Saturday, February 27, 2010

ရှု့ထောင့်

ကျူးဘားခေါင်းဆောင် ဖီဒယ် ကပ်စထို၏ အတ္ထုပ္ပတိထဲတွင် ဖတ်ဖူးသည်။ ကပ်စထို တို့၏တပ်သည် (အစိုးရကိုပုန်ကန်နေစဉ်က) သူတို့ ၏ တောတွင်းစခန်းသို့ မျက်စေ့လည် လမ်းမှားလာသော လယ်သမားတစ်ယောက်ကို ဖမ်းမိလေ သည်။ ထို လယ်သ မား ကို အစိုးရတပ်၏ သူလျှိုထင် ၍စစ်ဆေးကြရာ မဟုတ်ပဲ တစ်ကယ့် လယ်သမား အစစ် ဖြစ်သည်ကို တွေ့ ရ၏။ ထို့ကြောင့်သူတို့သည် ထိုလယ်သမားကို လွတ်ပေး လိုက်လေ သည်။ နောက်ရက် တွင်ကား အစိုး ရစစ်တပ်သည်သူတို့ စခန်းနေရာကို သိရှိသွားပြီး လာရောက်တိုက်ခိုက် ရာ သူတို့သည် အကျအ ဆုံး များစွာဖြင့် ခွေးပြေးဝက်ပြေး ပြေးခဲ့ရသည် ဟုဆိုသည်။ နောက်မှ အကြောင်းစုံ ကို သိရသည်မှာ သူတို့ လွတ်ပေးလိုက်သော လယ်သမားကို အစိုးရ စစ်တပ်က နှိပ်စက်၍ မေးသဖြင့် သူတို့ စခန်းကို သိရှိသွား သည် ဟု။ ထိုအကြိမ်မှ စ၍သူတို့၏တပ်သည် မည်သူကိုဖမ်းမိဖမ်းမိ အစိုးရတပ်၏ သူလျှိ၊ စစ်သားမဟုတ်မှန်းသေချာလျှင်လည်း ပြန်လွတ် မပေးတော့ ချေ။

ဒုတိယကမ္ဘာစစ် အတွင်းက ရုရှား တပ်နီတော်သည်လည်း သူ၏ စစ်သားများကို လက်နက်ပင် အပြည့် အစုံမပေးနိုင်ပဲ ရန်သူဆီသို့ အတင်းတက်ခိုင်း လေသည်။ ရန်သူဂျာမာန်တို့ ၏ ပစ်အားကို မခံနိုင်ပဲ မိမိဘက်သို့ ပြန်ဆုတ်ပြေးလာသူများကို တပ်နီတော်မှပင် ဆုတ်ခွင့်မပေးပဲ ပစ်သတ်လေသည်။ အမိန့်မနာခံမှု့ဖြစ်လေသည်။ ထိုအချိန်တွင် ရုရှားနိုင်ငံမှာ ဂျာမာန်တို့၏ ကျူးကျော်မှု့ ကိုခံနေရပြီး နယ်မြေ အတော်များများ ဆုံးရှုံးနေဖြင့် အရေးကြီးသော အချိန်ဖြစ်နေသည်။ ဤသို့ စစ်သားများ အမိန့် မနာခံမှု့ များကို ခွင့်ပြုလိုက်ပါက နိုင်ငံကို ဂျာမာန်တို့၏ လက်အောက် သို့ ရောက်မသွားဖို့ ထိန်းသိမ်းရန် ခက်ခဲ သွားလိမ့်မည်ဖြစ်သည်။

ကာဂျစ်နစ်စတန်က ကျွန်တော့်၏ မိတ်ဆွေတစ်ယောက် ကဤသို့ ပြောဖူးလေသည်။ သူ၏ဆွေမျိုးတစ် ယောက်သည် ဒုတိယကမ္ဘာစစ်အတွင်းက တပ်နီတော်တွင် အမှု့ထမ်းခဲ့လေသည်။ တိုက်ပွဲတစ်ပွဲတွင် ဂျာမာန်စစ်တပ်ကို ဘယ်လိုမှ မခုခံနိုင်တော့သဖြင့် လက်နက်ချခဲ့ရလေသည်။ ဂျာမာန်အကျဉ်းစခန်းမှာ နှစ်တော်တော်များများ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနေခဲ့ရပြီး နောက် ဂျာမာန်တွေစစ်ရှုံးပြီး ပြန်လွတ် လာသည့် အချိန်တွင် ရုရှနိုင်ငံက သူ့ကို ထောင်ဒဏ် ၂၅ နှစ်ချလိုက်လေသည် ။ ရန်သူဆီမှာ အညံ့ခံမှု့နှင့် ဖြစ်သည်။ သူတို့၏ စစ်တိုက်ပုံသည် ထိုအချိန်က အနေအထားအရ နိုင်ရင် နိုင် မနိုင်ရင် သေဆိုသည့် ပုံစံဖြစ်နေလေသည်။

အထက်ပါ ဖြစ်ရပ်များသည် ဘာသာရေးရှု့ထောင့် လူမှု့ရေးရှု့ထောင့် အရကြည့်ပါက အလွန်ရက်စက် ရိုင်းစိုင်းသောလုပ်ရပ်ဖြစ်ပေလိမ့်မည်။ အကယ်၍ သင်သည် တော်လှန်ရေး ခေါင်းဆောင်၊ သို့မဟုတ် ရုရှားတပ်နီတော်မှ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါက ထိုကဲ့သို့သော အခြေအနေကြုံတွေရလျှင်မည်သို့ ဆုံးဖြတ်မည်နည်း။ အကြင်နာတရား ပြည့်ဝ သော လူစိတ်ရှိသော စစ်ရှုံးသူ အဖြစ်ကို လက်ခံမလား သို့တည်းမဟုတ် အကြင်နာတရား ခေါင်းပါး သော ရက်စက် သော အောင်နိုင်သူအဖြစ်ကို လက်ခံမလား။ သင်၏ ခံယူချက် ပေါ်တွင် မူတည်ပါ မည်။ (များသောအားဖြင့် သင် သည် အောင်နိုင်သူဖြစ်ပါက သင် ၏ မကောင်းသည့် လုပ်ရပ်များသည် အနည်းနှင့် အများ မှေးမှိန်သွားလေ့ရှိကြသည်)။ ကိစ္စတော်တော်များများ သည် အဖက်ဖက်က ရာနုန်းပြည့်ကောင်းနေဖို့ တော်တော်ခဲယဉ်းပါသည်။ ဥပမာ သင်သည် အကြင် နာတရားပြည့်ဝသူလည်း ဖြစ်ချင် စစ်နိုင်သူလည်း ဖြစ်ချင်ဖို့ တော့ သိပ်မလွယ်ကူဟု ယူဆပါသည်။

သို့ကြောင့် တစ်ချို့ကိစ္စများတွင် ရေတိုအကျိုး လူတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို ကြည့်လျှင် အဆင် မပြေ ဖြစ်တတ် ပါသည်။ မြန်မာ့ သမိုင်း မှာကြည့်ပါ။ မင်းတုန်းမင်း တရားကြီး ကိုးကွယ်သည့် ဆရာတော်သည် ရေမြုတ်ဗုံး ဖောက်ခွဲစမ်းသတ်ရာတွင် ငါးသတ္တ၀ါများ မြောက်များစွာ သေဆုံး သည်ကိုမြင်တွေ့ရပြီး စိတ်မချမ်းမသာဖြစ်၍ ဆွမ်းပင် ဆက်မစားနိုင်တော့ ဟုဆိုသည်။ မင်းတုန်းမင်းကြီးကလည်း ဆရာတော် ငြိုငြင်သည့် အတွက်ရေမြှုတ်ဗုံးစမ်းသတ်မှု့ကို ရပ်ဆိုင်းဖို့ အမိန့်ပေးခဲ့လေသည်။ ထိုကြောင့် ကနောင်မင်း သားကြီး၏ ရေမြှုတ်ဗုံးစမ်းသတ်မှု့ သည်ရပ်ဆိုင်းသွားရလေသည်ဟု ဆိုလေသည်။ ထို ရေမြှုတ်ဗုံးများ မရှိခြင်းသည် အင်္ဂလိပ်က အထက် မြန်မာနိုင်ငံ ကို မြန်မြန် ဆန်ဆန်သိမ်းယူသွားနိုင် သော အကြောင်းအရင်းတစ်ရပ် ဖြစ်သည်ဟု ပညာရှင်များက သုံးသပ်ကြလေသည်။ ဤကိစ္စကို စေ့စေ့ငုငုစဉ်းစားကြည့်ပါက ငါး အကောင် လေးငါးရာ သို့ လေးငါးထောင်သေခြင်း ကို စိတ်မကောင်း ဖြစ်သည်နှင့် နိုင်ငံတစ်နိုင်ငံလုံး သူတပါး ကျွန်ဖြစ်ခြင်းမှ ကာကွယ်ရေးသည် နှောင့်နှေးခဲ့ရ သည်မှာ တန်ပါသလား။

ထို့ကြောင့် ပြဿနာတစ်ရပ်ကို ဆုံးဖြတ်ရာတွင် မိမိလက်ရှိရောက်နေသော အနေအထားသည် အလွန် အရေးကြီးသည်ဟုထင်ပါသည်။ မိမိရပ်နေသော နေရာတစ်ခုတည်းမှ ကြည့်ပြီး ဆုံးဖြတ်လျှင် အဖြေမှန်ကို ရဖို့ ခဲယဉ်းပါလိမ့်မည်။ သို့သော်လူအများသည် မိမိလက်ရှိရောက်နေသောနေရာ၊ အနေအထား၊ ခံစားမှု့ တို့ဖြင့်သာ ချိန်ထိုးဆုံးဖြတ်လေ့ရှိပါသည်။ အလုံးစုံကို ခြုံငုံကြည့် ရန်လိုအပ်သော်လည်း ဤကိစ္စသည် လွယ်ကူသော ကိစ္စ မဟုတ်ပါချေ။
အချို့ကိစ္စများတွင် ရေတိုအကျိုး ကိုကြည့်ပါက ရေရှည်အကျိုး နစ်နာတတ်ပြီး ရေရှည် အကျိုးကြည့်ပါက ရေတို အကျိုးနစ်နာသည် ကိုတွေ့ရတတ်သည်။ စာရေးဆရာကြီး တစ်ဦးရေးတာ မှတ်သားထား ဖူးပါသည်။ သူကဤသို့ရေးထားသည်။

“တစ်ကယ့် လက်တွေ့ဘ၀ထဲရှိကိစ္စတော်တော်များများ သည် ရုပ်ရှင်တွေ ၀တ္ထုတွေထဲကလို အမှားနှင့် အမှန်၊ အကောင်းနှင့် အဆိုး၊ လူဆိုးနှင့် ဇာတ်လိုက်ကွဲကွဲပြားပြားမရှိကြပါ။ နည်းနည်းမှားတာနဲ့ များများမှားတာ၊ နည်းနည်းကောင်း တာနှင့် များများကောင်းတာ ထိုကဲ့သို့သာရှိပါသည်။”

ထိုကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ရသော် မည်သို့ ဆုံးဖြတ်မည်နည်း ဟူသော အဖြေသည် လူတစ်ယောက်ခြင်းစီ၏ တိုင်းတာသော ပေတံအပေါ်မူတည်ပါသည်။ လူတိုင်းမှာ ပေတံ တစ်ချောင်း စီရှိကြသတဲ့။ လူတွေက ပြသနာတစ်ခုခု ကြုံလာတိုင်း၊ ဖြေရှင်းစရာ တစ်ခုခုရှိတိုင်း၊ ဆုံးဖြတ်စရာ တစ်ခုခုရှိတိုင်း အဲဒီ ပေတံကို ထုတ်သုံးကြလေသည်။ ထိုပေတံကတော့ မိမိတန်ဖိုးထားသော၊ မိမိလိုက်နာသော မိမိကိုယ်တိုင် ပြဌာန်းထားသော ကိုယ်ပိုင် စံနုန်းတိုင်း ပေတံ ဖြစ်ပါသည်။


ဇန်ဇ၀ါရီ၊၂၀၀၉။
မိုးတိမ်ညို

Monday, February 22, 2010

ဒို့ ကိုကြီးကျော်မပြီ

ထိုနေ့ မနက် ကျွန်တော်အိပ်ယာကနိုးပြီး ၀ရန်တာတွင် လေကောင်းလေသန့် ရှူရန် ထွက် လာသော အခါ အိမ်ရှေ့အိမ်တွင် မဏ္ဍပ် တစ်ခု ထိုးနေသည်ကို တွေ့လိုက်ရသည်။

ကျွန်တော်ရုတ်တရက်တော့ အိမ်ရှေ့အိမ်က ဦးမြင့် ဆုံးသွားပြီဟု ထင်မိလေသည်။ ဦးမြင့် အသည်းအသန်ဖြစ်၍ ဆေးရုံတင်ထားရသည်မှာ တပတ်ခန့် ရှိပြီဟု ထင်သည်။ အင်း မိတ်ဆွေ ဇာတ်ရည် လည်အောင် အစအဆုံး ပြောပြမှ ဖြစ်မှာပါ။

အဲဒီအချိန်က ကျွန်တော်နေတာက ရန်ကုန်မြို့ရဲ့ အချက်အချာမြို့နယ်တစ်ခုက တိုက်ခန်းတစ်ခန်းမှာပေါ့။ ဦးမြင့်ဆိုတာက ကျွန်တော်နေတဲ့ မြို့နယ်မှာ မြို့မျက်နှာဖုံး သူဌေးပေါ့။ အဲဒီဘက်မှာတော့ အတော်သြဇာရှိတဲ့ သူပေါ့ဗျာ။ သူတို့နေတာက ကျွန်တော်တို့ တိုက်ခန်းနဲ့ မျက်နှာချင်းဆိုင်မှာ လုံးချင်းတိုက် ကလေးနဲ့။ မိတ်ဆွေလည်း သိမှာပါ။ ရန်ကုန်က တစ်ချို့ လုံးချင်းတိုက်တွေက ခြံဝန်း မရှိကြဘူးလေ။ ဦးမြင့်တို့တိုက်လဲ အဲလိုပဲဗျ။ အခုရက်ပိုင်းကမှပဲ ဦးမြင့် အသဲအသန်ဖြစ်လို့ ဆိုပြီး ဆေးရုံမှာ တင်ထားရလေရဲ့လေ။

ကဲ မဏ္ဍပ် အကြောင်းဆက်ရအောင်ဗျာ။ ဒါနဲ့ ကျွန်တော်သေချာကြည့်တော့မှ လားလား နတ်ကနားပွဲပါလား။ သြော်သိပြီ ဦးမြင့် မိန်းမ ဒေါ်စော တို့က ရိုးရာသမားတွေလေ။ အခုဦးမြင့် အသည်းအသန်ဖြစ်နေတာကို ဗေဒင်မေးလိုက် နတ်မေးလိုက်လုပ်နေတာ ကြာပေါ့။ အခုတော့ ဘယ်နတ်ဆရာက ချွန်လိုက်ပြီလည်း မသိဘူး။ နတ်ကိုင်ပြီ ဆိုပြီး နတ်ကနားပေးနေတာနေမှာ။ နတ်က ဘယ်နားကိုင်လိုက်လဲ မသိပါဘူးဗျာ။ သြော် နှလုံးလား၊ အဆုတ်လား၊ အစာအိမ်လား ပြောပါတယ်။ ကျွန်တော်နည်းနည်းတော့ စိတ်ညစ်သွားတယ်။ တော်တော်တော့ နားငြီးဦးမှာပဲလို့။ ဟုတ်တယ်လေ နတ်ကနားပွဲဆိုရင် ဘေးအိမ်တွေကတော့ နားဒုက္ခရောက်ပြီသာ မှတ်ပေတော့။

ကျွန်တော်လည်း အောက်ဆင်းပြီးတော့ စပ်စပ်စုစု လုပ်ကြည့်ပါတယ်။ နတ်တွေကတော့ မျိုးစုံပဲ။ အဓိကကတော့ ကိုကြီးကျော်လို့ ပြောတာပဲ။ ထားတော့။ ဘာနတ်ဖြစ်ဖြစ်။

ဒီလိုနဲ့ မကြာခင်မှာပဲ နတ်ပွဲကြီးစပါတော့တယ်။ ၀ုန်းဝုန်းဒိုင်းဒိုင်းနဲ့ ဆိုကြကကြနဲ့ ပွဲတော့ အတော် စည်သဗျ။ ဒေါ်စော လည်းဆေးရုံပြေးလူပမာကြည့်လိုက် နတ်ကတော်ရှေ့ မှာ ဒူးလေးတုတ်လိုက်နဲ့ အလုပ်ကို ရှုပ်နေရောဗျာ။ ခွေးနှစ်ကောင်ကိုက်တာတောင် စပ်စုချင်တဲ့ လူတွေ နတ်ကနားပွဲဆိုတော့ ဘယ်နေလိမ့်မလဲ။ ဟိုနားမတ်တပ် ဒီနား မတ်တပ်နဲ့ ကြည့်နေကြတာ အများသား။ အဟဲ ကျွန်တော်လည်း အပါအ၀င်ပေါ့ဗျာ။ နတ်ကနားကို တခါမှ သေချာ မကြည့်ဖူးတာကိုး။

အဲ နတ်ပွဲစတာနဲ့ ပြသနာတက်တာ ကျွန်တော်တို့ အိမ် အပေါ်ထပ်က အဘကြီး ဦးဝိုင်း ပါပဲ။ သူနဲ့ ကျွန်တော်လှေခါး အတက်အဆင်းမှာတွေ့တော့ အဘဘယ်သွားမလို့လဲလို့ ကျွန်တော်မေးတော့ ဒီနားက ဘုန်းကြီးကျောင်းကွာတဲ့။ အဘကနှလုံးရောဂါသမားဆိုတော့ နတ်ဒိုးသံကို မခံနိုင်ဘူးမောင်ရေတဲ့။ တဒုန်းဒုန်းနဲ့ ထုလိုက်ရင်များ အဘ နှလုံးကို ပေပေါ်တင်ပြီး တူနဲ့ ထုနေတဲ့ အတိုင်းပဲတဲ့။ သူပြောတာလဲ ဟုတ်တုတ်တုတ်ပဲဗျ။ ကျွန်တော်တို့ လူငယ်တွေတောင် ရေရှည် မခံနိုင်ဘူး။

တစ်ခုတော့ ၀န်ခံချင်တယ်။ နတ်ဒိုးဆိုတာ စိတ်ကိုကြွစေတယ်ဆိုတာ မစက မယုံဘူး။ အခုသေချာကြားမှ ဟုတ်တယ်ဗျ။ နတ်ဒိုးက လူတစ်ယောက်ရဲ့ စိတ်ကို အနည်းနဲ့ အများတော့ ကြွစေတယ်။ အရက်တွေဘာတွေသောက်ထားတဲ့သူဆို ပိုဆိုးမပေါ့ဗျာ။ ဒါနတ်တစ်ခိုးတော့ မဟုတ်ဘူးဗျို့။ ဂီတရဲ့ တစ်ခိုး။ ကျွန်တော်တို့ တစ်တွေ စိတ်ညစ်နေတဲ့ အချိန်မှာ သီချင်းကောင်းကောင်းလေး နားထောင်လိုက်ရရင် စိတ်က နည်းနည်း လန်းသွား သလိုမျိုးပေါ့။ သဘောတရားချင်းကတော့ အတူတူပါပဲ။

အဘကြီးဦးဝိုင်းအတွက်တော့ ဒုက္ခပဲပေါ့ဗျာ။ နတ်ပွဲကတဲ့ နေ့ဘက်ဆိုရင် သူကတစ်နေရာရာ မှာသွားနေရတော့တာပေါ့။ ဒါလည်း သူနေချင်တိုင်းနေလို့ မရဘူး။ သူ့ သားသမီး မြေးမြစ်တွေက လိုက်ပို့မှ သွားနိုင်တာ။ သူ့ဟာသူဆိုရင် လှေခါး မဆင်းနိုင် ဘူးလေ။ သနားစရာတော့ အကောင်းသားဗျ။ သူတို့လည်း ဦးမြင့်တို့ မိသားစုကို တော့ ကွန်ပလိန်း မတက်ရဲဘူး။ ဟိုကသြဇာအတော်ရှိတာကိုး။ ပြီးတော့ ငွေလေးဘာလေး လဲသူတို့ဆီက ချေးထားရဟန်တူပါရဲ့ဗျာ။

ဒီလိုနဲ့ နတ်ပွဲကြီးကတော့ ရက်အတော်ကြာကြာ ကျင်းပဖြစ်ပါသတဲ့။
အဲ နတ်ပွဲလည်းပြီးရော နှလုံးရောဂါသမား ဦးဝိုင်း နတ်ဒိုးသံ နဲ့အတူ ကိစ္စချောပါ လေရော။ ဖြစ်ပုံက တစ်ညနေ အိမ်ပေါ်မှာ ထိုင်နေတုန်း နတ်ဆိုင်းသံက တဒုန်းဒုန်းထု အရှိန်အမြင့်ဆုံးရောက်တဲ့ အချိန်မှာ ဦးဝိုင်းလည်း အရှိန်အမြင့်ဆုံး အမော ဖောက်တော့တာပဲ။ နောက်ဆုံးကိုကြီးကျော်ကနေတဲ့ နတ်ကတော်ကြီး မူးလဲသွားတော့ အဘဦးဝိုင်းလည်း ကိစ္စချောရောတဲ့။

ဦးဝိုင်းတို့မိသားစုကလည်း နတ်ဆိုင်းကြောင့်လို့တော့လည်း တဲ့တိုးကြီး မပြောရှာကြပါဘူး။ ဟုတ်ချင်မှလည်း ဟုတ်မှာကို။ တိုက်ဆိုင်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။
သူကလည်း နဂိုကတည်းက နှလုံးရောဂါအခံရှိရှာသကိုး။ အသက်ကလည်း ကြီးပြီလေဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ဦးဝိုင်းအသုဘကို ဒေါ်စောတို့ကလည်း တော်တော်ကူရှာပါတယ်။

နောက်ပိုင်းကိစ္စတွေကိုတော့ ကျွန်တော်လည်း အဲဒီမှာ မရှိတော့တာနဲ့ သေချာမသိလိုက် တော့ဘူးလေ။

ကိုကြီးကျော်က လူပမာ ဦးမြင့်ကြီးကို မလား မ မလားတော့ မသိဘူးဗျ။ မဆီမဆိုင် အဘ
ဦးဝိုင်းကြီး ကိုတော့ မသွားလေရဲ့ဗျာ။ ကိုကြီးကျော်က လည်းခက်ပါတယ်ဗျာ။ လူတစ်ယောက် အသက်ရှင်အောင်လို့ ခေါ်ပသပါတယ်ဆိုမှ အဲဒီတစ်ယောက်က ရှင်မရှင် မသိရသေးဘူး။ တစ်ယောက်ကတော့ ချောပြီ။

အဲ ကိုကြီးကျော်မ သွားတယ်လို့ ပုံသေကားချပ် ပြောလို့တော့ မရဘူးပေါ့ဗျာ။
ဒါပေမယ့် အရပ်ထဲကတော့ ဒီလိုပဲ ပြောကြလေရဲ့။

ဖေဖ၀ါရီ ၂၀၁၀
မိုးတိမ်ညို

Thursday, February 18, 2010

MRT စီးခြင်း အနုပညာ (၂)

အဲဒီနေ့က အလုပ်က ပြန်လာတော့ ကျွန်တော် တော်တော်လေး ပင်ပန်းလာတယ်ဗျ။ အပြန်ခရီးကလည်း ရထားပေါ်မှာ အနည်းဆုံး လေးဆယ့်ငါးမိနစ်လောက် ကြာတယ်။ သာမာန် အချိန်ဆိုရင်တော့ အေးအေး ဆေးဆေးပေါ့ဗျာ။ သီချင်းလေး နားထောင်ပြီး လိုက်လာရုံပဲ။ ဒီနေ့တော့ ပင်ပန်းလာတယ်ဗျာ။

ရထားပေါ် ရောက်ရောက်ချင်း ပထမဆုံး တမ်းတမိတာကတော့ ထိုင်စရာ နေရာတစ်ခုပဲ။ မိတ်ဆွေလည်း သိမှာပါလေ။ ယေဘူယျအား ဖြင့် ကျွန်တော် ရထားပေါ်မှာ မထိုင်ဖြစ်တာများတယ်။ ဒီနေ့တော့ လေးဆယ့် ငါးမိနစ် ခရီးကို မတ်တပ် မလိုက်ချင် လောက်အောင် ပင်ပန်းလားတယ်။ ခြေသလုံး ကြောတွေ တောင့်နေလိုက်တာများ ဖွင့်ထားတဲ့ ထီးကိုင်းကျနေတာပဲ။ ဂုတ်ပိုးပေါ်လည်း လူတစ်ယောက် ခွစီးနေသလား မှတ်ရတယ်။ လေးနေလိုက်တာများ။ အဲဒီတော့ ထိုင်စရာ နေရာကို မျက်လုံး ဒေါက်ထောက် ရှာမိပါတယ်။

သြော် ကျွန်တော် တရားကျမိပါတယ်။ သူများတွေ ထိုင်စရာ နေရာ ဦးနေတုံးကတော့ ဒီလူတွေနဲ့ ခဏ တဖြုတ်စီးရတာများ နေရာလုနေသေးတယ်လို့ တွေးမိကြောင်း ၀န်ခံပါတယ်။ အခုမှ ကိုယ်ချင်း စာမိတယ်။ အဲဒီအချိန်တုန်းက အဲဒီလူတွေထဲ မှာ ကျွန်တော်လို ပင်ပန်းနေတဲ့ သူတွေ ဒါမှ မဟုတ် နေမကောင်းဖြစ်နေတဲ့ သူတွေ ပါကောင်း ပါလိမ့်မယ်လို့။ လူဆိုတဲ့ အမျိုးကလည်းခက်တယ်ဗျ။ ကိုယ်တိုင်ကြုံဖူးမှပဲ ကိုယ်ချင်း စာတတ်တာများတယ်။ ကျွန်တော်လည်း အဲလိုပဲ။ ထားပါတော့ လေ။

အဲလို ထိုင်စရာနေရာ ရှာနေတုံး ကံကောင်းထောက်မစွာ ကျွန်တော် ရပ်နေတဲ့ နေရာနားက လူတစ်ယောက် ထသွားတယ်။ အဲ သူနေရာက reserve seat ဗျ။ တတ်နိုင်ဘူးလေ။ ဒီနေ့တော့ ရတဲ့ နေရာ ထိုင်မှာပဲ ဆိုပြီး စွေ့ခနဲ ထိုင်ချလိုက်တယ်။ အမလေး ဇိမ်ရှိလိုက်တာဗျ။ တအားပင်ပန်းနေတဲ့ အချိန်မှာ ဒီလိုလေး ထိုင်ရတာ ကိုက ဘယ်လောက် ဇိမ်ရှိလိုက် သလဲလို့။ တင်းနေတဲ့ အကြောတွေ ရှိန်းရှိန်း ရှိန်းရှိန်းနဲ့ ပြေသွားသလိုပဲ။ အပိုတွေပြောတာ မဟုတ်ဘူးမိတ်ဆွေ။ တကယ်ညောင်းနေတဲ့ အချိန်မှာ ထိုင်လိုက်ရတာ အဲလိုကို အရသာရှိတာဗျ။

ဒါပေမယ့် ခနာကိုယ်သာ ဇိမ်ရှိတာ စိတ်ကတော့ သိပ် ဇိမ်မရှိဘူးဗျ။ reserve seat ဆိုတော့ ရင်တမမနဲ့ ထိုင်နေရတယ်။ ဂရုမစိုက်တဲ့ သူဆိုရင်တော့ ကိစ္စမရှိဘူးပေါ့ဗျာ။ ကျွန်တော်ကိုက မနေတတ်တာ။ စိတ်ထားကောင်းလွန်းလှတာ တော့မဟုတ်ဘူးဗျ။ အဘိုးကြီးတွေအဘွားကြီးတွေတက်လာလို့ နေရာဖယ်မပေးမိရင် သူများတွေ စိတ်ထဲက ကဲ့ရဲ့တာကို မခံနိုင်တာလည်းပါတယ်။ ငယ်ငယ်က အဖွားနဲ့ ခရီးသွားတုန်း ဘစ်ကားပေါ်မှာ အဘွားရဲ့ ပါးရေတွန့်နေတဲ့ လက်ကလေးတွေနဲ့ တန်းကို ကိုင်ပြီး ယိုင်နဲ့နဲ့ မတ်တပ်ရပ်စီးလာတာကို သနားမိပြီး ကတည်းက ဘယ်အဘိုးအဘွား ကို တွေ့တွေ့ ကိုယ့်အဘွားမျက်နှာကိုပဲ မြင်ယောင်မိနေတော့တယ်။ အဲဒါကြောင့် ကိုယ့်ဘေးမှာ အဘိုးကြီးအဘွားကြီး လာရပ်နေရင် နေကို မနေတတ်တာ။

အဲ ဘူတာ နှစ်ဘူတာလောက် အပြီးမှ ပြသနာက စတာပဲ။ တစ်ဘူတာကျတော့ အသက် သုံးဆယ့်ကျော်ကျော် မိန်းမတစ်ယောက် တက်လာတယ်။ ကျွန်တော့်နားမှာ လာရပ်ပါပေရော။ လူကတော့ သန်သန်မာမာပါပဲ။ အဖွားကြီး လည်း မဟုတ်။ ကလေးလည်း မပါ။ မသန်မစွမ်း လည်းမဟုတ်။ ကျွန်တော် နောက်က reserve seat မှာ ပြထားတဲ့ ပုံနဲ့ တစ်ခုချင်းစီ တိုက်စစ်ကြည့်မိတယ်။ ဟောတွေ့ပါပြီဗျာ။ ပြသနာက ဗိုက်။ သူ၀တ္လာတာ ဗိုက္ဖံုးအက်ီၤ လိုမ်ိုးခပ္ပြပြ။ ဗိုက်က နည်းနည်းတော့ ထွက်နေတယ်။ ၀လို့ ဗိုက်ပူတာလား။ ကိုယ်ဝန်လား။ မသေချာ။ ကျွန်တော်ကိုကလည်း ညံ့ပါတယ်ဗျာ။ ဒုက္ခပဲ။ ကျွန်တော် ထပေးရ ကောင်းနိုးနိုးလား၊ ဆက်ပဲထိုင် နေရ မလား မတွေးတတ်။ သေချာအောင် သူ့ဗိုက်ကို ထပ်ကြည့်မိတယ်။ သူနဲ့ အကြည့် ချင်းသွား ဆုံတယ်။ အဲဒီ အမျိုးသမီးရဲ့ မျက်နှာ ရဲခနဲ ဖြစ်သွားတယ်။ သူ့ကိုယ် သူ မလုံ မလဲ ငုံကြည့်။ အကျီင်္လေး ဘာလေး မသိမသာဆွဲချ။ မြွေပဲ။

မိတ်ဆွေကတော့ ဒီကောင် ဇာတ်လမ်း မဟုတ် ဇတ်လမ်း လျှောက်ရှာနေပြီ။ အသာထပေး လိုက်ရင် ပြီးရောလို့ ထင်မှာပဲ။ မိတ်ဆွေစဉ်းစားကြည့်လေဗျာ။ မိန်းခလေးတွေ စိတ်အဆိုးဆုံး တစ်ခုထဲမှာ ခင်ဗျားဗိုက်ပူနေပြီလို့ ပြောတာ တစ်ခုပါတယ်ဗျ။ တကယ် ကိုယ်ဝန်ရှိတဲ့ သူဆိုရင် ပြသနာ မရှိဘူးလေ။ မဟုတ်ပဲ သူ့ဟာသူုဝလို့ ဗိုက်ထွက်တာကို ကိုယ်ဝန်နဲ့ မှားပြီး နေရာဖယ်အပေးခံရတယ်ဆိုတော့ ဘယ်လိုနေမလဲ။ ဘယ်လောက် ဒေါသထွက်မလဲ ဘယ်လောက် ရှက်လိုက်မလဲ။ အင်းလေ ကျွန်တော်ကပဲ အဖြစ်သည်းလွန်းတာလည်း ဖြစ်ချင် ဖြစ်မှာပါ။ တတ်နိုင်ဘူးဗျာ။ လူတစ်ကိုယ် စိတ်တစ်မျိုး စီကိုးဗျ။

ဒါဆိုလည်း ပေပြီး မသိချင်ယောင်ဆောင် ဆက်ထိုင်နေကွာ လို့ ပြောရင်လည်း ပြောတော့ဗျာ။ အဲလိုထိုင်တော့ လည်းလူက သာထိုင်နေရတာ စိတ်က မသက်သာဘူး။ တကယ်လို့ ကိုယ်ဝန်ဆောင်များ ဖြစ်နေခဲ့ရင်ဆိုတဲ့ အတွေးက နှိပ်စက်နေတယ်။

အဲဒါနဲ့ ကျွန်တော်လည်း အဲဒီ မဗိုက်ကို ထပ်ကြည့်မိပါတယ်။ ဒီတစ်ခါသူနဲ့ အကြည့်ချင်းဆုံတော့ သူ့မျက်နှာ နည်းနည်းတင်းလာတယ်။ ဟာကွိုင်ပဲ။ ဒါနဲ့ မထူးဘူးကွာဆိုပြီး မျက်စိမှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်တယ်။ အဲဒီတော့လည်းဝင် လာတဲ့ အတွေးကို ဖျောက်မရ။ ၀တ်ဖြူစင်ကြယ်နဲ့ သူတော်စင်ကြီးက မင်းကွာ ကိုယ်ဝန် သည်ကြီးကို ရပ်ခိုင်းထားပြီး မင်းလိုအားကောင်းမောင်းသန်ကြီးကတော့ ဇိမ်နဲ့ ထိုင်နေပါလားကွ လို့ လာပြောနေသလိုလို။ ကျွန်တော် ထိုင်နေရင်း ချွေးစေးတွေ ပြန်လာတယ်။

ပင်ပန်းလို့ ထိုင်စီးပါတယ်ဆို ထစီးတာထက်တောင် ပင်ပန်းနေသလိုပဲဗျာ။ အဲဒါပဲ စိတ်က မထားတတ်တော့ဒုက္ခရောက်တာပဲ။ ဘာကောင်လာလာ ထမပေးဘူးကွာ ဆိုပြီး ပေထိုင် နေလည်း အေးတာပဲ။ ဒါမှ မဟုတ်လည်း မသိမသာလေး ထပြီး သူ့လည်း ဘာမှ မပြောပဲ နဲ့ တစ်ခြားနေရာမှာ သွားရပ်နေပါလားဆိုတော့ လည်း ရထားက နည်းနည်းကျပ်နေတယ်ဗျ။ အဲလိုမှ မလုပ်ချင်ရင် ဖြစ်ချင်ရာ ဖြစ်ဆိုပြီး အမကြီးလာ ထိုင်ဆို ပြီး ထပေးလိုက် လည်းပြီးတာပဲ။ သူ့ဟာသူ့ စိတ်ဆိုးဆိုး မဆိုးဆိုး ရှက်ရှက် မရှက်ရှက် ကိုယ့် အပူမဟုတ်ဘူး။ ခက်နေတာက ကျွန်တော်။ အဲလို အမြဲ မပြတ်မသားနဲ့ ကိုယ့်ကိုကိုယ်တောင် စိတ်ပျက်မိပါရဲ့။

ကဲ နောက်ဆုံးတော့ ဖြစ်ချေဘူး ဒီအတိုင်းနေရင် ရူးရချေရဲ့ ဆိုပြီး ရှေ့က ဘူတာမှာ ဆင်းပြီး နောက်ရထားကို စိတ်ချမ်းသာ လက်ချမ်းသာ နဲ့ ပြောင်းစီးခဲ့ ပါတော့တယ်ဗျာ။

ဖေဖ၀ါရီ ၂၀၁၀
မိုးတိမ်ညို

Sunday, February 14, 2010

ရေဗူးပေါက်နှင့် ရေခပ်ခြင်း

ပုံပြင်လေးကတော့ ဒီလိုပါ။

တစ်ခါက သူငယ်ချင်းနှစ်ယောက်ရှိသတဲ့။ သူတို့ခရီးတစ်ခုကို သွားမလို့ ပြင်ဆင်နေကြရင်း သူတို့မှာ တစ်ယောက် တစ်ဗူး စီရှိတဲ့ ရေဗူးတွေက ပေါက်နေတာ တွေ့ရသတဲ့။ တစ်ယောက်ကတော့ “ဘယ်လိုပဲ ဖြစ်ဖြစ် ငါကတော့ ရေပါအောင် ခပ်မှာပဲ” ဆိုပြီးတော့ ရေဗူးပေါက်လေးကို လက်နဲ့ ပိတ်ပြီး ရေခပ်လာသတဲ့။ နောက်တစ်ယောက်ကတော့ “ဟာ ငါကတော့ အဲလိုမလုပ်နိုင်ဘူး အဲဒါ သဘာဝ မကျဘူးကွ ရေဗူးကို ရအောင် ဖာရမယ်” ဆိုပြီး ရေကို တစ်ဝသောက်လာပြီး တစ်လမ်းလုံး ရေဗူးဖာဖို့သာ နည်းလမ်း အမျိုးမျိုး ကြံဆလာ သတဲ့။ ရေဗူးပေါက်ဖာရတာလည်း တော်တော်ခက်ဆိုပဲ။

တိရိစ္ဆာန် သားရေမျိုးစုံကိုလည်း စမ်းသပ်၊ ရွံ့စေး အမျိုးမျိုးကို လည်းစမ်းသတ်နဲ့ သွားရင်းလာရင် လမ်းခရီးမှာ သူ တော်တော်ကို စူးစမ်းရှာဖွေနိုင်ခဲ့တယ်။ ရေဗူးပေါက်နဲ့ ရေခပ်လာတဲ့ သူငယ်ချင်းကတော့ ရေဗူးကို လက်တစ်ဖက်ကကိုင် တစ်ဖက်က အပေါက်ကို ပိတ်နဲ့ လက်နှစ်ဖက်လုံး လှုပ်လို့မရတော့ လမ်းခရီးကို စူးစမ်း ဖို့နေနေသာသာ လမ်းတောင် မနည်း လျှောက်လာခဲ့ရတယ်။ တစ်ခု သာတာကတော့ ရေဆာတဲ့ အချိန်မှာ အသာလေး ဗူးထဲက မော့ သောက်လိုက်ရုံပဲ။ ဟိုတစ်ယောက်ကတော့ ရှာရဖွေရတာလည်း ပင်ပန်း ရေက လည်း ငတ်တစ်လှည့် ပြတ်တစ်လှည့် နဲ့ ခရီးဆက်လာခဲ့ရတယ်။

ဒီပုံပြင် လေး ဘယ်လို အဆုံးသတ်သွားမလဲ ဆိုတာ မိတ်ဆွေ အနေနဲ့ သိချင်လိမ့်မယ် ထင်ပါတယ်။ သမာရိုးကျတော့ မဆုံးဘူးဗျ။ အဆုံးသတ်က နှစ်မျိုး ရွေးခြယ်စရာရှိတယ်။ ဒီလိုဗျ။

(၁) ရေဘူးပေါက်နှင့် ရေခပ်လာသော သူသည် နောက်ဆုံးတွင်တော့ လိုရာခရီးဆုံးကို ရောက်သွားပြီး ရေဗူးပေါက် ဖာရန် ကြိုးစားလာသော သူသည်ကား လမ်းခရီး မဆုံးလိုက်ပဲ ရေငတ်၍ လမ်းခုလပ်တွင် ပင် သေဆုံးသွားလေသည်။

(၂) ရေဗူးပေါက်ကို ဖာထေးရန် အမျိုးမျိုး ရှာဖွေလာသော သူသည် နောက်ဆုံးတွင် အောင်မြင်သွားပြီး အကောင်းပကတိ ဖြစ်သွားသော ရေဗူးလေးကို ရေအပြည့်ဖြည့် ကာ ခါးတွင် ချိတ်ပြီး လွပ်လပ်ပေါ့ပါးစွာ စူးစမ်းရှာဖွေပြီး ခရီးလမ်းဆုံး အရောက်တွင် တောတွင်းမှ ရှားပါးသစ်ခွများ၊ သစ်မွှေးများ၊ ကျောက်မျက်ရတနာ များ စသဖြင့် အဖိုးတန်ရတနာ များစွာကို သယ်ဆောင်သွားနိုင်ပြီး ရေဗူးပေါက်ကို လက်ဖြင့် ပိတ်လာခဲ့ သောသူမှာ ကားလမ်းခရီးတစ်လျှောက်ရှိတောတောင် ဆိုသည်ကိုပင် ဘာမှ မသိလိုက်ပဲ လက်ဗလာနှင့် ပင် ခရီးလမ်းဆုံးကို ရောက်သွားခဲ့ လေသည်။

မိတ်ဆွေအနေနဲ့ ဘယ်အဆုံးသတ်ကို ကြိုက်ပါသလဲ။ ကိုယ်တိုင်သာ ဆုံး ဖြတ်ပါခင်ဗျာ။ တခြား နည်းရှိရင် လည်း ဖြည့်စွက်လို့ရပါသေးတယ်။

ပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျာ။ အဲဒီပုံ ပြင်လေးနဲ့ ပုံစံတူတဲ့ အဖြစ်ကလေးတစ်ခုလည်း အပြင်လောက မှာ ဖြစ်ခဲ့ သေးပါတယ်။ အပြင်လောကကသူ နှစ်ယောက်ကတော့ ပြောရလွယ်အောင် တစ်ယောက်က မောင်ကကြီး လို့ ထားလိုက်ပါ။ နောက်တစ်ယောက်က မောင်ခခွေး ပေါ့။

ဒီလိုဗျ။ သူတို့ နှစ်ယောက် အထက်တန်းကျောင်းကတည်းက သူငယ်ချင်း နှစ်ယောက်ပေါ့ဗျာ။ တစ်ယောက်နဲ့ တစ်ယောက် ကံ၊ဥာဏ်၊၀ိရိယ ချင်းယှဉ်ရင် အားလုံးအတူတူပဲ လို့ ပြောလို့ရတယ်။ တက္ကသိုလ်ရောက်လာတော့ လည်း သူငယ်ချင်းနှစ်ယောက် အတူတူပဲပေါ့။

ဒါပေမယ့် တစ်ခုတော့ကွာသွားတယ်။ သူတို့ ကျောင်းတွေရဲ ညံဖျင်းလှတဲ့ ပညာရေး စနစ်၊ စိတ်ပျက်စရာ ကောင်းလောက် အောင် ချို့တဲ့လှတဲ့ သင်ထောက်ကူ ပစ္စည်းများ၊ တခြားတခြားသော စိတ်ပျက် စရာအခြေအနေများကြောင့် မောင်ကကြီးရဲ့ ပညာသင်ကြားလိုစိတ်ကုန်ခန်းခဲ့ရတယ်။ ကျောင်းစာက လွဲရင် အပြင်လောက မှာ ပညာရပ် မျိုးစုံ မွှေနှောက် ရှာဖွေခဲ့တယ်။ သူငယ်ချင်း မောင်ခခွေးကတော့ သူနဲ့ ဆန့်ကျင်ဘက် ဖြစ်ခဲ့တယ်။ အဲဒီအချိန်က သူတို့ တက်တဲ့ တက္ကသိုလ်တွေက တကယ်ကို ခြစားပျက်စီးနေကြတာပါ။ ကျောင်းသားတော်တော်များများလည်း စာမသင်ချင်ပဲ စိတ်လေကုန်ကြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျောင်းစာကို စိတ်ဝင်စားတဲ့ သူတွေလဲ ရှိခဲ့တယ်။ ခက်တာက သူတို့ စိတ်ဝင်စားတာ အခြေခံ သီအိုရီတွေ မဟုတ်ဘူးဗျ။ ကျောင်းက အမှတ် စာရင်းပေါ်မှာ ဂရိတ် အေတွေပဲ မြင်ရအောင်သာ စိတ်ဝင်စားကြတယ်။ အဲလိုဖြစ်ဖို့ ဆရာဆရာမတွေကိုလည်း ကပ်ရ၊ မေးခွန်းလိုက်ရ၊ ကျူရှင်တက်ရ၊ လာဘ်ပေးရ စသော ငြီးငွေ့ဖွယ်ရာ စက်စုပ်ဖွယ်ရာ အလုပ်တွေကို လုပ်ခဲ့ရပါတယ်။ မောက်ကကြီး နဲ့ တစ်ချို့ကတော့ အဲဒီ အခြေအနေတွေကို နှာခေါင်းရှုံ့ ခဲ့ကြတယ်။ ခပ်ဝေးဝေးမှာ နေခဲ့ ကြတယ်။ မောင်ခခွေး ကတော့ အဲဒီ ရေစီးကြောင်းထဲမှာ ပျော်ပျော်ကြီး စီးမျောခဲ့ပါတယ်။ ဘာပဲ ဖြစ်ဖြစ် သူအောင်မြင်ပါတယ်။

နောက်ဆုံးတော့ ဘာဖြစ်သလဲဆိုတော့ နှစ်ယောက်လုံး ကျောင်းပြီးသွားပါတယ်။ မောင်ခခွေးက ဂရိတ်တွေ ကောင်းမှကောင်းပေါ့။ မောင်ကကြီးမှာတော့ စာရွက်ပေါ်က အရည်အချင်း ဘာမှ မရှိခဲ့ ဘူးပေါ့။ အဲဒီ အချိန်ကတော့ ဗျာ စာရွက်ပေါ်က အရည်အချင်း ဘာမှ သုံးမရဘူးဆိုပြီး မောင်ကကြီးက လှောင်ခဲ့တာပေါ့။ မောင်ခခွေးရဲ့ ခံယူချက်ကတော့ ရေဗူး ပေါက်တာမလိုချင်ဘူး ရေပါဖို့ အရေးကြီးတယ် ဆိုတဲ့ ခံယူချက်မျိုး။ ဘယ်လောက်ပဲ ပညာရေးစနစ်က ညံ့ဖျင်းပါစေ၊ အကျင့်ပျက်ပါစေ၊ ခြစားပါ စေ ကိုယ်လုပ်စရာ ရှိတာတော့ လုပ်ရမှာပဲဆိုတာမျိုး။

မောင်ကကြီးက ဒီလိုပြော ပြောတယ်။

“ဘီဂိတ်တောင်မှ ကျောင်းသင်ပညာရေး စနစ်ကို မကြိုက်လို့ ကျောင်းကထွက်ပြီး သူ့ဟာသူ ကြိုးစားတာ ဘယ်လောက် အောင်မြင်လိုက်သလဲ ကြည့်စမ်း” လို့ပြောတော့ မောင်ခခွေးက ပြန်ပြောတယ်။

“လူတိုင်း ဘီဂိတ်မှ မဖြစ်နိုင်တာကွာ” တဲ့။

ဒီလိုနဲ့ သူတို့ နှစ်ယောက် ကျောင်းပြီးကြတဲ့ အချိန်မှာ ကိုယ့်နိုင်ငံမှာ အဆင်မပြေနိုင်မှန်း သိလာတော့ ရေကြည်ရာ မြက်နုရာကို ထွက်ခွာဖို့ စဉ်းစားခဲ့ ကြတယ်။ ဖြစ်နိုင်ရင် နိုင်ငံခြား တက္ကသိုလ် တစ်ခုခုမှာ ပညာဆက်သင်မယ်ပေါ့။ တိုတို ပြောရရင် ကျောင်းအတူတူ ယှဉ်လျှောက်ကြတော့ စာရွက်ပေါ်က အရည်အချင်း အပြည့်နဲ့ မောင်ခခွေးက ကျောင်းဝင်ခွင့် ရပါတယ်ဗျာ။ မောင်ကကြီး ကတော့ မရပါဘူးတဲ့။ တခြားသော စာရွက်ပေါ်က အရည်အချင်း မပြည့်စုံသူများလည်း မရပါဘူး။ ရွေးခြယ်တဲ့ ကျောင်းတွေကို လည်း အပြစ်ပြောလို့ မရဘူးပေါ့ဗျာ။ သူတို့ လည်း လူတစ်ယောက် တစ်ကယ်တော်မတော် ချက်ချင်း ဘယ်သိပါ့မလဲ။ စာရွက်ပေါ်က အရည် အချင်းနဲ့ ကြည့်ပြီးပဲ ဆုံး ဖြတ်ရတာပေါ့။

နောက်ဆုံးတော့ မောင်ခခွေးက နိုင်ငံခြားမှာ ပညာဆက်သင် အဆင့် မြင့် ဒီဂရီ တစ်ခုရ အလုပ်အကိုင် ကောင်းကောင်းလုပ်နေတဲ့ အချိန်မှာ မောင်ကကြီးကတော့ ယက်ကန်ယက်ကန်ပေါ့။ တကယ်ဆို အရည်အချင်း အရကြည့်ရင် နှစ်ယောက်လုံး အတူတူပါပဲ။ ခံယူချက်ခြင်းသာ ကွဲသွားတာပါ။

ဘာလို့လဲဆိုတော့ “မောင်ကကြီးက ရေဘူးပေါက်နဲ့ ရေမခပ်ချင်တဲ့သူ” “မောင်ခခွေးကတော့ ရေပါဖို့ပဲ အရေးကြီး တယ်” ဆိုတဲ့ လူစားမျိုးမို့လို့ပါပဲ။

လောလောဆယ် အခြေအနေမှာတော့ ရေဗူးပေါက်နဲ့ ရေခပ်လာတဲ့ သူတွေက တစ်ပန်းသာနေပါတယ်ဗျ။ (ပညာရေးကိစ္စတွင် မကပါဘူး တစ်ခြားကိစ္စတွေမှာလည်း အတူတူပါပဲ)။ ရေဗူးပေါက် ဖာဖို့ ကြိုးစားနေတဲ့ သူတွေကတော့ အဲ သူတို့ရတဲ့ ရလဒ် အပေါ်မူတည်ပါလိမ့်မယ်ဗျ။ သူတို့ သာ ရေဗူးပေါက်ကို ဖာနိုင်တယ်ဆိုရင်တော့ သူတို့နည်း မှန်တယ် လို့ ပြောကြမှာပဲဗျ။ တကယ်လို့များ ရေဗူးပေါက် မဖာနိုင်ဗူးဆိုရင် တော့ လူတွေက မှားတယ်လို့ ကဲ့ရဲ့ ကြမှာ မလွဲပါဗူးခင်ဗျာ။

အဲဒါကြောင့် ဘယ်ဟာက မှန်တယ် ဘယ်ဟာက မှားတယ်ဆိုတာထက် မိတ်ဆွေ ဘ၀ကို မိတ်ဆွေ ဘယ်လို ပြဌာန်း ထားသလဲ ဆိုတဲ့ အပေါ်ပဲ မူတည်ပါလိမ့်မယ်ဗျာ။

လောလောဆယ်တော့ ဗျာ ရေဗူးပေါက်ဖာဖို့ ကြိုးစားခဲ့တဲ့ သူတွေ ရေငတ်နေကြပါတယ်။

ဒါပေမယ့် မိတ်ဆွေ…ပြိုင်ပွဲက ပြီးသွားပြီ လို့ မထင်ပါနဲ့။ မပြီးသေးပါဘူး။ လူတိုင်းက ဘီဂိတ် ဖြစ်နိုင်ပါသေးတယ်။ ပြိုင်ပွဲက မပြီးသေးပါဘူးဗျာ။ အဲ မပြီးသေးဘူးလို့တော့ ထင်ရတာပဲပေါ့ဗျာ။

ဖေဖ၀ါရီ ၂၀၁၀
မိုးတိမ်ညို

Sunday, February 7, 2010

နုတ်ဆက်စကားများ

‘Good morning’ ‘Good afternoon’ ‘Good evening’ ‘Good night’

ထိုနှုတ်ဆက်စကားများကို လူတိုင်း အတွက်ကြားနေကျ အင်္ဂလိပ် အသုံးအနှုန်းများဖြစ်ပါသည်။ ဆရာမင်းသိင်္ခ စာအုပ်တစ်အုပ် ထဲမှာဖတ်ဖူးသော အတွေးလေးကိုပြောချင်လို့ပါ။

မြန်မာလိုဆိုရင်တော့ ကောင်းသော နံနက်ခင်းပါ၊ ကောင်းသော နေ့လည်ခင်းပါ၊ ကောင်းသော ညနေခင်းပါ၊ ကောင်း သောညပါလို့ ဆိုရမပေါ့။ ဆရာမင်းသိင်္ခက ပြောတယ်။ အင်္ဂလိပ်တွေက အဲဒီလို နှုတ်ဆက်တာ သူတို့ ဆီမှာ ရာသီဥတုက သိပ်ဆိုး လို့ ဖြစ်နိုင်တယ်တဲ့။ အဲဒါကြောင့် နေပွင့်တဲ့ နေ့လေးဖြစ်ဖြစ် ကောင်းကင်ကို ကောင်းကောင်း မြင်ရတဲ့ နေ့လေးပဲ ဖြစ်ဖြစ် အချိန်ပေါ်မူတည်ပြီးတော့ ကောင်းသော မနက်ပါ၊ ညနေပါ စသည်ဖြင့် နှုတ်ဆက်ကြ တာနေမှာပေါ့တဲ့။ ရာသီဥတု မကောင်းလဲ ကောင်းပါစေတော့ ဆိုတဲ့ သဘောနဲ့ နှုတ်ဆက်ရတာ ဖြစ်မယ် ထင်တာပဲ။

အဲလိုစဉ်းစားကြည့်တော့ ကျွန်တော်တို့ မြန်မာတွေဘယ်လိုနှုတ်ဆက်တာလဲ လို့ တွေးကြည့်မိတယ်။ မှတ်မိသလောက်တော့ ကျွန်တော်တို့ တွေရဲ့ အဓိက နှုတ်ဆက်စကားက “နေကောင်းလား” “စားပြီး ပြီလား” အဲဒါတွေဖြစ်မယ်ထင်တယ်။ “မင်္ဂလာပါ” ဆိုတာ တော့ အပြင်မှာ တကယ်မသုံးဘူးလေ။ အခန်း အနားတွေမှာမှ သုံးတာ။

“နေကောင်းလား” လို့နှုတ်ဆက်တာကိုတွေးကြည့်ရင် ကျွန်တော်တို့ဆီမှာ ကဟိုးရှေးတုန်းက ကျန်းမာ ရေးက တော်တော် အရေးကြီးမယ်နဲ့တူတယ်။ ခေတ်ကလည်း နောက်ကျ၊ ဆေးဆရာဆို တာလည်း မိရိုး ဖလာ ဆေးဆရာပဲ ရှားရှားပါးပါးရှိ၊ တောတောင်ကလဲ ထူထပ်တော့ ရောဂါလဲ ထူ လိမ့်မယ် ထင်တယ်။ အဲဒီ တော့ ကျန်းမာရေးအရ တစ်ခုခုဖြစ်ရင် မလွယ်ဘူး နဲ့တူ တယ်။ အဲဒါကြောင့် ကျန်းမာ ရေးက အရေးကြီးလို့ အဲလို နှုတ်ဆက်တာလားလို့တွေးမိတယ်။

“စားပြီးပြီလား” ဆိုတာကို စဉ်းစားကြည့်တော့ အခုလို စဉ်းစား မိတယ်။ မြန်မာတွေက အစားကောင်း အသောက် ကောင်းကို ခုံမင်လို့ လူတစ်ယောက်ကို တွေ့ရင် စားပြီးပြီလား တင်မကပဲ ဘာဟင်းလဲ လို့ပါ မေးလေ့ရှိကြသဗျ။ ပြီးတော့ မစားရသေးဘူးဆိုရင်လည်း ရှေးတုန်းကတော့ အိမ်လာလည်တဲ့သူ ဆိုရင် ကျွေးဖို့ ၀န်မလေးဘူးနဲ့တူတယ်။ သဒ္ဓါတရား ထက်သန်တယ်ပေါ့ဗျာ။ အဲဒါကြောင့် အစားအသောက်ကို ခုံမင်လို့၊ ကျွေးချင်မွေးချင်လို့ အဲဒီလို နှုတ်ဆက်တာလို့ ထင်ရတာပဲ။

ရှမ်းတွေကျတော့ ပြန်ခါနီးနှုတ်ဆက်ရင် “ဖြေးဖြေးနော်”လို့ ရှမ်းလိုပြောလေ့ရှိတယ် လို့ကြားဖူးတယ်။ စဉ်းစားကြည့်တော့ ရှမ်းပြည်က တောင်ပေါ်ဒေသ။ တောင်တက်တောင်ဆင်းတွေများမယ်။ ကုန်းတွေကမူတွေများ လိမ့်မယ်။ လမ်းလျှောက်ရင် သေချာလျှောက်ဖို့လိုမယ်ထင်တယ်။ အဲလိုမှ မဟုတ်ရင် မြေပြင်ညီမဟုတ်တော့ ချော်လဲ နိုင်တယ်။ ကျိုးနိုင်တယ်၊ ပဲ့နိုင်တယ်၊ အခန့်မသင့်ရင် တောင်ပေါ်ကကျသေ နိုင်သေးတယ်။ အဲဒါကြောင့် ဖြေးဖြးနော်လို့ နှုတ်ဆက်ရတာထင်တာပဲ။

အဲကျွန်တော်မိတ်ဆွေ ဘောလုံးပွဲ သမားတွေကြတော့ တွေ့ရင် “မနေ့ကပွဲ ဘယ်လိုလဲ” တဲ့ဗျ။

ဈေးသည်အချင်းချင်းတွေ့ရင်ကြတော့ “ရောင်းကောင်းလား” တဲ့။

ပြီးတော့ ရှိသေးတယ်။ နိုင်ငံ ခြားမှာ အလုပ်လာလုပ်တဲ့ သူတစ်ချို့ ကြတော့ “ဒီနေ့ အိုတီရလား” တဲ့။

ဒါတွေကစဉ်းစားကြည့်ထားတာပါဗျာ။ ဟုတ်မဟုတ်တော့ သေချာ သုတေသနလုပ်ကြည့် မှ သိမယ် ထင်တယ်။ တခြားဘာသာ စကားတွေနဲ့ ဘယ်လိုနှုတ်ဆက်လည်း သိရင် လည်း စဉ်းစား ကြည့်ကြပါ။ ဟုတ်မဟုတ်သိရတာပေါ့။ ဘာပဲ ပြောပြော လူမျိုး တစ်မျိုးရဲ့ ဓလေ့၊ လူတွေရဲ့ အခြေအနေ ၊စိတ်ခံ စားချက်တွေ ကို အဲဒီ နုတ်ဆက်စကားတွေက တစ်နည်း မဟုတ် တစ်နည်း ထင်ဟပ်နေမှာတော့ အသေအချာပါပဲဗျာ။

ဒီအကြောင်းတွေကို ကျွန်တော်သူငယ်ချင်း ရန်ကုန်က စီးပွားရေး သမားတစ်ယောက်ကို ပြောပြမိတော့ သူကပြောတယ်။ “အဲလိုပြောကြ ကြေးဆိုကွာ ငါတို့ အချင်းချင်းတွေရင် ဘာဂွင်တွေရလဲ လို့နုတ်ဆက်ကြ တယ်ကွ” တဲ့။

ဟဲဟဲ ကျွန်တော်ပြောတဲ့ သီအိုရီနဲ့ ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံကြီးက ဂွင်နိုင်ငံ ကြီးပေါ့နော်။

ဖေဖ၀ါရီ ၂၀၁၀
မိုးတိမ်ညို

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP