Monday, May 17, 2010

It made a difference to that one

မိတ်ဆွေ။ ကျွန်တော် ပြောချင်တာလေးကို မပြောခင် အောက်က ပုံပြင်လေး အရင် ဖတ်ကြည့်ပါဦးလို့ တောင်းပန်ပါ ရစေ။

........................................................................................

တစ်ခါကလူတစ်ယောက်သည် ပင်လယ်ကမ်းခြေတွင် မနက်စောစာစီးစီး လမ်းလျှောက်ထွက်လာရာ အဝေး တွင် လူတစ်ဦး ကုန်းကုန်းကွကွနှင့် တစ်ခုခု လုပ်နေသည်ကို မြင်ရလေသည်။ သူအနားကပ်သွားသော အခါထိုသူသည် လူငယ်လေး တစ်ဦး ဖြစ်နေသည်ကို တွေ့ရသည်။ ကမ်းခြေမှ တစ်စုံတစ်ခုကို ကောက်လိုက် ပင်လယ်ထဲ ပစ်လိုက်နှင့် အလုပ်ရှုပ်နေခြင်း သာ ဖြစ်လေသည်။ သူစိတ်ဝင်စားသွား ပြီး အနားရောက်မှ မေးကြည့်မိသည်။

'ကောင်းသော နံနက်ခင်းပါ ခင်ဗျာ မိတ်ဆွေ ဘာများ လုပ်နေပါသလဲ'

လူငယ်လေးက သူလုပ်နေသော အလုပ်ကို ခဏရပ်ကာ မော့ကြည့်လိုက်ပြီး

'ကြယ်ငါးလေးတွေပါ ပင်လယ်ထဲ ပြန်ပစ်ချပေးနေတာ'

သူကထပ်မေးမိသည်

'ဘာလို့ အဲလိုလုပ်နေတာလဲဗျ'


'ကျွန်တော် ဒီလိုမှ မလုပ်ရင် ခဏနေ နေထွက်လာရင် အားလုံးသေကုန်မှာ ပေါ့ဗျ'

လူငယ်လေးက ပြန်ပြောလေသည်။

'ဒီလိုရှိတယ် မိတ်ဆွေ၊ မိတ်ဆွေ လုပ်တာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ဒီကမ်းခြေတစ်လျှောက်မှာ ဒီလိုတင်နေမယ့် ကြယ်ငါးတွေ သိန်းနဲ့ သောင်းနဲ့ ချီရှိနေမှာလေ။ မိတ်ဆွေ ဒီလို တစ်ကောင်ခြင်း ပစ်နေလို့ ဘာထူးမှာလဲဗျ'

ထိုအခါကလူငယ်လေးက ကိုယ်ကို ကုန်းလိုက်၍ နောက်ထပ်ကြယ်ငါးတစ်ကောင်ကို ကောက်ပြီး ခဏမျှ ကြည့်ကာ ပင်လယ်ထဲ သို့ ပစ်ချလိုက်ရင်း

'အင်း.. အခြားတစ်ကောင် အတွက် မထူးပေမယ့် ဒီတစ်ကောင်အတွက်တော့ ထူးတာပေါ့ဗျ'
ဟု ပြောလိုက် လေသတည်း။
...................................................................................................................
အထက်ပါပုံပြင်လေးကို ဆရာဖေမြင့် ဘာသာပြန်တဲ့ နှလုံးသား အာဟာရတွင် ပထမဆုံးဖတ်ဖူး ခြင်း ဖြစ်ပါတယ်။ ဖတ်မိစဉ်ကတည်း ကအလွန်ကြိုက်နှစ်သက်မိပါတယ်။ အခုဟာကတော့ အွန်လိုင်းမှာ တွေ့တဲ့ မူရင်း ကို အတိုချုပ်ပြန်ထားတာပါ။ အောက်မှာ မူရင်းလင့်ပေးထားပါတယ်။

'It made a difference to that one'
ဆိုတဲ့ စာသားလေးက ရင်ထဲမှာ စွဲကျန်နေခဲ့ပါတယ်။

ပြောချင်တာက အခုကျွန်တော်တို့ အမိမြေမှာ လူတွေ ဒုက္ခရောက်နေတဲ့ အကြောင်းပါ။ အပူချိန်လွန်ကဲလို့ ရေရှားပါးလာကြတယ်။ ရေတွင်းရေကန် အချို့ ခန်းကုန်ကြတယ်။ လူတွေ ရေဒုက္ခရောက်ကြရတယ်တဲ့။ တတ်နိုင်တဲ့ သူတွေကလည်း တတ်နိုင်သလောက် လှူကြတာ ကြားရပါတယ်။ ကျွန်တော်လည်း ကိုယ်တတ်နိုင် သလောက် လှူခဲ့ပါတယ်။ ကျွန်တော်တို့ လှူတဲ့ ဟာတွေကို လည်း အဲဒီ ဒုက္ခဖြစ်နေတဲ့ နေရာတွေကို တစ်ဆင့် ပြီး တစ်ဆင့် ပို့ပြီး ရေကူညီနိုင်ရင် ရေ။ ဆေးကူညီနိုင်ရင် ဆေးအစရှိသဖြင့် ကူညီခဲ့ ကြပါတယ်။

ဒါပေမယ့် သေချာစဉ်းစားကြည့်လေ ဘ၀င်မကျလေပဲ။ ဘာလို့လည်းဆိုတော့ ဒါက ပြသနာရဲ့ အဖြေ မဟုတ်ဖူးလို့ ခံယူမိလို့ပါပဲ။ ဒါက ရေတိုဖြေရှင်းမှု့။ ဆေးမှီးတိုနဲ့ ကုသနည်းပါ။ တာဝန်ရှိ သူတွေ အနေနဲ့ တစ်ခုခု လုပ်သင့်ပါတယ်။ လုပ်မယ်လို့ လည်းမျှော်လင့်ပါတယ်။ အဲ ရေတို ဖြေရှင်းမှု့ကလည်း လိုအပ်ပါတယ်။ မလိုအပ်ဘူးလို့ မဆိုလိုပါဘူး။ ဒီတစ်ခုတည်း မရဘူးလို့ ပြောချင်တာပါ။ ကဲထားပါတော့။ ရွာက ရေတွင်းမှာ ရေခန်း။ ရွာသားတွေ ရေအခက်အခဲ ဖြစ်။ ဒါကြောင့် အလှူရှင်တွေ စုပြီးတော့ ရေကားတွေ လှူ။ ဒီလိုနဲ့ ပဲ အဆင်ပြေသွား။ အဲ နောက်နှစ်ကြတော့ ရော ဒီလိုပဲ ထပ်ဖြစ်ဦးမလား။ ဒီလိုပဲ ထပ်လှူကြဦးမလား။ ဘာမှ မလုပ်ရင်တော့ ဒီ အတိုင်းပဲ ထပ်ဖြစ်မှာ အသေအချာပါပဲဗျာ။


နာဂစ်တုံးကလည်း နာဂစ်မို့လို့။ လူတွေ တော်တော် ခံရပါတယ်။ ကဲ အဲလို ဖြစ်တတ်တယ် ဆိုတာ အခုသိပြီ။ အခုဘာလုပ်ကြမလဲ။ နောက်တစ်ခါ ဖြစ်ရင် လှူဖို့ တမ်းဖို့ အလောင်းမြေမြုတ်ဖို့ အခုကတည်းက ပြင်ဆင်ထား ကြမလား။ ဒါမှ မဟုတ် နောက်တစ်ခါ မဖြစ်အောင်၊ ဖြစ်ခဲ့လျှင် လူတွေကို ကာကွယ်နိုင် အောင် စီစဉ်ကြမလား။ အခု စီစဉ်နေတယ် (သို့) စီစဉ်ထားတယ်လို့တော့ ကြားပါတယ်။ ဘယ်လောက် ထိအကျိုးသက်ရောက်မှု့ ရှိမရှိ တော့ ကျွန်တော် မသိပါဘူး။


တကယ်တော့ နာဂစ်လို သဘာဝ ဘေးအန္တရာယ်တို့ အပူချိန် မြင့်တက်တာတို့ ဆိုတာ သဘာဝ ဘေးတွေ ပါ။ ဘယ်လူသားမှ တိုက်ရိုက် ထိန်းချုပ်လို့ မရပါဘူး။ သွယ်ဝိုက်သော နည်းနဲ့ ပဲ ထိန်းချုပ်လို့ရပါတယ်။ ဥပမာ မုန်တိုင်း တိုက်တော့ မယ်ဆိုရင် ကြိုသိအောင်လုပ်၊ ပြင်ဆင်သင့်တာ ပြင်ဆင် ရွှေ့ပြောင်းသင့်တာ ရွှေ့ပြောင်း စသဖြင့် လူအသေ အပျောက် အထိအခိုက် အပျက် အစီး အနည်းဆုံး ဖြစ်အောင် လုပ်လို့ ရပါတယ်။

ပင်လယ်ပြင်မှာ ရွက်လွင့်သလိုပေါ့ဗျာ။ လေကို ဘယ်အရပ်က တိုက်ပါလို့ ပြောလို့ မရပေမယ့် လှေရွက်တွေကို တော့ သင့်လှေ လိုရာ အရပ်ကို သွားအောင် ထိန်းချုပ်လို့ ရပါတယ်တဲ့။

အခုလည်း ကြည့်။ အပူချိန်မြင့်လို့ လူတွေသေ ဒုက္ခတွေရောက်ကြတယ်ဆိုကြတယ်။ တကယ်က အပူချိန်မြင့်တာက လည်း မြင့်တာပေါ့ဗျာ။ တကယ်က လူတွေ ဒုက္ခရောက်တာ အရှင်းဆုံး ပြောရင် ရုပ်ဝတ္ထုပစ္စည်း ဆင်းရဲ လို့ပါ။ အပူချိန်မြင့်တိုင်းသူ ဒုက္ခရောက်ရမယ် ဆိုရင် သဲကန္တာရ နိုင်ငံက လူတွေက ဆို ဘယ်လို လုပ်ကြမလဲ။ ဥပမာ ကူဝိတ်နိုင်ငံ ရဲ့ အပူချိန်ကို ကြည့်ကြည့်ပါ။ ကျွန်တော်တို့ ထက်ပူပါတယ်။ ဒီလောက်ပူတာ ဒါပေမယ့် နိုင်ငံက ချမ်းသာတော့ အဆင်ပြေနေတာပဲ။ နေရာတိုင်း အဲယားကွန်းနဲ့ဗျာ။ ဒီလိုပါပဲ တခြားတိုးတက်တဲ့ နိုင်ငံတွေလည်း ပူတဲ့ အချိန် ပူတာပါပဲ။ ဒါပေမယ့် သူတို့ဆီမှာက ဘယ်ဘစ်ကား တက်တက် အဲယားကွန်းက အေးနေတာ။ ဘယ် ရထားဝင်ဝင် အေးနေတာ။ ဘယ် အဆောက်အဦးထဲ ၀င်ဝင် အေးနေတော့ သိပ်မသိသာဘူးပေါ့ဗျ။ ပြီး တော့ အဆောက်အဦးတွေ ရေပေးရေး စနစ်တွေ ကလည်း စနစ်ကျတော့ အရင်က ထက်ပိုပူပါစေဦး လူတွေ ရေ မပြတ်ဘူးဗျာ။ အဆောက်အဦး တွေကလည်း တကယ့် စံနုန်းနဲ့ ဆောက်ထားနိုင်ရင် အပြင်မှာ ဘယ်လောက်ပူပူ လူနေဖြစ်သေးတယ်။ လျှပ်စစ်မီးဆိုတာကလည်း ၂၄ နာရီဆိုတော့ အဲယားကွန်း ပန်ကာ ရေခဲသေတ္တာ အစုံနဲ့ တော်ရုံပူတာလောက်တော့ စကားထဲ ထည့်မပြောဘူးပေါ့ဗျာ။

ကျွန်တော်တို့ဆီမှာ အခုဖြစ်နေတာ အဓိကက ရုပ်ဝတ္ထုပစ္စည်း ချို့တဲ့လို့ တော်ရုံဘေးဒဏ်ဆိုရင် နင့်နေအောင် ခံစားရတာ။ မိတ်ဆွေ စဉ်းစားကြည့်ဗျာ ဒုက္ခရောက်နေတာခြင်းအတူတူ တစ်ယောက်က အဲယားကွန်းခန်းထဲမှာ ရေခဲစိမ် အအေးလေးသောက်ပြီး ဒုက္ခခံမယ် တစ်ယောက်က နေပူကျဲတဲက တဲကုတ်ထဲမှာ မြောင်းရေ လေးသောက်ပြီး ခံရမယ်။ ဘယ်သူက ပိုခံရ မလဲဆိုတာ။
အခုကျွန်တော်တို့ တစ်တွေ လူမှု့ရေး အသင်းတွေ တတ်နိုင်တဲ့ ဘက်က ကူညီနေတာ တွေ့ရတော့ တကယ်ကို ပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ လူမျိုးတွေရဲ့ စေတနာ စည်းလုံးမှု့ အကြင်နာတရားကို ပီတိ ဖြစ်မိပါတယ်။ ဒါပေမယ့်ဗျာ ကျွန်တော်တို့ ကူညီနိုင်တာတွေက တစ်နိုင်ငံ လုံး အတိုင်းအတာနဲ့ ဆိုရင် ဘယ်လောက် ထိရောက်မလဲ လို့ သံသယ ဖြစ်မိပါတယ်။ အဲဒီတော့ အခုကျွန်တော်တို့ လုပ်နေတာက ပုံပြင်ထဲက လူငယ်လေး ကြယ်ငါးလေးတွေ ကောက်ပြီး ပင်လယ် ထဲ ပစ်ထည့်ပေး သလိုများ ဖြစ်နေမလားလို့။
အင်းလေ အဲလိုဆိုရင်လည်း အဲဒီ ကြယ်ငါးလေး အတွက် တော့ အကျိုးရှိမှာပါ။ ဘာပဲ ဖြစ်ဖြစ်ဗျာ

'ဒီတစ်ယောက် ဒီတစ်ရွာ ဒီတစ်စု အတွက်တော့ ထူးတာပေါ့ဗျ'

ဟုရေရွတ်ရင်းသာ ကျေနပ် မိပါတော့တယ်။

"It made a difference to that one"

မေ၊ ၂၀၁၀။ မိုးတိမ်ညို

မူရင်းပုံပြင် လင့် http://www.bellaonline.com/articles/art8236.asp

Sunday, May 16, 2010

ဘိုးဘိုးအောင်ရဲ့ ၀လုံးလေးများ

ငယ်ငယ်က အမေပြောဖူးတဲ့ ပုံပြင်ထဲမှာ ဘိုးဘိုးအောင် ပုံပြင်လေးကို မှတ်မိနေပါသေးတယ်။ မှတ်မိတယ် ဆိုတာ အစအဆုံးတော့ မဟုတ်ပါဘူး။ တစ်ချို့ အပိုင်းလေတွေပါ။ ကျွန်တော် နားလည်သလောက်တော့ ဘိုးဘိုးအောင်က တန်ခိုးရှင်။ တစ်ခါတော့ ဘုရင်နဲ့ ပြဿနာတက်တော့ ဘုရင်က ဘိုးဘိုးအောင်ကို သတ်မိန့် ပေးသတဲ့။ အဲဒီတော့ ဘိုဘိုးအောင်က ရီတာပေါ့။ တန်ခိုးရှင်ကိုး။ မင်းက ငါ့ကို သတ်မယ်ပေါ့ အေး သတ်ဖို့ မစဉ်းစားနဲ့ ငါရေးထားတဲ့ ၀လုံးတစ်လုံးကို ပဲ မင်းပျက်အောင် ဖျက်ဦး လို့ ဆိုသတဲ့။ အမေက အဲဒီ အကြောင်း စပ်ထားတဲ့ သီချင်းလေးလည်း ဆိုပြပါသေးတယ်။ မှတ်မိတဲ့ အပိုဒ်ကလေးကို အောက်မှ ရေးထားပါတယ်။ အဲ စာလို့တော့ မဖတ်နဲ့ပေါ့ဗျာ။ ကိုယ့်ဟာကို သံစဉ်လေး ထည့်ဆိုကြည့်ပေါ့နော်။

….'သတ်ရန်ပင် မဆိုထားနှင့်…. ထင်ရှားအောင် ပြဦးမည်….. ငါရေးထားပါတဲ့ ၀ တစ်လုံးကိုသာတည် ….. မင်းပျက်အောင် ဖျက်နိုင်ရင် ငါ့ကို နိုင်ဦးမည်'….တဲ့။

ဇာတ်လမ်းထဲမှာ တော့ ဘိုဘိုးအောင်က အဲလိုပြောပြီး နံရံမှာ ၀လုံး တစ်လုံးရေးလိုက်တယ်တဲ့။ ပြီးတော့ ဘုရင်ကြီးကို ဖျက်ခိုင်းတာပေါ့။ အဲဒီ ၀လုံးကို အရင် ပျက်အောင် ဖျက်ဦးပေါ့။ ဖျက်နိုင်မှ ငါ့ကို သတ်ဖို့ စဉ်းစား တဲ့။ ဘုရင်ကြီး လည်းအဲဒီဝလုံးကို ဖျက်ဖို့ကြိုးစားတာပေါ့။ ပထမဆုံးအကြိမ် အဲဒီ ၀လုံးကို ဖျက်လိုက်တော့ ၀ လုံးနောက်တစ်လုံးပေါ်လာတယ်။ ၀လုံး နှစ်လုံး ဖြစ်သွားရော။ ဒါနဲ့ ဘုရင်ကြီး လည်းပေါ်လာ တဲ့ ၀လုံးနှစ်လုံးကို ဖျက်ဖို့ ကြိုးစားပြန်တယ်။ ဒါပေမယ့် မပျက်ပဲ ၀လုံးက သုံးလုံး ဖြစ်သွားပြန်ရော။ အဲလို အဲလိုနဲ့ သူဖျက်ဖို့ ကြိုးစားလေလေ ၀လုံးက ပွားပွားလာ ပြီး နောက်ဆုံးတော့ နန်းတော် နံရံ တစ်ခုလုံး ၀လုံးတွေကြည့် ဖြစ်သွားပါလေရောတဲ့။ ဘုရင်ကြီး လည်း ဘိုးဘိုးအောင် ကို အရှုံးပေးလိုက်ရတော့တာပေါ့။

ကျွန်တော်တို့ ဘ၀တွေလည်း အပေါ်က ပုံပြင် အတိုင်းပါပဲ။ ပေါ်လာတဲ့ ၀လုံးတွေကို လိုက်ဖျက်ရင်းနဲ့ ဘ၀တစ်ခုလုံး ၀လုံးပုံကြီး ထဲ ရောက်သွားတော့တာပဲ။

ဒီလိုပါ။

ကျွန်တော်တို့ရဲ့ ၀လုံးဆိုတာတွေကတော့ လိုအင်ဆန္ဒ တွေပါပဲ။ ငယ်ငယ်ကတည်းက လိုအင်ဆန္ဒတွေ တစ်ခုပြီး တစ်ခု ပေါ်လာတာ ဘယ်တော့ မှ မပြီးတော့ဘူး။ ကြီးလာလေလေ ပိုများလာလေလေပါပဲ။ ဘိုးဘိုးအောင်ရဲ့ ၀လုံးတွေလိုပဲလေ။ ကျွန်တော်တို့က ဖျက်ဖို့ ကြိုးစားလေ ထပ်ပေါ်ပေါ်လာလေပဲ။

ကျွန်တော် မွေးခါစ ကလေးဘ၀ကတော့ မိခင်နို့ရည်ကလွဲလို့ ဘာမှ မမက်မောဘူး။ မိခင်နို့ရည်ကို ၀အောင်သောက် ပြည့်စုံသွားပြီဆိုတော့ ကြတော့ အစားအစာ ဆိုတာ မက်လာပြန်ရော။ ဒါနဲ့ လိုအပ်တဲ့ အစာအဟာရတွေရပြီး ပြန်တော့ ဟော ကစားစရာ အရုပ်တွေ လိုချင်ပြန်ရော။ အစားအစာဆိုတာ ဆိုတဲ့ လိုအင်ဆန္ဒကလည်း မပျောက်သွားဘူးလေ။ ထပ်ပိုလာတာပဲရှိတာ။

ပြီးတော့ ကျောင်းတတ်တဲ့ အရွယ်မှာလည်း မျိုးစုံ လိုချင်တာပဲ။ စာအုပ် အသစ်၊ ခဲတံ အသစ် ပေတံ အသစ်နဲ့ ဘယ်တော့ မှ မပြီးနိုင်တော့ဘူး။ အထက်တန်းကျောင်းပြီးရင် ဘယ်တက္ကသိုလ် ရမှ ဘာမှနဲ့ ၀လုံးတွေ ထပ်ထပ် ပေါ်လာတာပဲ။ ကိုယ်က လိုက်ဖျက်ဖို့ ကြိုးစားနေသ၍ (လိုအင် ဆန္ဒတွေကို ပြည့်အောင် ဖြည့်ဖို့ ကြိုးစားနေသ၍) ဘယ်တော့ မှမပြည့်ပါဘူး။ တစ်ခုပြီး တစ်ခု ထပ်လာမှာပဲ။

အဲဒါကြောင့် လူ့အလို နတ်မလိုက်နိုင်ဆိုတဲ့ စကားပုံပေါ်လာတာ ထင်ပါရဲ့။ မိတ်ဆွေအနေနဲ့ တော့ မသိဘူး။ ကျွန်တော့်အနေနဲ့တော့ လိုအင်ဆန္ဒတွေက တကယ်ကို မပြီးနိုင်ဘူးဗျာ။ တစ်ခုပြီး တစ်ခု သူ့ဟာသူကို ပေါ်ပေါ်လာတာ။ တစ်ချို့ဟာတွေက မရှိသေးခင်က သိပ်မဟုတ်ဘူး။ ရှိပြီးသွားရင် ပိုဆိုးတယ်။ ကျွန်တော်တို့ အရင်ငယ်ငယ်တုန်းကဆို ဟန်းဖုန်းဆိုတာ မရှိပဲ နေလာတာ။ အခုဟန်းဖုန်းဆိုတာ ကိုင်ချင်တိုင်း ကိုင်နေကြ ပြီဆိုတော့ ပြီးသွားပြီလား။ မပြီးဘူးခင်ဗျ။ ဟို handset လိုချင်တယ် ဒီ handset လိုချင်တယ် ဖြစ်ပြန်ရော။ အဲဒီ လိုအင်ဆန္ဒကလည်း ဘယ်တော့ မှ မပြီးဘူးဗျ။ အသစ်ပေါ်လာတိုင်း ထပ်ထပ် ဖြစ်နေတာ။

အေးဒါဆိုရင် မင်းပြောတာတော့ ဟုတ်ပါပြီးကွာ။ ငါတို့က အဲလို မလိုချင်ရဘူးဆိုရင် ဘာလုပ်နေရမှာလဲ။ ဘုန်းကြီး ၀တ်ရမှာလားလို့ တော့ စောဒက မတတ်လိုက်ပါနဲ့ မိတ်ဆွေ။ ကျွန်တော်လည်း သူလိုကိုလိုထဲကပါပဲ။ လိုအင်ဆန္ဒတွေကို လျော့နိုင်သမျှ လျှော့ရင် စိတ်ချမ်းသာတယ် ဆိုတာ ပြောချင်လို့ပါ။

ဒါပေမယ့် ကျွန်တော်တို့ နေနေတာကိုက ရုပ်ဝတ္ထုပစ္စည်းကမ္ဘာကြီးထဲမှဗျ။ တအားကြီးတော့ လည်း လျှော့ လို့မရဘူး။ ကျွန်တော်ဆိုလိုချင်တာ တကယ် မလိုအပ်တာကို လိုချင်နေလို့ မကောင်းဘူးဆိုတာကိုပါ။
ဥပမာ ကားကောင်းကောင်းတစ်စင်းစီးနိုင်နေတဲ့ သူက သူ့ထက်မော်ဒယ်ပိုမြင့် ပိုကောင်းတဲ့ ကားကို စီးချင်ပြန်တယ်။ ဒါကတကယ်ဆို အပိုလို့ ပြောလို့ရပါတယ်။ မော်ဒယ်မြင့်ကားက တစ်ခုခုအတွက် တကယ် သုံးဖို့ လိုအပ်နေတယ်ဆိုရင်တော့ တစ်မျိုးပေါ့။

ဒါပေမယ့်ခက်တာက အခုကျွန်တော်တို့တွေက သာမာန်လူတွေဆိုတော့ လိုအင်ဆန္ဒတွေဖျောက်ဖို့ ဘယ်လွယ်လိမ့် မလဲ။ ကျွန်တော်သိသလောက် လောက် အဲဒီဝလုံးတွေကို နိုင်တဲ့ နည်းကတော့ တနည်းပဲ ရှိတယ်။ ဗုဒ္ဓ ရဲ့ တရားပဲ။ လူတော်တော်များများက သိကြပါတယ်။ ဒါပေမယ့် လိုက်နာဖို့ ခက်တယ်ဗျ။ အဆင့်တစ်ဆင့်ကို ရောက်မှ အားလုံးကို လိုက်နာနိုင်မှာ။

အဲလို အဲလိုတွေ ဆရာကြီး လုပ်ပြောနေလို့ မင်းကရော ဘယ်လိုလဲကွ ၀လုံး တွေ ဖျက်နိုင်ပြီလားလို့ မိတ်ဆွေ တစ်ယောက်က မေးတော့မှ သတိရပြီး ကျွန်တော့် အခန်းနံရံကို လှည့်ကြည့်မိလိုက်ပါတယ်။ ..... အလိုလေး...... နံရံ တစ်ခုလုံး ၀လုံးတွေ ပြည့်လို့ပါလား……

မေ၊၂၀၁၀။
မိုးတိမ်ညို

Tuesday, May 11, 2010

စကားပုံများ၊ ဆိုရိုးစကားများ၊ ဥပမာများ

အခု ကျွန်တော်ပြောချင်တာက မြန်မာ စကားပုံတွေ၊ ဆိုရိုးစကားတွေ၊ ဥပမာ အလင်္ကာတွေ အကြောင်းပါ။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ကျွန်တော် ပေါက်တက်ကရ လျှောက် စဉ်းစားမိတဲ့ ဟာတွေမှာ။ မှားနေရင် လည်း ထောက်ပြပေးကြပါဗျား။

ပထမဆုံး တွေးမိတဲ့ စကားပုံကတော့ 'လသာတုံး ဗိုင်းငင်' တဲ့။ ပြောရရင် အဲဒီ စကားပုံက တော်တော် ဒိတ်အောက်ပါပြီ။ အခုအချိန်မှာ ဗိုင်းငင်တယ် ဆိုတာ စက်နဲ့ လုပ်တာ ပိုများလာပါပြီ။ ပြီးတော့ လသာစရာလည်း မလို လျှပ်စစ်မီးနဲ့ လုပ်လို့ရနေပြီလေ (အဲ မီးလာရင်ပေါ့လေ)။ ကဲ အဲဒီတော့ 'လသာတုံး ဗိုင်းငင်' ဆိုတာထက် 'မီးလာတုံး ရေတင်' ဆိုရင် ခေတ်နဲ့ ပိုလျှော်ညီမလား လို့။

ပြီးတော့ ဥပမာပေးတဲ့ အကြောင်းအရာတစ်ခုရှိသေးတယ်။ ကျွန်တော် ငယ်ငယ်ကတည်းက ဖတ်ဖူးတာ။ ဆိုးဆိုးဝါးဝါး တစ်ခုခုဖြစ်ပြီဆိုလျှင် ကမ္ဘာမြေကြီးသည် အိုးထိန်းစက်ကဲ့သို့ ချာချာ လည်သွားလေသည် တဲ့။ ကျွန်တော်ငယ်ငယ်က အဲဒီလို ဖတ်လိုက်ရတော့ လည်သွားတယ်ဆိုတာတော့ သိတယ်။ ကွက်ကွက်ကွင်းကွင်း မမြင်ဘူးဗျ။ ဘာလို့လဲဆိုတော့ အိုးထိန်းစက်ဆိုတာ မြင်မှ မမြင်ဘူးတာကိုး။ အိုးထိန်းစက်ဆိုတာ ဘယ်တော့ မှ မြင်ဘူးသလဲဆိုတော့ Ghost ဇာတ်လမ်း ကြည့်ပြီး မင်းသမီး အိုးလုပ်နေတာ တွေ့မှ မြင်ဖူးတာဗျာ။ (ဗဟုသုတ နည်းတဲ့ ကောင်လို့ ဆိုချင်လည်း ဆိုတော့ မိတ်ဆွေ)။

တကယ်တော့ အဲလို ဥပမာ အကြောင်းအရာတွေဆိုတာ လူတွေ ပိုနားလည်အောင် ပေးကြတာဗျ။ အဲ မမြင်ဘူးတာကို ဥပမာပေးတော့ ရည်ရွယ်ချက် သိပ်မပေါက် မြောက်ဘူးပေါ့ဗျာ။ ခုခေတ်ဆိုရင် ကမ္ဘာကြီးသည် အ၀တ်လျှော်စက်ကဲ့သို့ ချာချာလည်သွား သည်ဆိုရင် ပိုနားလည်နိုင်မလားလို့။ အင်းဒါဆိုရင်လည်းအ၀တ်လျှော်စက် မသုံးတဲ့ သူတွေက စောဒက တက်ဦးမှာပဲ။ တစ်ခြားတစ်ခု ရှာမှ။

နောက်တစ်ခုက ငါးရံ့ နှစ်ကောင် ဖမ်းတာကို ဆိုတာ ရှိသေးတယ်။ ဆိုလိုချင်တာကတော့ လောဘကြီး ပြီး ငါးရံ့ နှစ်ကောင်ကို ပြိုင်တူ ဆုပ်ကိုင်တော့ နှစ်ကောင်လုံး လွတ်ထွတ်သွားနိုင်တယ် ဆိုတဲ့ သဘောလို့ ထင်ပါ့။ အဲဒီ ဥပမာ ကတော့ ရှင်းတော့ ရှင်းပါတယ်။ ဒါပေမယ့် အခုခေတ်လူ တော်တော်များများ ငါးမဖမ်းဖူးလောက် ဘူးဗျ။ အဲဒီတော့ မှန်းကြည့်လို့ပဲရမယ်။ ကျွန်တော့် မိတ်ဆွေ ကွန်ပြူတာ သမားတစ်ယောက် ကတော့ ဒီလိုပြောတယ်။ ဒါလိုဆို 'Browser နှစ်ခုသုံး' လို့ ပြောင်းလိုက်ကွာတဲ့။ သူပြောတာလည်း ဟုတ်တုတ်တုတ်။ Browser နှစ်ခုသုံးရင် လည်း ဟိုလိုလို ဒီလိုလို ဖြစ်တတ်သတဲ့။ ဥပမာ favourite link ကဟိုထဲမှာ လိုလို bookmark ပဲလုပ်မိသလိုလို။ ပြီးတော့ setting ကလည်း ဟိုလိုလို ဒီလိုလိုနဲ့ ဟိုမရောက် ဒီမရောက် ဖြစ်တတ်သတဲ့။ သေချာ စဉ်းစားကြည့်တော့ ဒါလည်း မဖြစ်သေးပါဘူးဗျာ။ ကျွန်တော်တို့ နိုင်ငံ မှာ အင်တာနက် သုံးနိုင်တဲ့ အရေ အတွက်က တော်တော် နည်းသေးတော့ လူတိုင်း နားမလည်နိုင်ပြန်ဘူး။

နောက်တစ်ခုရှိသေးတယ်။ 'ရေငတ်တုံး ရေတွင်းထဲကျ' တဲ့။ တော်တော် ရက်စက်တဲ့ စကားပုံပဲဗျ။ ရေငတ်နေတဲ့ သူရေတွင်းထဲကျသွားရင် ဘာဖြစ်သွားမလဲ စဉ်းစားကြည့်လေ။ ကျွန်တော်တို့ ဆီက ရေတွင်းတွေက ယေဘူယျအားဖြင့် ၀ါးတရိုက်ကျော် အသာလေး နက်တယ်ဗျာ။ အဲဒီ တွင်းထဲကို ပြုတ်ကျလို့က တော့ ခေါင်းကို အထဲက နံရံနဲ့ ရိုက် မေ့လဲ ရေနစ်သေ။ အားပါး။ မလွယ်ဘူး။ သူက ဘယ်လိုရေတွင်းမျိုး ကို ဆိုလိုချင်တာလဲ တော့ မသိဘူး။ မသကာ ရေငတ်သူ ရေကန်ထဲကျဆို တော်သေး။ ထားပါတော့။ ကျွန်တော့်ကို ကတ်သီးကတ်သတ် ပြောတဲ့ ကောင်လို့ ထင်နေဦးမယ်။

နောက်ထပ် ပြောချင်တာက 'ဆွမ်းခံရင်း ငှက်သင့်သည်' ဆိုတဲ့ဟာ။ ဖတ်ဖူးသလောက် တော့ ဆွမ်းခံ ထွက်ရင်း ငှက်ဖျားပေါတဲ့ အရပ်ရောက် တော့ ငှက်ဖျားမိသွားတယ်လို့ ဆိုတာပါတဲ့။ ကောင်းတာ လုပ်ပေမယ့် မကောင်း တာဖြစ်တဲ့ သဘော။ ရည်ရွယ်တာက တစ်မျိုး ဖြစ်သွားတာက တစ်မျိုး လို့ ဆိုလိုတာ။ စကားပုံ ဆိုလိုရင်းကတော့ ကောင်းပါတယ်။ ဒါပေမယ့် သိပ်ဘ၀င်မကျဘူးဗျ။ ဘာလို့လဲဆိုတော့ မိတ်ဆွေ စဉ်းစား ကြည့်လေ။ ဆွမ်းခံထွက်ရင်းနဲ့ ငှက်ဖျားမိရအောင် ဆွမ်းခံတယ်ဆိုတာ ကိုယ့်ဒေသ အနီးဝန်းကျင်ပဲ သွားတာ။ ရွာနီးချုပ်စပ်ကိုပဲသွားတာ။ ဘယ်ငှက်ဖျားဒေသထိတောင် သွားဆွမ်းခံပါ့မလား။ ပြီး တော့ ဆွမ်းခံ ထွက်တယ်ဆိုကတည်းက လမ်းလျှောက်နေတာ။ ပြောရရင် လှုပ်နေတာလေ။ ခြင်ကိုက်ဖို့ အခွင့် အလမ်းနည်း မယ်။ ပြီး တော့ မနက်ပိုင်း နေထွက်ချိန်ဗျာ။ ဘယ်လိုလုပ် ခြင်က ကိုက်မလဲ။ မဟုတ်လား။ တကယ်တမ်း ဖြစ်သင့်တာက 'သာသနာပြုရင်း ငှက်သင့်' ဆို တော်သေး။ ဘာလို့လဲ ဆိုတော့ သာသနာပြုသွားတဲ့ သူတွေက ဟိုးဝေးလံတဲ့ ဒေသတွေကို ရက်ရှည်လများ သွားနေရတာလေ။

ယောင်နောက် ဆံထုံးပါ ဆိုတာကြတော့ရော။ အခုခေတ်မှာ ဘယ်ယောက်ကျားလေးမှ ယောင်ထုံး မထုံးတော့ သလို မိန်းခလေးတွေ လည်း ဆံထုံးနဲ့ ကရှားသွားပြီဗျ။ အဲဒီတော့ စကားပုံမို့လို့သာ သုံးနေရတယ် ကွက်ကွက် ကွင်းကွင်း မြင်ဖို့ ခဲယဉ်းသလိုပဲ။ ဘယ်လို ပြောင်းရမလဲတော့ စဉ်းစားလို့မရဘူး။

'စားရကံကြုံလို့ မုတ်ဆိတ် ပျားစွဲ' ဆိုတဲ့ စကားပုံကို ရော မိတ်ဆွေ သတိထားမိပါသလား။ သူဆိုလိုချင်တာက ကံများကောင်းချင်တော့ ပျားသွားဖွတ်စရာ မလိုပဲနဲ့ ပျားရည်သောက်ရအောင် မုတ်ဆိတ်မွှေးမှာ တောင် ပျားအုံလာဖွဲ့တယ်ပေါ့။ သဘောက အခွင့်အလမ်းကောင်းတစ်ခု လွယ်လွယ်ကူကူနဲ့ ကြုံကြိုက်လာ တယ်လို့ ဆိုလိုချင်တာလို့ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် အမြင်ကတော့ အဲဒီ စကားပုံနဲ့ ဥပမာ ပေးလိုက် ရင် အခွင့် အလမ်းကောင်းဆိုတာထက် ကြောက်စိတ်က ပိုစေသလိုပဲ။ ဘယ်နှယ့်ဗျာ မုတ်ဆိတ်မွှေးမှာ ပျားအုံလာစွဲ တယ်တဲ့ ဘယ်လောက် ကြောက်စရာ ကောင်းလိုက်မလဲ။ နေရထိုင်ရတာ လည်း ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။ ဘယ်သူမှ လည်းကိုယ့်နားကပ်မှာ မဟုတ်ဘူး။ သေချာစဉ်းစားလေ အဆင်မပြေလေပဲ။ သူနဲ့ ခပ်ဆင်ဆင် ဖြစ်တဲ့ 'ကြက်ကန်း ဆန်အိုးတိုး' ကမှ တော်သေးတယ်။ 'စိုင်ကော်လို့ ခြုံပေါ်ရောက်' ဆိုတာက လည်း တော်တော်ဆိုးတယ်။ မိတ်ဆွေ စဉ်းစားကြည့်ပါ။ စိုင်ဆိုတဲ့ အကောင်က ချိုနဲ့ ကော်မှာ။ မြောက်သွား အောင် ချိုနဲ့ အကော်ခံ ရရင် ဘယ်သက်သာလိမ့်မလဲ။ ပြီးတော့ ရောက်မယ့် နေရာကလည်း ခြုံပေါ်တဲ့။ ဆူးခြုံ ဆို ဘယ်လိုလုပ်မလဲ။ မသကာ စိုင်ကော်လို့ နတ်ပြည်ရောက် ဆို တော်ဦးမယ်။

ကျွန်တော် အထက်မှာ ဆိုခဲ့သလိုပါပဲ။ စကားပုံ၊ ဆိုရိုးစကား၊ ဥပမာ အလင်္ကာတွေကို စာရေးတဲ့ အခါမှာ ဖြစ်စေ စကားပြောတဲ့ အခါမှာ ဖြစ်စေ သုံးကြတာက ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ပိုပြီး ကွက်ကွက်ကွင်းကွင်း လေးလေးနက်နက်ရှင်းရှင်းလင်းလင်း နားလည်နိုင်အောင်လို့ပါ။ တစ်ချို့ဟာတွေဆိုရင် သုံးသာ သုံးနေတာ အဲဒီ အကြောင်းအရာက ဘယ်က ဆင်းသက်လာတယ် မူရင်းက ဘာကို ဆိုလိုတယ် ဆိုတာတောင် မသိဘူး။ တစ်ချို့ကျတော့ လည်း အဲဒီ စကားပုံ ဆင်းသက်လာ တဲ့ မူရင်း အကြောင်းအရာကို သိမှ အဆင်ပြေလိမ့်မယ်။ ဥပမာ 'ကျည်ပွေ့ အတက်ပေါက်ပြီ' ဆိုတဲ့ စကားပုံဆိုကြပါစို့။ မူရင်း အကြောင်းအရာကို မသိပဲ နားလည်ဖို့ မလွယ်ဘူးနော်။ ပြဒါးတစ်လမ်း သံတစ်လမ်းဆို တဲ့စကားပုံကိုလည်း လူဆယ်ယောက် မှာ ငါးယောက် သေချာမသိပါဘူး။ သူက အဂရိတ်ပညာမှာ သုံးတာလို့ ဆိုတယ်။ ပြဒါးနဲ့ ဖိုထိုးတဲ့ လမ်းနဲ့ သံနဲ့ ဖိုထိုးတဲ့ လမ်း အဲလို ခွဲထားတယ်လို့ ပြောတာပဲ။ ကဲဒါလည်း ကျွန်တော် တော်တော် အသက်ကြီးမှ သိတာ။ ငယ်ငယ်ကတည်း အဲဒီ စကားလုံးကို ဖတ်ဖူးနေတာပဲ။ ဘာကို ဆိုလိုတာပဲ ဆိုတာကို တော့ နားလည်တယ်ဗျ။

ကဲ မိတ်ဆွေ အနေနဲ့ လည်း စကားပြောရာမှာ ဖြစ်စေ စာရေးရာမှာ ဖြစ်စေ ပိုအဆင်ပြေစေဖို့ တကယ် ကောင်းတဲ့ စကားပုံလေးတွေ သုံးနိုင်အောင် တင်ပြလိုက်ပါတယ်ဗျာ။ နောက်ထပ်စဉ်းစား မိတာတွေ ထပ်ရေးပါဦးမယ်။ စာရှည်နေမှာ စိုးလို့ပါ။

မေ ၂၀၁၀။
မိုးတိမ်ညို

Monday, May 10, 2010

မမှားသင့်ပါ

‘ပြင်သစ်ရေတပ်မှ ပင်လယ်ဓါးပြ ၁၂ယောက် ဆိုမာလီယာ ကမ်းလွန်တွင် ဖမ်းမိ’

အထက်ပါ ခေါင်းစဉ်ကို ဖတ်မိပါက မိတ်ဆွေ မည်သို့ နားလည်မည်နည်း။ ကျွန်တော် ပထမဆုံး ဖတ်မိတုံးကတော့ ကြောင်တောင်တောင် ဖြစ်သွားပါတယ်။ ပြင်သစ်ရေတပ်မှ ပင်လယ်ဓါးပြ ဆယ့်နှစ်ဦးဆိုတော့ ပြင်သစ်ရေတပ်ကပဲ ဓါးပြ ထွက်တိုက်နေပြီလားလို့။ ကဲ မခက်လား။ ကျွန်တော်လည်း မြန်မာစာမှာ ဆရာကြီး အဆင့် မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် နားလည်သလောက်တော့

‘ပင်လယ်ဓါးပြ ၁၂ ဦးကို ပြင်သစ်ရေတပ်မှ ဆိုမာလီယာ ကမ်းလွန်တွင် ဖမ်းမိ’

ဆိုရင် ပိုမှန်မလားလို့။

အထင်မလွဲပါနဲ့ မိတ်ဆွေ။ မြန်မာစာ သင်နေတာ မဟုတ်ပါဘူး။ အဲဒီ ခေါင်းစဉ်ကို ဖြစ်ရပ်မှန် (၂၀၁၀ ဇွန်လထုတ်) မဂ္ဂဇင်းမှာ ဖတ်လိုက်ရတာပါ။ ဖတ်မိခါ စကတော့ ကြောင်တောင်တောင် ဖြစ်ပြီး နောက်ကျတော့ စိတ်ပျက်မိပါတယ်။ ဘာလို့လဲဆိုတော့ ဖြစ်ရပ်မှန် မဂ္ဂဇင်း ဆိုတာက မြန်မာနိုင်ငံမှာ တရားဝင် ထုတ်ပြီး လူတော်တော် များများ ဖတ်ကြတဲ့ မဂ္ဂဇင်း တစ်စောင် ဖြစ်လို့ပါပဲ။

အသေးအဖွဲလေးပါကွာ။ ဒါများ ရေးကြီးခွင်ကျယ် လုပ်လို့ ဆိုပြီး တစ်ချို့လူတွေက ပြောချင် ပြောပါလိမ့်မယ်။ ဒီလို ခေါင်းစဉ်မျိုး မဂ္ဂဇင်းတွေ စာစောင်တွေမှာ တွေ့ဖူးတာ ဒါ ပထမအကြိမ် မဟုတ်ပါဘူး။ အရင် အကြိမ်တုံးက ဒီလိုပဲ မေ့မေ့ ပျောက်ပျောက် ပါပဲ။ မကြာခဏဆိုသလို တွေ့လာရတော့ နည်းနည်း အံ့သြလာတယ်။ သြော် သဒ္ဒါကို အဲလောက် တောင် ဂရု မစိုက်တော့ ဘူးလားပေါ့။

မိတ်ဆွေ စဉ်းစားကြည့်ပါ။ အဲလို မဂ္ဂဇင်းတစ်စောင် ထုတ်ဖို့ဆိုရင် အဲဒီ ဆောင်းပါး(သို့)သတင်း(သို့) ၀တ္ထုရေးတဲ့ စာရေးဆရာက အရင်ရေးရပါမယ်။ ပြီးတော့ အဲဒီဟာကို မဂ္ဂဇင်းတိုက်က အယ်ဒီတာ တစ်ယောက် ဒါမှမဟုတ် တစ်ယောက်ထက်ပို တဲ့ အယ်ဒီတာတွေက ဖတ်ရပါမယ်။ ပြီးတော့ စာပေစိစစ်ရေးကို ပို့ရပါတယ်။ ကဲ အဲဒီ စာဖတ်တဲ့ သူတွေ အားလုံးက တကယ်တော့ စာပေနဲ့ နီးစပ်တဲ့ သူတွေ ကြည့်ပါပဲ။ ကျွန်တော့်လို ပါမွှားလေးတောင် သတိထားမိတယ်ဆိုရင် သူတို့က ဘာလို့ သတိ မထားမိတာလဲ။ ဒါမှ မဟုတ် သေချာ စေ့စေ့ စပ်စပ်ပဲ မဖတ်လို့လား။ ပြီးစလွယ် ပဲလုပ်လို့လား။

ကျွန်တော် အခုပြောနေတာက ဒီခေါင်းစဉ်တစ်ခုထဲကို ဦးတိုက်ပြီး ပြောနေတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက တစ်ချို့ စာနယ်ဇင်းတွေ အဲလို ပြီးစလွယ်လုပ်လာတာတွေ တွေ့ရတာ စိပ်လာလို့ပါ။

ကျွန်တော်လက်လှမ်းမှီသလောက်ပြောရရင် စာပေမှာ သဒ္ဒါဆိုတာ စာပေတစ်ခုရဲ့ rule and regulation ပါ။ ဒါဘာလို့ လုပ်ထားသလဲဆိုတော့ အဲဒီစာပေတစ်ခုကို အဆင့်မြင့်မြင့် နဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်ထားခြင်းဖြစ်ပါတယ်။ အဲဒီစာပေကို အသုံးပြုတဲ့ သူတွေအားလုံး တစ်ညီတစ်ညွှတ်ထဲ အဲဒီ rule and regulation တွေကို လိုက်နာမှ ဖြစ်ပါမယ်။ ဟိုလူက တစ်မျိုးဒီလူက တစ်မျိုးဆိုရင် ဘယ်လိုမှ အဆင်မပြေပါဘူး။ အဲဒီ စာပေအဆင့် အတန်းကလည်း ဘယ်တော့မှ တိုးတက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သဒ္ဒါဆိုတာ လိုက်နာဖို့လိုတယ် လို့ထင်ပါတယ်။

ပြောရရင် ဘောလုံးကစားနည်းလို့ပေါ့ဗျာ။ ဘေးထွက်ဘောကို လက်နဲ့ မြှောက်ရမယ်လို့ သတ်မှတ်ထားတယ်။ အဲဒါကို မရဘူးဗျာ ကျွန်တော်ကတော့ ခြေနဲ့ တည်ကန်မှာပဲ ဆိုရင်ကော။ ဘာမှတော့ မဖြစ်ပါဘူး။ ဘောလုံးကစားနည်းကတော့ စံမရှိပဲ ဖြစ်သွား တော့မှာပေါ့။

အပေါ်ကလို အမှားမျိုးကတော့ တော်တော်ရုပ်ဆိုးတဲ့ အမှားမျိုးပါ။ စာလုံးပေါင်းသတ်ပုံမှားတာက မတော်တဆ ဖြစ်တတ်လို့ နားလည်ပေးလို့ ရပါသေးတယ်။ ပြီးတော့ ကျွန်တော်တို့ လို့ အပျော်တမ်းဘလော့ရေးတဲ့ သူတွေ မှားတယ်ဆိုရင် မဖြစ်သင့်ပေမယ့် နားလည်ပေးနိုင်ပါသေးတယ်။ သူတို့မဂ္ဂဇင်းဆိုတာ တရားဝင်ထုတ်တာ ဖတ်တဲ့သူကလည်း ပိုက်ဆံပေးပြီး ၀ယ်ဖတ်ရတာ ဒါမျိုးလေးတွေ သတိထားသင့်တယ်လို့ ထင်ပါတယ်။

ကျွန်တော်က အခုပြောနေရတာ မြန်မာ စာပေကို တိုးတက်ချင်ရုံ သက်သက်ပါဗျာ။ ဒါမျိုးကို လူတိုင်းလူတိုင်းက အတတ်နိုင်ဆုံး ဂရုစိုက်သွားလိမ့်မယ်လို့ မျှော်လင့် မိပါကြောင်း။

မေ ၂၀၁၀
မိုးတိမ်ညို

Wednesday, May 5, 2010

တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ

ငယ်ငယ်က ဖတ်ရတဲ့ ကာတွန်းတွေထဲမှာ တီထွင်ပါရဂူဖိုးဆိတ်ဖြူဆိုတဲ့ ကာတွန်း လည်းပါပါတယ်။ တော်တော် ဖတ်လို့ကောင်းခဲ့ပါတယ်။ ဖိုးဆိတ်ဖြူတီထွင်တဲ့ အထူးအဆန်းလေးတွေကို ဟာသလေး နှောပြီး ဖတ်လို့ကောင်းအောင် ရေးထားတာပါ။ ဘာရယ်တော့ မဟုတ်ပါဘူး။ အခုကြုံလို့ စဉ်းစားမိတာက လူတွေ ဟိုးရှေးကတည်းက အခုအချိန်အထိ အမျိုးမျိုးတီထွင်တဲ့ အကြောင်းပေါ့။

လူ့သမိုင်းမှာ အရေးအကြီးဆုံးတီထွင်မှု့တွေထဲက တစ်ခုက ဘီးကို တီထွင်ချင်းလို့ပြောကြတယ်။ တစ်ချို့ကလည်း ဘီးကို ရှာဖွေတွေ့ရှိချင်းလို့ လည်းဆိုကြလေရဲ့။ အဓိပ္ပာယ်က တအားကြီးတော့ မကွာလောက်ပါဘူး။ ထားပါလေ။ တီထွင်တယ်ပဲ ထားလိုက်ကြတာပေါ့။ ဘီးကို တီထွင်ခဲ့ လို့ လူလောကကြီးက တော်တော်ကြီး ပြောင်းလဲခဲ့တယ်တဲ့။ တခြားတီထွင်မှု့တွေလည်း အများကြီးပါ။ ကျောက်နဲ့ လုပ်တဲ့ ကိရိယာ၊ သံနဲ့ လုပ်တဲ့ ကိရိယာ၊ ကြေးနဲ့ လုပ်တဲ့ ကိရိယာ အစရှိတာတွေကို တီထွင်ခဲ့ ကြလို့လဲ အခုရုပ်ဝတ္ထုကမ္ဘာကြီးမှာ လူတွေဟာ ပိုပြီး အဆင်ပြေပြေနေလို့ ရခဲ့ ကြသတဲ့။

ပြီးတော့ ဆေးပညာနဲ့ ပတ်သက်လို့လဲ အတူတူပဲ။ ပင်နီစလင်ကို တီထွင်ခဲ့လို့ လူပေါင်းများစွာ အသက်ကယ်နိုင်ခဲ့တယ်။ အလားတူပဲ တခြားတခြားသော ဆေးဝါးများကို တီထွက်ခဲ့ကြလို့ လူသားတွေ ကုလို့ မရခဲ့တဲ့ ရောဂါဆိုးတော်တော်များများကို ကုနိုင်ခဲ့တယ်တဲ့။

နောက်ပိုင်းတော့ လူလောကကြီးက နည်းပညာ ပိုမိုမြင့်မားလာတာနဲ့ အမျှ တီထွင်မှု့တွေဟာ လည်း တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာခဲ့ကြပါတယ်။ ဆီမီးကွန်ဒက်တာခေါ်တဲ့ တစ်ပိုင်းလျှပ်ကူး ပစ္စည်းကို တီထွင်နိုင်ခဲ့ ခြင်းဟာလည်း လူ့လောကကြီးရဲ့ တစ်ကယ့်ကို ကြီးမားလှတဲ့ တစ်ဆစ်ချိုး အပြောင်းအလဲကြီးပါတဲ့။ ဆီမီးကွန်ဒက်တာကို တွေ့ရှိခဲ့လို့ ယနေ့ခေတ် အီလက်ထရောနစ် နည်းပညာ ကွန်ပြူတာ နည်းပညာတွေက ဒီလောက် တိုးတက်လာနိုင်တာပါ။ ပြီးတော့်လည်း အနုမြူနည်းပညာ၊ အာကာသယာဉ် စသဖြင့် စသဖြင့် ကြီးကျယ်ခမ်းနားတဲ့ တီထွင်မှု့တွေ အများကြီးပါပဲ။

အဲလောက်ကြီးကျယ်တဲ့ တီထွင်မှု့တွေကတော့ လူအားလုံး အလေးထားကြတယ် ဂန္တ၀င် တီထွင်မှု့တွေပါပဲ။ ဒါပေမယ့် လူတွေ သိပ်သတိမထားမိပဲ လူလောကကို အကျိုးပြုတဲ့ တီထွင်မှု့လေးတွေ အများကြီးပါပဲဗျာ။ တစ်ချို့ဟာလေးတွေဆိုရင် ဘာမှမဟုတ်သလိုနဲ့ အပေါ်မှာ ပြောထားတဲ့ တီထွင်မှု့ကြီးတွေထက်တောင် လူလောကကို အကျိုးပြုနိုင်ပါသေးတယ်။

ဥပမာ တစ်ချို့ ပြောပါရစေ။ မိတ်ဆွေအိမ်မှာ ဇွန်းဆိုတာကို မသုံးပဲနဲ့ တစ်ပါတ်လောက် နေကြည့်လိုက်စမ်းပါ။ ဘယ်လောက်များ အဆင်မပြေ ဖြစ်လိုက်မလဲလို့။ မယုံမရှိပါနဲ့ မိတ်ဆွေ။ ကျွန်တော် စမ်းကြည့်ပြီးပါပြီ။ နေဖို့ တော်တော်အဆင်မပြေပါဘူး။ ကဲ အဲဒီတော့ ဇွန်းကို တီထွင်တာ ဘာမှာမဟုတ်ပါဘူးကွာလို့ မိတ်ဆွေ ဆိုချင်ဆိုမယ်။ ဒါပေမယ့် သူ့ရဲ့ အသုံးဝင်မှု့ အကျိုးပြုမှု့ကတော့ တော်တော်များပါတယ်တယ်။ ပြီးတော့ နောက်ဥပမာ တစ်ခုပေးရရင် ၀က်အူရစ်ကို တီထွင်ခဲ့တာ။ ၀က်အူရစ်ဆိုတာကိုသာ လူတွေမတွေ့ခဲ့ဘူးဆိုရင် ဒီနေ့ ကျွန်တော်တို့ တစ်တွေ သုံးနေတဲ့ စက်ပစ္စည်း တော်တော်များများ တီထွင်ဖို့ဆိုတာ တော်တော်လေးကို မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် လူတော်တော်များများက သတိမထားမိကြဘူးဗျာ။ ဥပမာ ကားတစ်စီးကို ၀က်အူဆိုတာ မပါပဲနဲ့ မိတ်ဆွေ စဉ်းစားကြည့် လိုက်စမ်းပါ။ ဘယ်လိုဖြစ်သွားမလဲလို့။ တော်တော် ခဲယဉ်းပါတယ်။ ကျွန်တော်တို့တွေသောက်နေတဲ့ ရေဘူးတွေကအစ ၀က်အူရစ်သုံးမှ အဆင်ပြေတယ်လေ။ ကဲအဲဒီ တီထွင်မှု့က လူ့လောက ကို ဘယ်လောက် အကျိုးပြုလိုက်သလဲလို့။

အဲလိုပဲ ကျွန်တော်တို့ တစ်တွေသိပ်သတိမထားမိတဲ့ တီထွင်မှု့ သေးသေးလေးတွေ အများမှ အများကြီးပါပဲ။ မရှိလို့ မဖြစ်တဲ့ ဟာလေးတွေပေါ့။

ကျွန်တော့် မိတ်ဆွေ စီးပွားရေးသမားတစ်ယောက်လဲ ပြောဖူးပါတယ်။ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်ဆိုတဲ့ အသုံးအနှုံး တစ်ခုရှိတယ်တဲ့။ အဲလို ဖြစ်ချင်တယ်ဆိုရင် မိုက်ခရိုဆော့(ဖ်)က ဘီဂိတ်ကို window နည်းပညာ ကို တီထွင်မှ မဟုတ်ပါဘူးတဲ့။ အခုကျောင်းသားလေးတွေ လွယ်နေတဲ့ လွယ်အိတ်ကလေးကို ကြိုး အစိမ်းလေး ပြောင်းတပ်ပေးလိုက်ပြီး အဲဒီ ဒီဇိုင်းကို လူတွေ ကြိုက်သွားရင် လည်း သင့်ရဲ့ တီထွင်မှု့ အောင်မြင်နိုင်ပါတယ်တဲ့။ သူကပြောပါသေးတယ်။ ဥပမာ ရေရောင်းပြီး သူဌေးဖြစ်သွားတဲ့ သူတွေလည်း ရှိတာပဲတဲ့။ ရေသန့်ဘူးတွေ ထုတ်ပြီးတော့ အောင်ဖြစ်သွားတာလေ။ ကဲပြီးတော့ မန္တလေးက ဒေါ်ရှိဆိုရင်လည်း ထမနဲ ထိုးပြီး ချမ်းသာသွားတာတဲ့။ ကဲ ဘာပြောချင်ပါသေးသလဲ။

အချုပ်ဆိုချင်တာက မိတ်ဆွေက တီထွင်ပါရဂူ ဖိုးဆိတ်ဖြူလို့ တီထွင်ချင်တယ် အောင်မြင်တဲ့ တီထွင်သူ တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် အကြီးကြီးတွေ စဉ်းစားမှ မဟုတ်ပါဘူး။ သေးသေးလေးတွေ အရင် စဉ်းစားကြည့်ကြပါဗျာ။ ဒါလည်း လူ့လောကကို အကျိုးပြုနိုင်သလို မိတ်ဆွေ အတွက်လည်း အကျိုးရှိပါတယ်ဗျာ။

မေ၊ ၂၀၁၀။
မိုးတိမ်ညို။

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP