထင်ကရ သမိုင်းဝင် ဘုရားကြီးပဲ ဒီလောက်တော့ လှူရမှာပေါ့။

ဆိုင်ကယ် စတန်းကနေ ဘုရားထဲကို လျှောက်ရ တဲ့လမ်းက တော်တော် ညစ်ပတ်တယ်။ ဖိနပ်ကို ထားခဲ့တာဆိုတော့ ဖိနပ်မပါပဲ လျှောက်ရတာလေ။ မနေ့က မိုးလည်းရွာထားတော့ ရွံ့တွေနဲ့။ မတတ်နိုင်ဘူးလေ။ ဒီလမ်းတစ်လမ်းပဲရှိတာကိုး။ အဲဒီမှာ ပထမဆုံးတွေ့ရတာကတော့ ပန်းရောင်းတဲ့မမတွေလေ။ ၀ယ်ပါယူပါနဲ့ အလကားပေးနေသလား မှတ်ရတယ်။ မ၀ယ် ဘူး ပြောလည်း မရဘူး။ ဇွတ်ဗျ။ တကယ်ဝယ်တော့ လည်း ပန်းစည်းသေးသေးလေးကို ၅၀၀ လောက်ပေးရဦးမယ်။ ၅၀၀ လောက်လည်း ဘာအရေးလဲ ဘုရားလာတာ ကုသိုလ်ရဖို့ပဲ မဟုတ်လား။ လှူတယ်လို့ သဘောထားရမှာပေါ့။


ပြီးတော့ အဲဒီပန်းသယ် မမတွေနဲ့ အပြိုင်က ပိုက်ဆံတောင်းတဲ့ အဒေါ်ကြီးတွေလေ။ အောင်မာ တန်းစီပြီးတောင်းနေတာဝန်ကြီးချုပ်လာလို့ လူတွေ တန်းစီပြီးကြိုနေတာကျနေတာပဲ။ မဆီမဆိုင် ကိုယ်တောင် ဘ၀င်မြင့်သွားသေးတယ်။ သဒ္ဓါတရားထက်သန်စွာနဲ့ ၂၀၀ လှူခဲ့ပါသေးတယ်ဗျာ။ သာဓုခေါ်ကြပါ။

ဘုရားထဲကို စ၀င်တော့ လမ်းဘေးမှာ ဈေးသည်တွေ အများကြီးပဲ။ မုန့်သယ်၊ အရုပ်သည်၊ ပန်းချီပုံ ဓါတ်ပုံ ရောင်းတဲ့ အသည်၊ အစုံပဲဗျ။ အဲဒီအထဲမှာ သတိထားမိတာကတော့ ငှက်ရောင်း တဲ့သူ ကိုပဲ။ လှောင်ချိုင့်ထဲမှာ ငှက်ကလေးတွေ အများကြီးပဲ။ ကုသိုလ်ကောင်းမှု့လုပ်တဲ့ ဗုဒ္ဓဘာသာ ၀င်သူတော်စင်တွေက တကူးတကဖမ်းထားတဲ့ ငှက်ကလေးတွေ ကို တကူးတက လွတ်ပြီးကု သိုလ် ယူကြတယ်တဲ့ဗျ။
တစ်ချို့က

“နင့်အသက်တစ်ခါလွှတ် ငါအသက်ဆယ်ခါလွတ်”

လို့ အော်ကြတယ်ဆိုပဲ။ တော်တော်မြတ်တာပဲနော်။ တစ်ချို့ကလည်း ဗေဒင်ဆရာရဲ့ ယတြာအရ ဘယ်နေ့မှာ ငှက်ဘယ်နှစ်ကောင်လွတ်ရမယ်ဆိုပြီး လာလွတ်တာလည်း ရှိသေးဆိုရဲ့။ ဗေဒင် ဆရာနဲ့ ငှက်ရောင်းတဲ့ သူစီးပွားဖက်စပ်များ လုပ်ထားသေးသလားလို့ မဆီမဆိုင်တွေးမိသေး ဗျာ။
ကျွန်တော်တို့ အနားရောက်တော့ ငှက်ရောင်းတဲ့သူက

“အကိုကြီး ငှက်ကလေးတွေ လွတ်ပေးပါဦး” တဲ့။

အောင်မာသူပြောတဲ့ပုံက သူ့ငှက်မလွတ်ရင် ကိုယ်ကပဲ အကြင်နာတရား မရှိတဲ့သူလိုလို။ သူကြည့်တဲ့ အကြည့်ကလည်း သေခါနီးလူနာကို ကုလို့ရရဲ့သားနဲ့ ပိုက်ဆံမရလို့ မကုတဲ့ ဆရာဝန် ကိုကြည့်သလိုမျိုး။ ထင်ချင်သလိုထင်ကွာ။ ကျွန်တော်တော့ မလွတ်ဘူး။ ပြီးရင် သူတို့ကပြန်ဖမ်းမှာပဲ။ တစ်ချို့ကတော့ ပြောကြတယ်။ သူ့ဟာသူပြန်ဖမ်းဖမ်း မဖမ်းဖမ်း မင်းဒီ တစ်ကြိမ် လွတ်လိုက်ရင် အဲဒီငှက်ကတော့ အကျိုးရှိသွားတာပဲတဲ့။ ဒါလည်း ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် စဉ်းစားကြည့်ပါ။ ကျွန်တော်က အဲဒီလို လွတ်လိုက်ပြီထား ငှက်ကတော့ လွတ်သွားပါတယ်။ သူတို့က အကျိုးအမြတ်ရသွားတယ်။ လွတ်တဲ့သူများလေလေ သူတို့က အကျိုးအမြတ်ပိုများပြီး နောက်ဆို ပိုကောင်းတဲ့ ငှက်ထောင်နည်းတွေသုံး။ ငှက်တွေပိုဖမ်း၊ လူတွေကပိုလွတ်နဲ့ တော်ပြီ အဲဒီ သံသရာထဲ ကျွန်တော် မပါချင်ဘူး။

“ ပိုက်ဆံကုန်သူ ကျွန်တော်မျိုး၊ အဖမ်းခံရသူငှက်၊ အကျိုးအမြတ်ရသူ သူတို့” ပဲလေ။

ဟင်း ဘုရားလာမှ အကုသိုလ်အတော်များနေပြီ။ စိတ်လျှော့ တရားနဲ့ဖြေ။

အဲလိုနဲ့ ဆက်လျှောက် လာတော့ ရှေ့နားလူသွားလမ်းဘေးမှာ ဦးဇင်းတစ်ပါး။ မတ်တပ်ရပ် မျက်စိစုံမှိတ် သပိတ်လေးပိုက်ပြီး ပါးစပ်ကလည်း ပတွတ် ပတွတ်နဲ့ ဘုရားစာရွတ်နေတာဗျာ။ ဘာလုပ်တာလဲလို့ သေချာကြည့်လိုက်တော့မှ အလှူခံနေတာဗျ။ အော်ဖြစ်မှ ဖြစ်ရလေ။ အလှူခံတာများ ရိုးရိုးခံလည်း ရပါတယ်။ အခုဟာက သီချင်းအကျယ်ကြီးဖွင့်ပြီး သူလာတာ သိအောင်လုပ်ရတဲ့ ထီလှည်းလိုဖြစ်နေပြီ။ ဟောဗျာ အကုသိုလ်တစ်မျိုးဝင်ပြန်ပြီ။ မဖြစ်ဘူး အထဲမြန်မြန်ဝင်မှ ဆိုပြီး သုတ်သုတ်လျှောက်လာခဲ့တယ်။ ဘုရားထဲဝင်ခါနီး ပြတိုက်နားမှာ လည်း ပိုက်ဆံတောင်းတဲ့ အမယ်ကြီး တစ်စုဗျာ။ လာပြန်ပြီဒီမှာ တစ်ဖွဲ့။ အတွင်း(၃၇) မင်း အပြင်(၃၇) မင်းများ ခွဲထားသလားပဲ။ ဒါနဲ့ ကျွန်တော်လည်း ရှေ့ဆုံးက အမေကြီးကို ၂၀၀ လှူခဲ့ပါတယ်။ အဲပြီးတော့ ကျွန်တော် အမှတ်တမဲ့ လှည့်ကြည့်လိုက်တော့ သူတို့က အဲဒီပိုက်ဆံကို ခွဲဝေယူနေကြတာဗျာ။ အဲဒီတော့ မှ သဘောပေါက်တယ်။ သြော် ရှယ်ရာလုပ်ငန်းကိုးလို့။

နောက်ဆုံး တော့ ဆင်းထုတော်ထားတဲ့ ဂူနားကို ရောက်လာခဲ့ပါတယ်။ လူတွေကို ကြိတ်ကြိတ်တိုး နေတာပဲဗျ။ အထဲမှာ တစ်ခုခု အလကားဝေနေသလားမှတ်ရတယ်။ မိန်းမတွေကတော့ အထဲမ၀င်ရတော့ အပြင်ကနေပဲ မျှော်ပြီး ရှိခိုးရတယ်။ မရွှေချောကတော့ အပြင်မှာ ရှိခိုးနေခဲ့ပြီး ကျွန်တော်က လူတွေကို တိုးဝှေ့ ပြီး ကန်တော့ရအောင်အထဲဝင်။ နှစ်ပေပတ်လယ်လောက် နေရာလေးရအောင်မနည်းကြိုးစား ရှာရတယ်။ အထဲမှာ ချွေးနံ့ လူနံ့တွေက မွန်းကျပ်နေတာပဲ။ ထိုင်ပြီးကန်တော့မယ်ဆိုပြီး မော့လိုက်တော့ ဆင်းထုတော်မှာ ရွှေချနေတဲ့သူတွေ မနည်းပါလား။ ကန်တော့ပါရဲ့ ထန်းလျှက်ခဲကို ၀ိုင်းအုံနေတဲ့ ပုရွက်ဆိတ်တွေ ကျနေတာပဲ။ ကိုယ်ကဘုရား ကန်တော့ချင်တာ မထူးပါဘူးကွာကဆိုပြီး သူတို့ပါရောကန်တော့ခဲ့ရတယ်။ ပညာရှိတွေကတော့ ပြောကြတယ်။ ကိုယ်ကဘုရားကို ရည်စူးပြီး ရှိခိုးတာပဲတဲ့။ သူတို့ရှိလည်း ကိုယ်ကစိတ်ရှင်းနေဖို့ပဲ အရေးကြီးတယ်တဲ့။ ဟုတ်ကဲ့ အဲလိုဆိုကျွန်တော်ကလည်း ပြန်ပြောချင်ပါတယ်။ အဲလိုရည်စူးပြီး ကန်တော့တာဆိုရင် ဘာလို့များ ဘုရားကြီး လာနေသေးလည်းဗျာ။ ကိုယ့်အိမ်က ဘုရားကို ကန်တော့ပေါ့။ မျက်နှာတော်ကြည့်ချင်ရင် ပုံတော်တွေဝယ်လို့ရတာပဲ။ ကဲအဲလိုပြောတော့ ကျွန်တော်က ပဲ လူ့ဂွစာဖြစ်ဦးမယ်။ ထားပါတော့လေ။ ဘာပဲဖြစ်ဖြစ်ကန်တော့ခဲ့ပါတယ်။

အဲကန်တော့နေတုန်းအပြင်ထွက်တဲ့ သူတစ်ယောက်က၀င်တိုက်သွားသေးတယ်။ အမလေး ငြိမ်းချမ်းလိုက်တာဗျာ ဘုရားကန်တော့ရတာ။ ကျွန်တော်လည်း ခပ်သုတ်သုတ်ကန်တော့ပြီး ပြန်ထွက်လာခဲ့တယ်။ (ပြန်အထွက်မှာ ကန်တော့နေတဲ့သူတစ်ယောက်ကို ၀င်တိုက်ခဲ့သေးတယ်)။ အပြင်ရောက်တော့ မရွှေချော ကကန်တော့ လို့မပြီးသေးဘူး။ လက်ထဲမှာ လည်း ဘယ်အချိန်က၀ယ်ထားမှန်းမသိတဲ့ ပန်းစီးနှစ်စီးနဲ့။ တစ်စီးကတော့ ကျွန်တော့ အတွက်ပဲနေမှာပါ။ ဟဲဟဲ။ အဲလိုတွေးပြီးကြည်နူးနေတုန်း အနားကို ဦးဇင်းနှစ်ပါးရောက်လာတယ်။
“ဒကာ ဦးဇင်းတို့အတွက် နေ့ဆွမ်းဖိုးလှူပါဦးတဲ့”
ခပ်မာမာပြောတယ်။ ကျွန်တော်က ကန့်တော့ပါသေးရဲ့ လို့ပြန်ပြောလိုက်တော့ အနားကပ်လာပြီး ခပ်မာမာထပ်ပြောတယ်။ “ဒကာ ဦးဇင်းတို့အတွက် နေ့ဆွမ်းဖိုးလှူပါ” တဲ့။ရန်ရှာတော့မယ့်ပုံဗျာ။ ရုပ်ရှင်ထဲမှာ မင်းသားကို လူဆိုးနှစ်ယောက်က ၀ိုင်းလာသလိုမျိုးပဲ။ ရုပ်ရှင်ထဲမှာ ဆိုရင်တော့ မင်းသားက ယိယားဆိုပြီး ချပြစ်လိုက်မှာပဲ။ ဒါမေမယ့် အခုတော့ဗျာ ဗုဒ္ဓဘာသာဝင် သူတော်စင် တွေကြားမှာ ကျွန်တော်က ဗုဒ္ဓဘာသာ ဘုန်းကြီးနှစ်ပါးနဲ့ ထရန်ဖြစ်နေရင် တယ်မသင့်တော်တာနဲ့ ၅၀၀ ထုတ်ပေးလိုက်ပါတယ်။ စိတ်ထဲမှာတော့ ဒမြတိုက်ခံရသလိုပါပဲ။ ဘုန်းကြီး အတုတွေကြောင့် ဘုန်းကြီး အစစ်တွေ ဘယ်လောက် သိက္ခာကျလိုက်မလဲ စဉ်းစားကြည့်ကြပါ။

ဒါနဲ့ဖြစ်ချေဘူးဆိုပြီး နေရာပြောင်း ရပ်တော့ ဘုရားကြီးလုံခြုံရေး ယူနီဖောင်းနဲ့ လူတစ်ယောက်လာပြီးတော့

“ညီလေး မျက်နှာသစ်တော် ရပြီးပြီလား”တဲ့။

ကျွန်တော်ကလည်း ဘုမသိဘမသိနဲ့ မရသေးဘူးအစ်ကို လို့ပြောလိုက်တော့ ဒါဆိုလာ ဆိုပြီးတော့ အနားက ကောင်တာကနေ မျက်နှာသစ်တော် တဘက်တစ်ခုယူပေးတယ်။ ကျွန်တောက်က ကျေးဇူးပဲ အစ်ကိုကြီး ကို ပြောမလို့ကြံနေတုန်း
“ငါးရာပါ ညီလေးတဲ့”။
အောင်မလေး ဒါကအေးဒမြ ဗျ။ ၀ယ်ရမယ်ဆိုကျွန်တော်လိုရင် ၀ယ်မှာပေါ့ဗျာ။ အခုဟာက အလကားဝေသလိုလိုနဲ့။ ပိုက်ဆံကုန်သွားတာကို မနှမြောပါဘူုးဗျာ။ လူလည်ကျတယ်ထင်လို့ပါ။ တတ်နိုင်ဘူးလေ ပေးလိုက်ရတာပေါ့။ ဂေါပကလူကြီး ချွေးသုတ်တဲ့ တဘက် မဟုတ်တာ တော်သေး ပဲလို့ အောင့်မေ့ရတာပဲ။ ကျွန်တော်တော့ ဘုရားကြီးတစ်ခေါက်သွားတာ အကုသိုလ်တွေပဲ ရလာတယ်ဗျာ။ စိတ်ထားတတ်ရင်မြတ်တယ်တဲ့။ ကျွန်တော်ကမထား တတ်လို့ပဲနေမှာပါ။

ကျွန်တော့်ကောင်မလေး ကိုဒီအကြောင်းတွေပြောတော့ အဆူခံရတယ်ဗျာ။ သူတို့ ခဏခဏလာ နေတာ ဘာမှ မဖြစ်ဘူးတဲ့။ ရှင့်ကျမှ ဖြစ်တယ်။ ရှင်ကိုက အဆိုးမြင်ဝါဒီဖြစ်နေလို့နေမှာတဲ့။ ဟုတ်ပါတယ်ဗျာ ကျွန်တော်ကိုက အဆိုးမြင်ဝါဒီပါ။ ဒါနဲ့ သူ့ကိုချော့ရင်း ဘုရားကို တစ်ပတ်ပတ်ပြီး အိမ်ကို အကုသိုလ်များစွာ နဲ့ပြန်လာခဲ့ပါတော့တယ်ခင်ဗျား။

မိုးတိမ်ညို
ဒီဇင်ဘာ၊ ၂၀၀၈

Saturday, October 17, 2009

ကျွန်တော်မသိတဲ့ ကျွန်တော်

မိမိကိုယ်သာကိုးကွယ်ရာဟု မြတ်စွာဘုရားကဟောခဲ့ပါသည်။ သို့ဆိုလျှင်မိမိကိုယ်မိမိ မည်သို့ကိုးကွယ် နည်း။ ကိုယ့်ဓါတ်ပုံကို တစ်ပေပတ်လည် ပုံကြီးချဲ့ပြီး ခပ်မြင့်မြင့်တစ်နေရာမှာ ချိတ်ထားပြီး နေတိုင်းရှိခိုးရင် ကောင်းမလား။ထို့သို့လည်းမဖြစ်သေးပါ။ အိမ်မှာ ကိုယ့်မိန်းမနဲ့ ကိုယ့် သားသမီးချည်းပဲဆိုရင် ဖြစ်နိုင်ချေရှိ သေး။ အဖေ၊အမေ၊ဦးလေး၊ဒေါ်လေး၊ ဘိုးဘွားတွေ ရှိနေလျှင်ထိုနည်းသည် မဖြစ်နိုင်။ သေချာစဉ်းစားကြည့် တော့လည်း ကိုယ့်ကိုကိုယ်ကိုးကွယ်ရအောင် ကိုယ်တိုင် ကိုငါဘာလဲ၊ဘယ်ကလာသလဲဆိုတာမသိ။ ဘာကောင်လဲဆိုတာမသိ။ ကိုယ်တိုင်က သူများလေးစားစရာ မကောင်းသည့် အပြင် ကိုယ်ကိုကိုယ်တောင် သိပ်မကြိုက် ချင်။ နောက်တော့မှ နည်းနည်းတွေးတတ်ခေါ်တတ်တဲ့ မိတ်ဆွေတစ်ယောက်က ရှင်းပြမှနားလည်သည်။ အဲလိုမဟုတ်ဘူးကွ။ မိမိကိုယ်မိမိ ကိုးကွယ်ဆိုတာ ကိုယ့်ရဲ့ ဥာဏ်ဝိရိယ နဲ့ ကြိုးစား ပြီး လုပ်ရမှာကိုပြောတာ။ တို့ဘုရားက လမ်းပဲညွှန်ပြတာကွတဲ့။ သူက နောက်ထပ်အများကြီးဆက်ပြောပါ သေးသည်။ ကျွန်တော်က ခပ်ထိုင်းထိုင်းဆိုတော့ ဒီလောက်ပဲနားလည်လိုက်တယ်။

တစ်ချို့ကလည်း ကျွန်တော်တို့တွေ အားလုံးကို တစ်စုံတစ်ခု သို့ တစ်စုံတစ်ယောက်က ဖန်တီး သည်ဟု ယုံကြည်ကြသည်။ ကျွန်တော်တော့ ဥာဏ်မမှီသဖြင့် သိပ်များများစားစားမသိပါ။ အကယ်၍တစ်စုံတစ် ယောက်က ဖန်တီးသည် ဆိုလျှင်လည်း ထိုသူ့ကို မေးခွန်းများစွာ (လူပြိန်းမေးခွန်းများသာဖြစ် ပါလိမ့်မည်) မေးချင်နေ ပါသည်။ ပထမဆုံးတစ်ခု ကတော့ သတ္တ ၀ါခြင်း သတ်ရတာ မကောင်းသော် လည်း အဘယ့် အတွက် ကြောင့် သူများအသားကို စားကောင်းအောင်ထွင်ထားပါသနည်းဟု။ ကျွန်တော်က အစားမက်သည်။ အသားလည်းကြိုက်။ ဘာဘီကျူးတို့ဘာတို့ဆိုကြားတာနှင့် သားရေယိုသည်။ သို့သော် ၀က်သတ် နွားသတ်တာရံဖန်ရံခါ မြင်ရလျှင် စားထားသမျှမြိုမကျဖြစ်ရသည်။ သို့သော် ဗိုက်ဆာလျှင် ပြန်စား ဖြစ်စမြဲ။ ထို့ကြောင့် ထိုတီထွင်သည့် တစ်စုံတစ်ယောက်များရှိခဲ့ရင် နည်းနည်းလောက် ပြန်ပြင်ပေး ဖို့တောင်းဆိုချင်သည်။ ဥပမာ ၀က်ပေါင်ခြောက်တို့၊ ဘဲကင်တို့ဆိုတာ အပင်တစ်ပင်ပင်က ခူးစားရတာမျိုး။ ပုဇွန်ထုတ် ဆိုတာမျိုးကအိမ်မှာ ပန်းအိုးသေး သေးလေးနှင့် စိုက်လို့ ရတာမျိုး။ ကျွန်တော် လက်လှမ်းမှီ သလောက်စဉ်းစားကြည့်တာပါ။ ဆရာကြီးတွေမှာတော့ ဒီထက်ကောင်းတဲ့ အကြံဥာဏ်တွေ ရှိမှာပါ။ တကယ်တော့ ကျွန်တော်တို့ကမှတော်သေးတယ်။ စိတ်ဖြတ်နိုင်ရင် အသီးအရွက်ကြည့်ပဲ စားလို့ ရသေးတယ်။ အသားမှ မစားရင်သေမယ့် သတ္တ ၀ါတွေကရှိ သေးဗျ။ ကျားတို့၊ ခြင်္သေ့တို့။ ဒါပေမယ့် သူတို့က ကျွန်တော်တို့ ထက် တစ်ခုသာသွားပြန်ရော။ ကျွန်တော်တို့လို မစဉ်းစားတတ်တာလေ။ အဲဒီတော့ စိတ်ညစ်စရာမလိုဘူးပေါ့ဗျ။ စားစရာရှိစားလိုက်ရုံပဲ။ ပြီးတော့ လည်း ဘာဘာညာညာ တွေးနေစရာ မလိုဘူး။ ဒါလည်းတစ်မျိုးကောင်းတာပဲ။ မြင်ဘူး တယ်မဟုတ်လား ကျားတွေ၊ခြင်္သေ့တွေ သားကောင်ကို ကိုက်သတ်တာ အရှင်လတ်လတ်စားတာ။ မမြင်ဘူးရင် YouTube မှာ ရှာကြည့်ဗျာ။ အများကြီးပဲ။ တစ်ခါတစ်လေဆို သားကောင်ကမသေသေးဘူး။ စားတဲ့ သူကစားနေပြီ။ တကယ့် ဒုက္ခပဲဗျာ။ တစ်ချို့ကတော့ ဒါသဘာဝပဲတဲ့။ မတတ်နိုင်ဘူးတဲ့။ ဒီလိုပဲ ဖြစ်ရမှာပတဲ့။ ဒါမှ မစားရင် အဲဒီ ခြင်္သေ့က သေမှာပဲ တဲ့။ ကျွန်တော်ကတော့ အဲဒီလိုပြောတဲ့သူကို ခြင်္သေ့ စားခိုင်းပြီး အင်တာဗြူးလိုက်ချင်တယ်။ ဒါသဘာဝ နိုင်သေးလားလို့။ The Root ၀တ္ထုထဲမှာတော့ ဒုက္ခတွေ တနင့် တစ်ပိုးခံစားနေရ တဲ့ လူမည်း ကျွန်တစ်ယောက်က ညည်းတွားဖူးတယ်။ ဒါတွေအားလုံးက ဘုရားသခင်ကသာ ဖန်ဆင်းတယ်ဆိုရင် သူကတော့ မာန်နတ်ကိုပဲ ကိုးကွယ်တော့မယ်တဲ့။ သူပြောတာလည်း ဟုတ်သလိုလိုပဲ။ သေချာတော့ မပြောတတ်ဘူးလေ။ ကိုယ်က ဒီလောက်ပဲတွေးတတ်တာကိုး။
ဆရာကြီးတစ်ယောက်ကတော့ သေချာရှင်းပြတယ်။ အတိတ်ကံကြောင့်တဲ့။ ကံ ကံ၏အကျိုးတဲ့။ အဲလိုမလုပ်ပါနဲကဗျာ လူပြိန်းနား လည်အောင်ရှင်းစမ်းပါလို့ပြောတော့ မင်းအရင်ဘ၀တွေ က လုပ်ခဲ့သမျှရဲ့ အကျိုးဆက်ပဲတဲ့။ အကြောင်းကြောင့် အကျိုးဖြစ်တာတဲ့။ ကျွန်တော် အရင်ဘ၀တွေက ဘာတွေလုပ်သလဲမှတ်မှ မမှတ်မိပဲဗျာလို့ပြောတော့။ မှတ်မိစရာမလိုဘူး။ နောက်ဘ၀တွေ မှာကောင်းချင် ရင် ဒုက္ခအားလုံးချုပ်ငြိမ်းချင်ရင် အခုကောင်းတာလုပ်တဲ့။ ဒီလိုမှ မဟုတ်ရင် မင်း သံသရာမှာပဲ လည်နေမယ်၊ငရဲကျမယ်။ သံသရာမှာ ဒီလို ဒုက္ခတွေရှိတယ် ဆိုပြီးသေချာရှင်းပြတယ်။
နားတော့ သေချာမလည်ဘူး။ ကြောက်တော့ကြောက်တယ်ဗျာ။ အဲဒါကြောင့် ကျွန်တော် တတ်နိုင်သ လောက်တော့ ကောင်းအောင် လုပ်တယ်။ ဒါပေမယ့်ဗျာ တစ်ခုတော့ ဘ၀င် မကျတာ ရှိတယ်။ အကျိုး ကြောင့် အကြောင်း ဖြစ်တယ်ဆိုရင် အရင်ဘ၀က လုပ်ခဲ့တဲ့ အကြောင်းလေးတွေကို သိခွင့်ရ ဘာလုပ်လို့ဘာဖြစ်တယ် ဆိုတာ ဆရာစာရှင်း သလို ဘလက်ဘုတ်မှာ အမှတ်စဉ် တစ်နှစ်သုံလေး တပ်ပြီး ရှင်းပြရင် ပိုနားလည်မလား လို့ပါ။ အဲဒါမှ ရှောင်သင့်တာလည်း သေချာသိ လုပ်သင့်တာလည်း သေချာသိ ပိုကောင်း မှာပေါ့နော်။ အဲလိုပြောတော့ အဲဒီ ဆရာကြီးက ကျွန်တော့်ကို သနားစရာ သတ္တ၀ါတစ် ကောင်လိုကြည့်တယ်။ ပြီးတော့ သူကပြောတယ် မင်းဒါတွေကို သေချာနားလည်ချင်ရင် မင်းတစ်သက် သင်တောင်မမှီဘူးတဲ့။ အဲဒီတော့ ငါပြောသလိုပဲမှတ်ထားတဲ့။ ကျွန်တော်လည်း ဒါနဲ့ သူပြောတာကိုပဲ စာနဲ့ကိုသေချာရေးမှတ်လာခဲ့တယ်။ ကိုယ်ကမှ လိုက်မမှီတာကို။ ဟုတ်ဖူးလား။
ကျွန်တော်တို့ ဘာလို့ ဒီမှာရောက်နေတယ်။ ဘာလုပ်ရမယ်။ ဘာတွေဖြစ်မယ် ဆိုတာ ဘယ်သူက စီစဉ်နေလဲမသိဘူး။ ဒီမှာဗျာ ဆင်းရဲတဲ့သူက ဆင်းရဲ။ ချမ်းသာတဲ့သူကချမ်းသာ။ သေတဲ့သူကသေ။ ရှင်တဲ့သူကရှင်။ ကျွန်တော်ကောင်းတယ်လို့ထင်တဲ့သူတွေက ဒုက္ခရောက်၊ ကျွန်တော်ဆိုးတယ်လို့ ထင်တဲ့သူတွေက ချမ်းသာ။ ရှုပ်နေတာပဲဗျ။ ကျွန်တော့်လို လူပြိန်းတွေးတွေးရင်တော့ စနစ်ကို မကျဘူးဗျာ။ မှားရင်လည်း ခွင့်လွတ်ဗျ။ ကျွန်တော်က ဒီလောက်ပဲ စဉ်းစားတတ်တာ။ ဆရာဖေမြင့်ရဲ့ မရဏာနုဿတိ ၀တ္ထုတို မှာတော့ ဒေါက်တာငွေရက ဒီလိုပြောထားတယ်။
“ကျွန်တော် မကြောက်ပါ။ မခံချင်တာဘဲ ရှိသည်။ သည်ကိစ္စနှင့် ပတ်သက်၍ စီမံခန့်ခွဲနေသူ ရှိလျှင် ထိုသူကို ကျွန်တော် ကိုယ်ထိလက်ရောက် လုပ်ပစ်လိုက်ချင်သည်။ သို့သော် တရားခံ ရှာမရပါ။ ပြီးတော့ ဘယ်ကို တိုင်တည်ရမည်လဲ။ ကျွန်တော့်မှာ တိုင်စရာလည်း မရှိ၊ တည်စရာလည်း မရှိ။ ကျွန်တော်က မသေချာတာတွေနှင့် အဆက်အဆံ မလုပ်ခဲ့။ ကျွန်တော့်ဘာသာ လူချည်းသက်သက် နေခဲ့သည်“ တဲ့။
ဒေါက်တာငွေရကို တွေ့ပါကကျွန်တော်ပြောချင်တာတစ်ခုသာရှိပါသည်။ အဲဒီ ပုဂ္ဂိုလ်ကိုများ တကယ် လို့တွေ့ ခဲ့ရင် ကျွန်တော့်ကိုလည်း လက်တို့လိုက်ပါဦးလို့။

ဒီဇင်ဘာ၊၂၀၀၈။
မိုးတိမ်ညို

လွဲနေသော“စံ“

ကျွန်တော်သည် စည်းစနစ်ကျသူတစ်ဦးဖြစ်သည်။ (သို့မဟုတ်) စည်းစနစ်ကျသူ တစ်ဦးဟု ကျွန်တော်ကို ကျွန်တော်ထင်သည်။ သို့သော် ကျွန်တော့်၏ သူငယ်ချင်း မိတ်ဆွေများကတော့ ထိုကဲ့သို့ မထင်ကြပါ။ ငကြောင်၊ ဘ၀င်ရူးဟုသာထင်ကြပါသည်။ သူတို့ ဘယ်လိုထင်ထင် ကျွန်တော် ဂရုမစိုက်ပါ။ ကျွန်တော့် 'စံ' နှင့်ကျွန်တော်သာနေပါသည်။ ထို့ကြောင့်လည်း စကားဝိုင်းများတွင်သူတို့ နှင့်ကျွန်တော် မကြာခဏ အငြင်းပွားလေ့ရှိသည်။

လက်ဖက်ရည်ဆိုင်တွင်ထိုင်နေရင်း လမ်းဘေးသို့ ဆေးလိပ်တိုကို လွင့်ပစ် သောသူကို
၎င်း၊ မြောင်းထဲသို့ ပလပ်စတစ်အိပ်ခွံပစ်ချသောသူကိုလည်းကောင်း ကျွန်တော်ကနှိပ်ကွပ်သည်။
” အေး မင်းတို့လို စည်းမဲ့ကမ်းမဲ့ကောင်တွေရှိနေလို့ ငါတို့ နိုင်ငံမတိုးတက်တာကွ၊ နိုင်ငံသားတိုင်းသာ ကိုယ့်တာဝန်ကိုယူပြီး စည်းကမ်းရှိနေရင် ငါတို့ နိုင်ငံ အခုအချိန်ဆိုရင် နိုင်ငံတကာ အဆင့်မှီနေပြီကွ”
သူတို့ကလည်းပြန်ချေပသည်။
”ဟေ့ကောင်ရ ဒါမျိုးစည်းကမ်းဆိုတာ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့လုပ်မှရမှာကွ၊ ဥပမာကွာ နိုင်ငံခြားမှာ လိုလမ်းထောင့် တိုင်းမှာသာ အမှိုက်ပစ်စရာ အမှိုက်ပုံးရှိနေရင်၊ လမ်းတွေက နဂိုကတည်းက သန့်ရှင်းပြီး အမှိုက်ပစ်ရက်စရာမရှိရင် ဘယ်သူမှ လမ်းဘေးကို အမှိုက်မချဘူးဟေ့ကောင်”
ထိုအခါကျွန်တော်က
”အေး ဒါတော့ဒါပေါ့ ဒါပေမယ့်ဒီလိုအခြေအနေမျိုးရောက်အောင် စောင့်မနေပဲ အခုကတည်းက တစ်ယောက်ချင်း စီကနားလည်မှု့နဲ့စည်းကမ်းရှိသွားရင် သူ့ဟာသူတိုး တက်သွားမှာကွ”
ထိုအခါတစ် ယောက်က ၀င်ပြောသည်။
”ဟေ့ကောင် ကိုကြီးကျယ်ရာ အပိုတွေလျှောက်ပြောမနေပါနဲ့၊ ခွေးဟောင်လို့ တောင် မရွှေ့ပါဘူးကွာ၊ မင်းကရောဘယ်လောက်စည်းကမ်းရှိနိုင်လို့ လည်း”
မဖြစ်ချေတော့ ဒီကောင်တွေ ကျွန်တော့်မူကိုထိလာပြီ။
”အေး ငါကအမြဲ ငါမူနဲ့ ငါနေတာကွ၊ မယုံရင်မင်းတို့စောင့်ကြည့်နေ။ ငါ့ သုံးတဲ့ အမှိုက်က လမ်းဘေးတို့ ၊မြောင်းထဲတို့ ဘယ်နည်းနဲ့မှ မရောက်စေရဘူး။ အရင်ကလည်းမရောက်ဘူး၊ အခုလည်းမရောက်ဘူး၊ နောင်လည်းရောက်မှာမဟုတ်ဘူး ”
ထိုနေ့မှစပြီးကျွန်တော့် စကားနှင့် ကျွန်တော် ကျွန်တော်သုံးသည့် အမှိုက်ကိုစနစ်တကျ အမှိုက်တောင်းထဲသို့ အမြဲရောက်အောင် ယခင်ကထက်ပို၍ ဂရုစိုက်ပါသည်သည်။ သူတို့တွေ ဘယ်လိုပဲလှောင်လှောင် ကျွန်တော်မမှု့ပဲကျွန်တော့် မူအတိုင်းသာလုပ်သည်။
တစ်နေ့ လက်ဖက်ရည်ဆိုင်မှ အပြန် ကျွန်တော်သောက်သည့် ဆေးလိပ်တိုကို ပစ်စရာ အမှိုက်တောင်း ရှာမတွေ့သဖြင့် အိမ်ရောက်မှပစ်ရန်အိပ်ထောင်ထဲသို့ ကျွန်တော်သေသေချာချာ ထည့်ယူ လာခဲ့သည်။ သူတို့ ကတော့ကျွန်တော့်ကို ထုံးစံအတိုင်းဝိုင်းလှောင်ကြသည်။ သို့သော်ကျွန်တော်မမှု့ပါ။ ကျွန်တော်က ကျွန်တော့် စံနှင့် ကျွန်တော်နေသည် မဟုတ်ပါလား။ အိမ်ရောက်မှ ထိုအမှိုက်ကို စနစ်တကျ အမှိုက်တောင်းထဲသို့ ထည့်လိုက်သည်။ အဲဒီနေ့က ကျွန်တော့်ကို ကျွန်တော် အတော်ကျေနပ်နေပါသည်။
ထိုနေည ညစာထမင်းစားပြီး ကျွန်တော်အိမ်ရှေ့ တွင်စာထိုင်ဖတ်နေစဉ် အမေက အထုပ်ကြီး တစ်ထုပ်ဆွဲပြီး မီးဖိုထဲမှထွက်လာသည်။
”အမေ ညကြီးမင်းကြီးဘယ်လည်းဗျ“
“အမှိုက်သွားပစ်မလို့လေ“
“ဟင် ဒီအချိန်ကြီး အမှိုက်ကားလာလို့လား” ထိုအခါအမေက
“ဟဲ့ နင့်အမှိုက်ကားကမလာတာ တစ်ပတ်လောက်ရှိပြီ အခုဟာ မှောင်တုံး ဟိုဖက်လမ်း ကြား ထဲသွား ပစ်မလို့လေ“
“ဟာအမေကလည်းဒီလိုတော့ ဘယ်ကောင်းပါ့မလဲ နိုင်ငံကြီးသားပီသမှပေါ့ အမေတို့နဲ့ခက်ပါတယ် အဲလိုသာဆို…“ ကျွန်တော်စကားဆုံးအောင်ပြောခွင့်မရလိုက်ပါ။
“ဟဲ့ငါက နိုင်ငံကြီးသားပီသချင်တာတောင့် နင့်အမှိုက်ကားကလာမှ မလာပဲ။ ငါကဒီလိုမပစ်လို့ ဒါကြီးကို နင့်အိပ်ယာပေါ်လာထားရမှာလား ဒီမှာပင်ပန်းရတဲ့ အထဲနင်ကတစ်မှောင့်“
ဟုဆိုကာ အမှိုက်ထုပ်ကြီးဆွဲပြီး အမေ ဆောင့်ကြီးအောင့်ကြီးထွက်သွားလေသည်။
ကျွန်တော်လည်း အမေ့ဒေါသကို ကြောက်လို့လား အမှိုက်အိတ်ကြီး ကုတင်ပေါ် တင်ပြီးအိပ်ရမှာ ကြောက်လို့လားမသိ ဆက်ပြီးစောဒကမတက်ဝံ့တော့ပါ။ အမှိုက်အိတ်ထဲမှ ကျွန်တော့်ဆေးလိပ်တိုကလေးရှာ ကောက်လျှင်လည်း ခေါင်းခေါက်ခံရသည်သာ အဖတ်တင်မည် ဖြစ်သော ကြောင့် မကြိုးစားရဲတော့ပါ။
ဒီအကြောင်းကိုဟိုကောင်တွေ မသိအောင်တော့ လျှိ့ဝှက်ထား ရမည် ဖြစ်ပါသည်။

မိုးတိမ်ညို
ဒီဇင်ဘာ၊၂၀၀၈။

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP