Monday, November 7, 2011

မြန်မာပြည်ခရီးစဉ် (၁)

ဒီတစ်ခေါက် ကျွန်တော် မြန်မာနိုင်ငံကို ပြန်ဖြစ်တော့ (ဒီတစ်ခေါက်ဆိုတာ ၂၀၁၁ အောက်တိုဘာလ ထဲမှာပါ) အရင် အခေါက်တွေကထက် ပိုထူးခြားပါတယ်။ ပိုထူးခြားတယ်ဆိုတာ ဒီလိုဗျ။ အရင်တုံးကဆို အားလုံးတုတ်နှောင်ထား တဲ့ အရာတစ်ခု အတိုင်းအတာ တစ်ခုအထိ ဖြေလျှော့ ပေးလိုက်တော့ သက်တောင့် သက်သာ ရှိသွားသလိုပါပဲ။

ပထမဆုံး မင်္ဂလာဒုံ လေဆိပ်ထဲကို ဆင်းတော့ ထုံးစံအတိုင်းပေါ့ဗျာ။ မြန်မာတစ်ယောက် အနေနဲ့ ရင်ထဲမှာတော့ အေးမြသွားတာပဲ။ ဒါပေမယ့် အရင်လို စိတ်ကတော့ ပူတုံးပဲဗျ။ အရင်က အတွေ့ အကြုံ တစ်ချို့အရ လ၀က ကဘာများ ရစ်နေမလဲ။ အခွန်ကတော့ ဘာပြောဦးမလဲပေါ့။ တကယ်တော့ ကျွန်တော့် အနေနဲ့ ဘာမှ ကြောက် စရာမလိုဘူးဗျ။ ဘာလို့လဲဆို တော့ ကျွန်တော့်မှာ စာရွက်စာတန်းလည်း အားလုံး ပြည့်စုံ ဘာတစ်ခုမှ မဟုတ်တာလည်း မလုပ်၊ တရားဥပဒေနဲ့ ငြိစွန်းတာလဲ မပါ ဒါနဲ့ များငါဘာစိုးရိမ်နေတာလဲလို့ တွေးမိပါတယ်။ အဲဒီမှာ ကျွန်တော် သဘောပေါက်မိပါတယ်။ သြော်ငါတို့ ကတသက်လုံး ယူနီဖောင်း ၀တ်တဲ့သူတွေကို အကြောက်တရားနဲ့ ကြီးပြင်းလာရတာကိုးလို့။

ပြင်သစ်တစ်ယောက် ရေးတဲ့ ဆောင်းပါးလေး တစ်ပုဒ်ဖတ်ဖူးတယ်ဗျ။ အဲဒီအထဲမှာပါတာက သူတို့ဆီမှာ ယူနီဖောင်းဝတ်တစ်ယောက် (ဥပမာ ရဲ) ကိုတွေ့လိုက်ရရင် စိတ်ထဲမှာ လုံခြုံတယ်၊ အားကိုးချင်စိတ်ပေါက်လာတယ် သတ္တိတွေရှိလာတယ်တဲ့။ ကျွန်တော်တွေးမိတယ်။ ကျွန်တော်တို့ ဆီမှာရော။ အမှန်အတိုင်းပြောရရင်မှာ ရွံ့ကြောက်ကြီး ဖြစ်နေတုံးပဲ။ နှစ်ပေါင်းများစွာ ရိုက်သွင်းခံထားရ သလိုဖြစ်နေတာကိုး။

အဲလိုတွေးရင်းနဲ့ ကျွန်တော် အင်မီဂရေးရှင်းမှာ တန်းစီပါတယ်။ တန်းစီတဲ့ နေရာတွေ ကောင်တာတွေ အရင်က ထက်ပိုကောင်းလာပါတယ်။ အားလုံး ကွန်ပြူတာနဲ့ ဖြစ်သွားပြီးတော့ ပိုလည်း မြန်လာတယ်။ ကျွန်တော်စိုးရိမ် ထားသလို ဘာမှာမဖြစ်လာပါဘူး။ အဲဒီ လ၀က အရာရှိလည်း တော်တော်သဘောကောင်းပါတယ်။ ကျွန်တော့ ကိုစကားပြောတာလည်း (သူ့သား အရွယ်မို့ ထင်ပါရဲ့ ) သား၊ သား၊ နဲ့ပြောတယ်။ အားလုံး အဆင်ပြေတယ်ပေါ့ ဗျာ။ ပြီးတော့ အခွန်ကလည်း ဘာမှကို မပြောဘူး။ တခါတည်း တန်းထွက်ရုံပဲ။ ကျွန်တော် တော်တော်လေး စိတ်ချမ်းသာမိတယ်ဗျ။

အပြင်ထွက်တော့ ထုံးစံအတိုင်း ပစ္စည်းတင်ချပေးတဲ့ အလုပ်သမား တစ်ချို့လည်း ရှိကြတုံးပဲ။ တစ်ယောက်ကို တစ်ထောင်လောက်တော့ ပေးရတယ်။ တကယ်က တက္ကစီပေါ်ကို ပစ္စည်းတင်တာ လူငှားဖို့ မလိုဘူးဗျ။ တစ်ချို့ လူတွေက အတင်းဆွဲကြတာ။ ထားတော့။ ကျွန်တော်လည်း စကားသိပ် မပြောချင်တာနဲ့ နှစ်ယောက် နှစ်ထောင် ပေးလိုက်တယ်။

ကားဆရာက သက်လတ်ပိုင်းအရွယ်။ နေကာမျက်မှန်နဲ့။ သူ့ကိုယ်ပိုင် ဟန်းဖုန်းနဲ့ဗျာ။ (စကားမစပ်ဗျာ၊ တက္ကစီ သမား ၈၀ ရာခိုင်နုန်းလောက်က အခု ဟန်းဖုန်းတွေနဲ့ ဖြစ်နေကြပြီ)။ကားက ပါရမီတက္ကစီဗျ။ အဲယားကွန်းလည်း ဖွင့်လို့ရတယ်။ ကားထဲမှာလည်း မဆိုးပါဘူး။ သန့်သန့် ပြန့်ပြန့်နဲ့။ ကျွန်တော်နာရီနဲ့ ငှားဖြစ်တော့ တစ်နာရီ ခြောက်ထောင်တဲ့။ မဆိုးလှဘူးပေါ့။ ကားဆရာတွေရဲ့ ထုံးစံလားတော့ မသိဘူးဗျာ။ သူလည်း တော်တော် စကားပြောချင်တယ်။ ဟိုအကြောင်း ဒီအကြောင်းပေါ့။ လုပ်ကိုင်စားရတာ မလွယ်တဲ့ အကြောင်း၊ မြစ်ဆုံအကြောင်း၊ ဆီဈေးကြီးတဲ့ အကြောင်း၊ ပါရမီ ကားတွေ အကြောင်းအစုံပဲ။ အဲသူက ပြောတယ်။ သမ္မတကြီး ဦးသိန်းစိန်ကို သူကတော့ သဘောကျတယ်တဲ့။ ကျွန်တော်က တော့ ခပ်ဆိပ်ဆိပ်ပဲ နေလိုက်တယ်။ ကျွန်တော့်မှာ သူ့လိုကောက်ချက်ချဖို့ အချက်အလက်မှ မပြည့်စုံပဲကိုးဗျ။ ဟုတ်ဘူးလား။ ကောက်ချက်ချတယ်ဆိုတာ ကလည်း ကောက်ချက်ချနိုင်လောက်အောင် အင်ဖော်မေးရှင်းက ပြည့်စုံမှ

ကျွန်တော်လည်း ကျွန်တော် သွားချင်တဲ့ နေရာ နှစ်နေရာသုံးနေရာလောက်သွားပြီးတော့ ထမင်းစားချိန်ရောက်လာတာနဲ့ သူ့ကို ထမင်းဆိုင်တစ်ဆိုင်ဆိုင် မောင်းပေးဖို့ ပြောလိုက်တယ်။ သြော်ပြော ဖို့မေ့နေလို့ဗျ။ ကျွန်တော်က နေ့လည် အဲပုဂံနဲ့ မန္တလေး ဆက်သွားမှာလေ။

ထမင်းစားဖို့ဆိုပြီးသူက Gandamar WholeSale ဆိုတဲ့ ရှော့ပင်းမောမှာရှိတဲ့ ခိုင်ခိုင်ကျော်ဆိုတဲ့ မြန်မာထမင်း ဆိုင်ကို ပို့ပေးတယ်။ ကျွန်တော်လည်း ကားဆရာကြီးကို ပါကျွန်တော်နဲ့ အတူထမင်းစားဖို့ ဖိတ်လိုက်ပါတယ်။ (ဘယ်ရမလဲ မန်းစလေးသားပဲ သဘောကောင်းတယ် ဖော်ရွေတယ် ချစ်ခင်တတ်တယ်လေ)။ ထမင်းဆိုင်လေးက သပ်သပ်ရပ်ရပ်ပါပဲ။ နိုင်ငံခြားသားတွေ အတွက်လည်း ရည်ရွယ်တယ်နဲ့ တူတယ်ဗျ။ မြန်မာ ဆန်အောင် တော်တော်ပြင်ထားတယ်။ စာပွဲထိုးကောင်မလေးတွေကလည်း သနခါး ပါးကွက်ကြားလေးတွေနဲ့။ အထဲမှာ အဲယားကွန်းဖွင့်ထားပြီး မြန့်မာ့ဆိုင်းဝိုင်းသံ သွက်သွက်လေး ဖွင့်ထားတာကလည်း ထမင်းကို မြန်မြန်နဲ့ များများစားနိုင်အောင် အားပေးနေသလိုပဲ။ တစ်ခုပဲ ပြောစရာရှိတယ်။ ဟင်းတွေထားတဲ့ ကောင်တာမှာရှိတဲ့ စားဖိုမှုးအရုပ်က အာရေဗျပုံပြင်ထဲက အရုပ်တွေဖြစ်နေတယ်။ မြန်မာမဆန်တာ ဒီတစ်ခုပဲ။
ထမင်းစားပြီးတော့ အဲပုဂံစီးဖို့ လေဆိပ်ကိုပဲ ထွက်လာခဲ့ပါတယ်။ အချိန်နည်းနည်းစောနေသေးပေမယ့် ဘယ်မှ မသွားချင်တော့တာနဲ့ လေဆိပ်မှာပဲ ထိုင်စောင့်နေတော့မယ်ပေါ့။ ပြည်တွင်းလေ ဆိပ်မှာလည်း အထုပ်ဆွဲပြီး အလေးချိန်ပေးတဲ့ ကောင်လေးတွေကို ထုံးစံအတိုင်း နှစ်ထောင်လောက် ပေးရသေးတယ်။ ကျန်တာကတော့ ဘာမှ အခက်အခဲ မရှိပါ။ လေယာဉ်ချိန်က တစ်နာရီလောက်လိုသေးတော့ အေးအေးဆေးဆေးပဲ ဂျာနယ်တစ်စောင် ၀ယ်ဖတ်ရင်း ဟိုငေးဒီငေးပေါ့။ ပြည်တွင်းထွက်ခွာလည်း ဟိုးအရင်အခေါက်တွေကနဲ့ စာရင်တော်တော်လေး သာတယ်ဗျ။ အဲယားကွန်းလည်း အေးလို့။ တီဗွီလည်း ပြတယ်။ ကြော်ငြာတွေများတယ်ဗျ။ ကျွန်တော် မတွေ့ဘူးတဲ့ မင်းသားမင်းသမီးအချို့နဲ့ မတွေ့ဘူးတဲ့ ကုန်ပစ္စည်းကြော်ငြာတွေလည်း ပါတယ်ဗျာ။ နိုင်ငံခြားသား တစ်ချို့လည်း တွေ့တယ်။ Ipad နဲ့ ဂိမ်းကစားနေတဲ့ ကလေး တစ်ယောက်လည်း တွေ့ခဲ့သေးဗျ။



အိမ်သာလည်း သန့်တယ်။ အိမ်သာထဲမှာ ဒီရေသည် သောက်ရန်မဟုတ် လို့အဓိပ္ပယ်ရတဲ့ စာတန်းကို အင်္ဂလိပ်လို့နဲ့ တရုတ်လို့ရေးထားတယ်ဗျ။ မြန်မာနိုင်ငံ ဖြစ်ပြီး ဘာလို့ မြန်မာလို့ မရေးတာလဲလို့ တွေးကြည့် မိတယ်။ ဒီလိုဖြစ်မယ်ဗျ။ ကျွန်တော်တို့ မြန်မာတွေကတော့ ပိုက်ကလာတဲ့ ရေဒီတိုင်းသောက်လို့ မကောင်းဘူး ဆိုတာအားလုံးလိုလို သိပြီးသားဖြစ်လိမ့်မယ်။ အဲဒီတော့ အဲဒီရေကို ဘယ်သူမှ ဒီအတိုင်းတော့ သောက်လိမ့်မယ် မထင်ဘူး။ (အဲ သွားသောက်ရင်လည်း သဗေသတ္တာ ကမ္မကာ ပဲပေါ့)။ နိုင်ငံခြားသားတစ်ချို့သာ သူတို့နိုင်ငံလိုထင်ပြီး သောက်မိမှာ စိုးလို့နေမှာ။ နိုင်ငံခြားသားဆိုတာလည်း အင်္ဂလိပ်စာ ဖတ်တတ်တဲ့သူနဲ့ တရုတ်ကို ရည်ရွယ်တာဖြစ်မှာပေါ့။ ပြည်တွင်း လေယာဉ်စီးတဲ့ တရုတ်တော်တော် များတယ်လို့ ကောက်ချက်ချနိုင်မယ်ထင်ပါ့။အဲဒီမှာထိုင်နေရင်းနဲ့ ဂျာနယ်နှစ်စောင်လောက်ပြီးပါတယ်။ အရင်တုံးကနဲ့တော့ မတူဘူးဗျ။ ဂျာနယ်တွေက တော်တော်ကို ဖတ်ကောင်းလာတယ်။ တော်တော်လေး ပွင့်ပွင့်လင်းလင်းရေးရတယ်ဗျ။ တစ်ချို့ ဟာတွေဆိုရင် အံ့တောင် အံ့သြမိပါရဲ့။ ဒီလိုရေးတာ ရေးတဲ့သူအိမ် ညဖက် တံခါးလာမခေါက်ဖူးလားပေါ့။ အရင်လိုအတွေးနဲ့ပေါ့ဗျာ။ ဘာပဲပြောပြော ကောင်းတဲ့ အလားအလာပဲဗျာ။ ဒီလိုနဲ့ တစ်နာရီသာသာလောက် စောင့်ပြီး လေယာဉ်နဲ့ ထွက်လာခဲ့တာ နောက်နှစ်နာရီလောက်မှာ အမေ့အိမ်ကို ရောက်ပါတော့တယ်ခင်ဗျာ။ ဒီတစ်ခေါက်တော့ အရင်အခေါက်တွေကထက် ပိုစိတ်ချမ်းသာတယ် လို့ပြောရမှာပဲဗျို့။

နိုဝင်ဘာ ၂၀၁၁
မိုးတိမ်ညို

Saturday, November 5, 2011

မြန်မာနိုင်ငံ ဓါတ်ပုံများ



၁) ဂေါ်ဖီထုတ်လှည်း
တောင်ကြီးဘက်က လမ်းတစ်နေရာမှာပေါ့။ လှည်းပေါ်က ဂေါ်ဖီထုတ်တွေကို ထော်လာဂျီပေါ်ပြောင်းတင် နေတာ။ ဘယ်ကို ပို့မလို့လဲတော့ မသိဘူး။ ကျေးလက် မြင်ကွင်းလေးက စိတ်ကို လတ်ဆတ်သွားစေတယ်ဗျ။

၂) အင်းလေးက ရွှေ့လျှား ဘုရားပုလ္လင်
ကဲ ကျွန်တော်တို့ မြန်မာတွေ ဘယ်လောက် နည်းပညာကောင်းလိုက်သလဲ။ ဘုရားပုလ္လင်တောင်မှ ဆိုင်ကယ် ဘီးနဲ့။ အလွယ်တကူ ရွှေ့လို့ရတာပေါ့ဗျ။ ဘယ်သူ ဒီဇိုင်းလုပ်တာလဲတော့ မသိဘူး။ တော်ပါပေ့။

၃) ဟိုင်းဝေးလမ်းက ပလောင်ဆိုင်
တောင်ကြီးသွားတဲ့ လမ်းက ဆိုင်တစ်ဆိုင်ပေါ့။ နိုင်ငံခြားက ဟိုင်းဝေးလမ်းဆိုင်တွေထက် အပုံကြီးသာတယ်။ ပင်ယင်းမှန် လက်ဖက်ခြောက်နဲ့ ရှမ်းလက်ဆောင်ရနိုင်ပါသည်တဲ့။ ၀ယ်ချင်စရာလေး။ ချစ်စရာဆိုင်လေးပေါ့။

၎) တောင်ကြီး မြို့ အထွက် တစ်နေရာ
ဒါကတော့ တောင်ကြီးမြို့အထွက် တစ်နေရာဗျ။ ရှု့ခင်းလေးတော်တော်လှလို့။ အိမ်လေးတွေကလည်း ချစ်စရာ။ အဲဒီမှာ များသောအားဖြင့် အိမ်တွေက ဗြုံးအုတ်လို့ ခေါ်တဲ့ အုတ်ခဲ အဖြူရောင်နဲ့ ဆောက်ထားတာ။ နေချင်စရာလေးတွေပေါ့။

၅) သတ္တ၀ါနဲ့ လက်နက်နဲ့ မမျှ
ကြည့်ပါဦးဗျာ။ တောင်ကြီးက ကားဂိတ်တစ်ခုမှာ။ ကားလေးပေါ်မှာတင်ထားတာ။ weight ကတော့ ဘယ်လောက်ရှိ မလဲမသိဘူး။ volume ကတော့ တော်တော်ကြီးတာပဲ။ ဒီပုံစံနဲ့ တောင်တက် တောင်ဆင်းတွေ သွားနေတာ။ အန္တရာယ်တော့ တော်တော်များတယ်။ အာဆီယံ စံညွှန်းနဲ့ ကားတွေ ပစ္စည်းတင်ရတာဆို။ ဒါလည်း အာဆီယံ စံညွှန်းလားတော့ မသိဘူး။


၆) ဂလိုဘယ် စားသောက်ဆိုင်

ဂလိုဘယ်လိုက်ဆေးရှင်း ခေတ်ကြီးမှာ ဒီဆိုင်လောက် ဂလိုဘယ်ကျတာ ရှိဦးမလား။ ကြည့်လေ။ အနောက်အတိုင်း အစားအစာ၊ တရုတ်အစားအစာ၊ ကုလားစာ၊ ဗမာစာ အကုန်ရတယ်။ တောင်ကြီးမှာ ရိုက်ထားတာ။

၇) ကင်မရာမန်း လား ပအို့ဝ် စစ်သားတွေလား

ဒီပုံကတော့ တောင်ကြီးနဲ့ လွိုင်လင်ကြားမှာရှိတဲ့ ထန့်စန်းဂူဆိုတဲ့ သဘာဝ ထုံးကျောက်ဂူကို သွားတုံးက ရိုက်ထားတဲ့ပုံမှာ။ အဲဒီနယ်မြေက ပအို့ဝ် ထိန်းချုပ်နယ်မြေ။ မြန်မာစစ်တပ်မရှိဘူးတဲ့။ ပအို့ဝ်စစ်သားတွေ ပဲတွေ့ ရတယ်။ ကျွန်တော်ကတော့ ကြောက်နေသေးတယ်။ ဘာရယ်တော့ မဟုတ်ဘူးဗျ။ အဲလို မျိုးများများစားစား မတွေ့ဖူးလို့လေ။ ဟော နောက်လာတဲ့ အဖွဲ့ကတော့ဗျာ စစ်သားတွေကို ကင်မရာမန်း ဖြစ်အောင် လုပ်ပြစ်လိုက်တယ်။


၈) ကလောဟိုတယ်မှ ဒီဇိုင်းသစ်ကလောဟိုတယ်က အိမ်သာနဲ့ မျက်နှာသစ်တဲ့ ဗေစင်။ လူက ဘယ်နားမှာရပ်ပြီး မျက်နှာသစ်ရမလဲ မသိဘူး။ ကျွန်တော်တော့ ဥာဏ်မမှီဘူးဗျို့။ မိတ်ဆွေများ သိရင် ရှင်းပြပေးပါဦး။


November 2011
မိုးတိမ်ညို

Sunday, September 18, 2011

ပါရာဒိုင်း အရွေ့



Paradigm Shift ဆိုတဲ့ အသုံးအနုန်းကို ကျွန်တော်တို့ တော်တော်များများ ကြားဖူးကြမှာပါ။ စပြီးပြောခဲ့တဲ့ သူကတော့ Thomas Kuhn ပါ။ သူရဲ့ နာမည်ကြီးစာအုပ်ဖြစ်တဲ့ The Structure of Scientific Revolutions ထဲမှာ အဲဒီအကြောင်းကို ဆွေးနွေးထားပါတယ်။ အဲဒီ Paradigm Shift ဆိုတာကို မြန်မာလို အတိအကျဘယ်လိုပြန်ထားလဲတော့ ကျွန်တော်မသိပါဘူး။

အဲဒီတော့ Paradigm Shift ဆိုတာဘာလဲ လို့တွေးကြည့်လိုက်ပါ။ စံနုန်းတွေ ပြောင်းလဲသွားတဲ့ သဘောကို Paradigm Shift လို့ခေါ်နိုင်ပါ လိမ့်မယ်။


သူကတော့ ဆွစ်ဇာလန် နိုင်ငံရဲ့ နာရီလုပ်ငန်းနဲ့ ယှဉ်ပြီးတော့ ရှင်းပြထားပါတယ်။ ဆွစ်ဇာလန်က လုပ်တဲ့ နာရီက ကမ္ဘာပေါ်မှာ နာမည် အကြီးဆုံးပါ။ အရင်တုံးကဆို ဘယ်သူမှ မယှဉ်နိုင်ခဲ့ပါဘူး။ အဲဒီကထုတ်တဲ့နာရီတွေက Mechanical နာရီတွေပါ။ အလွန်သေးငယ်တဲ့ ခွေးသွားစိတ်လေးပေါင်းများစွာနဲ့ အရမ်းကိုတိကျပြီး အရမ်းကို ခိုင်ခန့်တဲ့ နာရီတွေထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဒစ်ဂျစ်တယ် နည်းပညာဆိုတာပေါ်လာတော့ ဆွစ်နာရီလုပ်ငန်းကို တစ်မျိုးပြောင်းလဲသွားစေခဲ့ပါတယ်။ ဒစ်ဂျစ်တယ် ဂဏန်းတွေနဲ့ နာရီထုတ်လုပ် နိုင်တယ် ဆိုတာကို မြင်တဲ့သူတွေက ဆွစ်နာရီလုပ်ငန်းတွေကို ဒစ်ဂျစ်တယ် နာရီတွေ ထုတ်လုပ်ဖို့ တင်ပြခဲ့ကြပါတယ်တဲ့။ ဒါပေမယ့် အများစုသော လုပ်ငန်းရှင်တွေက လုံးဝလက်မခံခဲ့ပါဘူး။ နာရီဆိုတာ ဒါမျိုးလုံးဝမကောင်းနိုင်ဘူး။ ဘယ်လိုမှ မအောင်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်တဲ့။ ဒီလိုနဲ့ နောက်ဆုံးတော့ ဒစ်ဂျစ်တယ် နာရီလုပ်ငန်းကို ဂျပန်က သိမ်းပိုက်သွားခံပြီး ဆွစ်နာရီလုပ်ငန်းတွေ လည်း အကြီးအကျယ်ကျဆုံးခဲ့ပါတယ်တဲ့။ နောက်ဆုံးတော့ ထိပ်တန်းနာရီလုပ်ငန်းဈေးကွက်ဟာ ဂျပန်နိုင်ငံ နာရီလုပ်ငန်းကို ရွေ့သွားပါသတဲ့။ အဲဒါကို Thomas Kuhn ကတော့ Paradigm Shift နောက်ကို မလိုက်နိုင်လို့ ဆွစ်နာရီလုပ်ငန်းတွေ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အိန္ဒိယက အိုးလုပ်ငန်းတွေလည်း အဲလိုပါပဲတဲ့။ အရင်က အိန္ဒိယနိုင်ငံက အိုးလုပ်ငန်းလုပ်ကိုင်တဲ့ သူတွေက လူတန်းစားတစ်ရပ်အနေနဲကကို ရှိတယ်လို့ ဆိုကြပါတယ်။ သားစဉ်မြေးဆက် အိုးအမျိုးမျိုးလုပ်တဲ့ လုပ်ငန်း တွေနဲ့ အသက်မွေးခဲ့ကြသတဲ့။ နောက်ပိုင်းမှာ ပလတ်စတစ် လုပ်တဲ့ နည်းပညာတိုးတက်လာပြီး ပလတ်စတစ်ရေပုံးတွေ၊ ရေခွက်တွေ အမျိုးမျိုးပေါ်လာတော့ အဲဒီအိုးသည်တွေ ဒုက္ခအကြီးအကျယ်ရောက် ကြပါသတဲ့။ လူတွေက ပိုပြီးပေါ့ပါးကောင်းမွန်တဲ့ ပလတ်စတ်တွေကိုပဲ သုံးလာကြတော့ အိုးသည်တွေ အလုပ် အကိုင်မရှိတော့ပဲ မြို့ကြီးတွေကို တက်သွားပြီး ကြုံရာကျပန်း လုပ်ကိုင်ကြရပါတော့ တယ်တဲ့။

ကျွန်တော်တို့လည်း နေရာတိုင်းမှာ အဲဒီ ပါရာဒိုင်းအရွေ့ကိုကြုံရပါတယ်။ တစ်ချို့ဟာတွေက ကိုယ်သတိမထားမိလိုက်လို့ပါ။ တစ်ချို့ကိစ္စတွေက သေးသေးလေးတွေပါ။ တစ်ချို့ဟာတွေကျတော့ ကြီးကြီး ကျယ်ကျယ်တွေ။ နိုင်ငံနဲ့ လူမျိုးလောက်ကို အထိထိခိုက်နိုင်တာတွေရှိပါတယ်။

မြန်မာနိုင်ငံရေးမှာလည်း ပါရာဒိုင်းတွေ အများကြီးရွှေ့ခဲ့ပါတယ်။ ကျွန်တော်လည်း အားလုံးကိုတော့ မသိပါဘူး။ ကိုလိုနီခေတ်ကဆိုရင် နိုင်ငံလွပ်လပ်ရေးဆိုတဲ့ ၀ါဒကို ရှေ့တန်းတင်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာတော့ မျိုးချစ် စိတ်ရှိသူတွေ၊ အင်္ဂလိပ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့သူတွေ စတဲ့ သူတွေက နိုင်ငံရေးရဲ့ ထိပ်ဆုံးနေရာကို အများဆုံးရခဲ့ကြပါတယ်။ နောက်ပိုင်းလွပ်လပ်ရေးရပြီးတဲ့ အချိန်မှာတော့ ပါရာဒိုင်းက ပြောင်းသွားတယ်ဗျ။ နိုင်ငံ ကိုတည်ဆောင်ဖို့၊ တိုးတက်ဖို့ဆိုရင် မျိုးချစ်စိတ်တစ်ခုတည်းနဲ့ မရတော့ဘူး။ ကျွန်ပညာရေးပဲပြောပြော၊ ဗျူရို ကရက်ပဲပြောပြော အုပ်ချုပ်ရေး၊ ပညာရေးမှာ တကယ့်အတွေ့အကြုံရှိတဲ့ ပညာတတ်တွေ ကိုနေရာပေးဖို့ လိုလာပြီဗျ။ ဒါကို လက်မခံနိုင်တဲ့သူတွေ သဘောမပေါက်တဲ့ သူတွေလည်း တော်တော်များများ ရှိခဲ့ပါတယ်။ အခြေအနေတစ်ချို့ကလည်း အဲလိုဖြစ်အောင် ဖန်တီးပေးခဲ့တာမျိုးတွေလည်း ရှိခဲ့ပါတယ်။ ဥပမာ အုပ်ချုပ်ရေး မှာကျွမ်းကျင်တဲ့ ဗျူရိုကရက်တော်တော်များများက အိန္ဒိလူမျိုးတွေ ဖြစ်နေတာမျိုးတို့၊ အုပ်ချုပ်ရေး ပညာကျွမ်းကျင် တဲ့ ဗမာ တစ်ချို့လည်း အင်္ဂလိပ်ကို မှ အရမ်းအထင်ကြီးတာမျိုးတို့ စတာတွေပေါ့။ ကျန်တဲ့ အကြောင်းတွေလည်း အများကြီး ရှိမှာပါ။

ပြီးတော့ ကွန်မြူနစ်ဝါဒကလည်း အဲဒီအချိန်ကတော့ မြန်မာ့နိုင်ငံရေးမှာ ထိပ်ဆုံးကရောက်နေတဲ့ ၀ါဒတစ်ခုပဲလေ။ အခုအချိန်မှာ ကွန်မြူနစ်ဝါဒ ကိုကိုင်ဆွဲဖို့ သိပ်အဆင်မပြေနိုင်တော့ဘူး။ အဲဒါတွေကြောင့် ကျွန်တော်တို့က ကာလ၊ ဒေသနဲ့ လိုက်ပြီး ပြောင်းလဲသင့်ရင် ပြောင်းလဲနိုင်ရမယ်ဗျ။ တော်တော် များများ အရာတွေက အသေဆုပ်ကိုင်ထားလို့ သိပ်မလွယ်ဘူး။

ဒီနှစ်ပိုင်း (၂၀၁၁) ထဲမှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အပြောင်း အလဲတွေတော်တော် များလာတာကို တွေ့ရတယ်။ အရင်က မတွေ့ဖူး မကြုံဖူးတဲ့ အခြေအနေတွေလည်း တွေ့ရတယ်ဗျ။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သုံးသက်တဲ့ သူတွေကလည်း သုံးသပ်ချက် တွေအမျိုးမျိုးပေးကြပါတယ်။ ကျွန်တော့ အမြင်ကတော့ ပါရာဒိုင်း တစ်ခုရွှေ့နေပြီ ဒါမှမဟုတ် ရွှေ့ဖို့ တာစူနေပြီလို မြင်ပါတယ်။ ဘယ်လိုအခြေအနေမျိုး ဘယ်လိုပါရာဒိုင်းမျိုးကို ပြောင်းနေတယ်ဆိုတာ အတိအကျသုံးသပ်ဖို့တော့ နည်းနည်းစောနေပါသေးတယ်။ အဲလိုအချိန်မှာ အရင်က အမှန်ဆိုတဲ့ အခြေအနေတစ်ခုတည်း ကိုဆုပ်ကိုင် ထားရင်တော့ ထူးအိမ်သင် သီချင်းလို "နည်းနည်းလေးတော့ လွဲနေတယ်" ဆိုတာမျိုး ဖြစ်နေဦးမယ်ထင်ပါတယ်။

ကျွန်တော်ဆွေးနွေးချင်တာကတော့ ကျွန်တော်တို့ အားလုံး ရွှေ့သွားမယ့် ပါရာဒိုင်းကို မျက်ခြေမပြတ်ဖို့ပါပဲ။ ကျွန်တော်တို့ တစ်တွေ အရင်က ဆုပ်ကိုင်ထားတဲ့ အမှန်တရားတွေအားလုံးက အခုအချိန်မှာ ဘေးရောက် သွား နိုင်ပါတယ်။ (မှားသွားတယ်လို့ မဆိုလိုပါဘူး)။ ဘာလို့လဲဆိုတော့ တစ်ချို့ကိစ္စတွေမှာ မှန်တယ် မှားတယ် ဆိုတာတော်တော် ပြောရခက်လို့ပါပဲ။ ပြီးတော့ အမြဲတမ်းပြောင်းလဲ နေတဲ့ ကမ္ဘာကြီးမှာ စံနုန်းတွေ ပြောင်းလဲ သွားတာ အခုနောက်ပိုင်း မှာတစ်အား မြန်လွန်းလို့ပါပဲ။

ဥပမာအနေနဲ့ ဆိုကြပါစို့။ "အပြင်ထွက်လျှင် အနွေးထည်ဝတ်သွားရမည်" ဆိုတဲ့ ၀ါကျကို မိတ်ဆွေကို မှန်၊ မှားဖြည့်ခိုင်း တယ်ဆိုရင် ဘယ်လိုဖြည့်မလဲ။ မှန်သည်ဟုဆိုလျှင် ကျွန်တော်စောဒက တက်ပါမည်။ အညာဒေသ ရဲ့နွေရာသီမှာဆိုလျှင် မှန်နိုင်ပါသလား။ မှားသည်ဟု ဆိုလျှင်လည်း ပူတာအိုဆောင်းရာသီမှာ ဆိုလျှင် မှားပါ သလော။ အမှန်မှာ ၀ါကျကိုယ်တိုင်က မပြည့်စုံဟု ဆိုရပါမည်။ အဲဒီတော့ ထိုဝါကျသည် ဆောင်းတွင်း တွင် ပြောလျှင်မှန်ပြီး နွေရာသည်တွင် ပြောပါက မှားသည်ဟု သုံးသပ်ရမည်လော။ လူတော်တော်များများက ကိစ္စတော်တော်များများ ကိုမှန်၏ မှား၏ ဆိုတဲ့ အခြေပေါ်မှာပဲ မူတည်ပြီး ဆုံးဖြတ်ချင် ကြတယ်။ အဲဒီတော့ ပိုပြီးရှုပ်ထွေးကုန်တာပေါ့။

နောက်ထပ်ဥပမာ တစ်ခုပြောချင်တာက တကယ်လို့ စာရှု့သူ မိတ်ဆွေ ဒါမှမဟုတ် မိတ်ဆွေရဲ့ ဆွေမျိုး၊ သူငယ်ချင်း တစ်ယောက်ယောက်က သေလောက်တဲ့ ရောဂါတစ်ခုခံ စားနေရပါပြီဆိုပါဆို့။ အဲဒီအချိန်မှာ မိတ်ဆွေရဲ့ အနားမှာလည်း နာမည်ပျက်ရှိတဲ့၊ အကျင့်သိက္ခာ မကောင်းတဲ့ ဆရာဝန်တစ်ယောက်ပဲ ရှိတယ်ဆို ပါဆို့။ မိတ်ဆွေအနေနဲ့ အဲဒီဆရာဝန် အကျင့် မကောင်းဘူးဘူးဆိုပြီး အဲဒီဆရာဝန်နဲ့ မကုပဲ အသေခံမလား ဒါမှ မဟုတ် ကုမလား။ အဲဒီ မေးခွန်းက တော်တော်ကို အငြင်းပွားစရာကောင်းတဲ့ မေးခွန်းနေမှာပါ။ မိတ်ဆွေ ဘယ်ရှု့ ဒေါင့်က ထိုင်စဉ်းစားမယ် ဆိုတဲ့ အပေါ်ကို ပိုမူတည်ပါလိမ့်မယ်။ တစ်ချို့အခြေအနေတွေက ပုံပြင်တွေ ရုပ်ရှင်တွေထဲကလို သိကြားမင်း ဆင်းပြီး အရှုပ်တွေ အားလုံး ရှင်းပေးသလိုမျိုး ရှင်းလင်း ပြေလည် သွားတာ မျိုး ဖြစ်နိုင်ပါ့မလား။ အဲလိုရှင်းသွားနိုင်ရင်တော့ တကယ်တော့ အကောင်းဆုံးပဲပေါ့ဗျာ။ ဒါပေမယ့် လက်တွေ့ ဘ၀နဲ့ ကင်းကွာသွားတာမျိုး တော့ မဖြစ်စေချင်ပါဘူး။ လက်တွေ့ဘ၀မှာ တကယ်ဖြစ်နိုင်လား ဖြစ်နိုင်ချေများရဲ့ လားဆို တာလည်း ထည့်တွက်ဖို့ လိုပါလိမ့်မယ်။ အကယ်၍ အဲဒီရောဂါ ဖြစ်နေတဲ့ သူက မိတ်ဆွေနဲ့ သိလည်း မသိ ဆွေမျိုး သူငယ်ချင်းလည်း မဟုတ်ဆိုရင်တော့ မိတ်ဆွေအနေနဲ့ ဒီလို ဆရာဝန်မျိုးနဲ့တော့ မကုသင့်ဘူး လို့ ဆိုကောင်းဆိုပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တော်တော်များများက တရားမျှတမှု့ဆိုတာကို ချစ်မြတ်နိုးကြတယ် ဒါမှမဟုတ် ချစ်မြတ်နိုးကြပါတယ်လို့ ဆိုကြပါတယ်။ အဲလိုတရားမျှတာမှု့ကို ချဉ်းကပ်တဲ့နေရာမှာ တစ်ခြားအရာတွေ ဆုံးရှုံးရတာလည် ကြုံဖူးကြပါလိမ့်မယ်။ အဲဒီတော့ အဖြေတစ်ခုကတော့ မိတ်ဆွေဘာကိုလိုချင်သလဲ၊ လူအများကရော ဘာကိုလိုချင်သလဲဆိုတဲ့ အထိုင်ပေါ်က စဉ်းစားရင်တော့ အကောင်း ဆုံးအဖြေတစ်ခု ဖြစ်ပါလိမ့်မယ်။

ကျွန်တော် တွေ့ဖူးတဲ့ တစ်ချို့အဒေါ်ကြီးတွေဆိုပြောတတ်ကြတယ်။ "ဒို့ တစ်သက်လုံးဒီလိုနေလာတာ အခုမှတော့ မပြောင်းနိုင်ပါဘူး" တဲ့။ ကိစ္စတော်တော်များများကို သူတို့ အဲလိုမြင်ကြတယ်ဗျ။ အဲဒီတော့ ဘယ်လို ဖြစ်သလဲဆိုတော့ နေရာတော်တော်များများမှာ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့ ပြတ်ကျန်ခဲ့တာပေါ့ဗျာ။ နိုင်ငံ ရေးသမားတွေအဲလိုမြင်လာရင်တော့ ပိုဆိုးပါတယ်။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေး သမားဆိုတာ နိုင်ငံတစ်နိုင်ငံက လူပေါင်းများစွာရဲ့ အနာဂတ်တွေကို အဆုံးအဖြတ်ပေး နေတဲ့ သူတွေ ဖြစ်လို့ပါပဲ။ တစ်ချို့ကလည်း သိသိနဲ့ ပဲ ပုဂိုလ်ရေး ခံစားချက်တွေကို မစွန့်ပစ်နိုင်ကြဘူးဗျ။ လူတစ်ယောက် ချင်းစီအနေနဲ့ကတော့ အမှန်တွေပဲ ဖြစ်မှာပါ။ ဒါပေမယ့် နိုင်ငံနဲ့ လူမျိုးအတွက်ဆိုရင်တော့ အဲလိုအတွေး အခေါ်တွေက အန္တာရာယ်ရှိနိုင်ပါတယ်။

အဲဒီတော့ Paradigm Shift နောက်ကို မလိုက်နိုင်တဲ့သူတွေများနေသေးတယ် ဆိုရင်တော့ အဲဒီ နိုင်ငံ အဲဒီဒေသ က အရင်လိုပဲ ဒုက္ခတွေ များနေဦးမှာပဲလို့ သုံးသပ်မိပါတယ်။ အဲဒီပါရာဒိုင်းတွေ တကယ်ပဲ ရွေ့သွား ပြီးလား ရွေ့နိုင်ပြီလား ဆိုတာ သုံးသပ်တဲ့ နေရာမှာတော့ Risk တော်တော်များနိုင်ပါသေးတယ်။ တစ်ခါတစ်လေ မှာ မှန်တယ်မှားတယ်ဆိုတာလည်း ရလဒ်အပေါ်မှာ မူတည်တဲ့ အခြေအနေမျိုးလည်း ရှိတတ်ပါသေးတယ် ဆိုတာ နားလည်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

18 Sep 2011

မိုးတိမ်ညို

Sunday, August 21, 2011

တိမ်ညိုတွေရဲ့ ငွေရောင် အနားသတ်



ယခုလအတွက် မြန်မာနိုင်ငံအတွက် အကောင်းဆုံး ဓါတ်ပုံ ကို ဖော်ပြပါဟုဆိုလျှင် ဒေါ်အောင်ဆန်းဆုကြည်နှင့် သမ္မတဦးသိန်းစိန် ဗိုလ်ချုပ်အောင်ဆန်းနောက်ခံဓါတ်ပုံရှေ့တွင် တွဲရိုက်ထားသောပုံဟု ဆိုသင့်ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံမှာ အပြောင်းအလဲကိုတာစူနေပြီလို့ ယုံကြည်ချင်ပါတယ်။

တကယ်တော့ဗျ မြန်မာ့နိုင်ငံရေးမှာ ကျွန်တော်တို့လည်း ပလေယာတွေတော့ မဟုတ်ဘူးလေ။ ပရိတ်သတ်လို့ပဲဆိုရမှာပေါ့။ အဲ ဒါပေမယ့်ဗျာ ဘောလုံးပွဲ ကြည့်တဲ့ ပရိတ်သတ်လိုမျိုးတော့ မဟုတ်ဘူးဗျ။ ဘောလုံးပွဲပရိတ်သတ်ဆိုတာ ကိုယ်လောင်းမထားရင် သူ့ဟာသူဘယ်အသင်းရှုံးရှုံး ဘယ်အသင်းနိုင်နိုင်ကိုယ့် တိုက်ရိုက်ထိခိုက်တာမျိုးမှ မဟုတ်တာ။ အခုဟာက ဒီပွဲရဲ့ ရလဒ်တွေက ကျွန်တော်တို့ကို တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်ဖြစ်ဖြစ် သက်ရောက်မှု့ရှိမှာဆိုတော့ ပိုစိတ်ဝင်စားရတာပေါ့ဗျာ။

မြန်မာနိုင်ငံရဲ့ ကောင်းမွေ ဆိုးမွေ၊ ကောင်းကျိုး ဆိုးကျိုး တွေကို ကျွန်တော်တို့အနေနဲ့ အရင်ကလည်း ခံစား ခဲ့ရပြီးပြီ၊ အခုလည်း ခံစား နေရပါသေးသည် နောင်လည်း ခံစားရပါဦးမယ်။ အဲဒါကြောင့်ဗျာ ဒီပွဲစဉ်တွေရလဒ်တွေကောင်းအောင် ကျွန်တော်တို့ တတ်နိုင်တဲ့ ဘက်က အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်သင့်တယ်ဗျို့။

အခုအချိန်အထိကျွန်တော်မြင်တာကတော့ ကျွန်တော်တို့နိုင်ငံက ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေတဲ့ ကျွန်းလေးတစ် ကျွန်းလိုဖြစ်နေ တာဗျ။ ကမ္ဘာ့ရေစီးထဲမှာ မပါဘူးလေ။ ဘယ်နိုင်ငံတကာလေဆိပ်မှာမှ မြန်မာငွေလဲလို့မရဘူး၊ နိုင်ငံတိုင်းမှာရှိတဲ့ နာမည်ကြီး စားသောက်ဆိုင်တွေ စတိုးဆိုင်တွေ မြန်မာနိုင်ငံမှာ မရှိဘူး။ နိုင်ငံတကာ ဈေးကွက်မရှိဘူး။ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ဒီလိုဖြစ်နေပြီး ကျွန်တို့ နိုင်ငံသားတွေ ခံစားနေရတာ ကြာပါပြီ။ အခု တိမ်ညိုတွေမှာ ငွေရောင်အနားသတ်လေးတွေမြင် ရသလို ကောင်းနိုင် မယ့်အလားအလာတွေတွေ့နေရပြီလို့ ယူဆပါတယ်။

ကျွန်တော့်အမြင်ကတော့ ဘယ်နိုင်ငံမဆို သာမာန်လူတွေအတွက် နေရာရှိရမယ်ဗျ။ ဘာလို့လဲဆိုတော့ နိုင်ငံတိုင်းလိုလိုမှာ သာမာန်လူ တွေဆိုတာ လူများစုကိုး။ အရမ်းတော်တဲ့ထက်တဲ့သူ အရမ်းညံ့တဲ့လူက လူနည်းစုလေ။ အဲဒီသာမာန်လူများ စုအဆင်မပြေ ရင်အဲဒီနိုင်ငံ အဆင်ပြေဖို့ မလွယ်ဘူးလို့ထင်တယ်ဗျ။

ဥပမာဗျာ လမ်းဘေးမှာ ယဉ်ထိန်းရဲသားတစ်ယောက် ကားတွေကိုပိုက်ဆံတောင်းနေတယ်ဆိုပါစို့။ သာမာန်စဉ်းစားကြည်ရင်တော့ ဒီရဲသားကို အကျင့်ပျက်ခြစား နေတယ်ဆိုပြီး ရှုံ့ချကြမှာပဲ။ ဒါပေမယ့် စဉ်းစားကြည့်ဗျာ သူ့အနေနဲ့ အိမ်မှာကလေးအငယ်က ဆာလို့ငိုနေမယ် အကြီးက ကျောင်းစာအုပ်ဖိုးတောင်းနေမယ် သူ့မှာလည်း တခြားနေရာက ရစရာမရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ သူက သာမာန်လူ တစ်ယောက်အနေနဲ့ အရည်ချင်းအရမ်းမရှိလို့မှ ဒီအလုပ်လုပ်နေရပါတယ်။ ဒီအလုပ်ကလည်း စားဖို့သောက်ဖို့ မပေးနိုင်ဘူးဆိုရင် သူ့ အနေနဲ့ မဟုတ်တာလုပ်ဖို့ပဲ ရှိတော့တာပဲ။ တခြားလည်း လုပ်စရာမရှိတာကိုး။ စနစ်က လူကိုဖျက်ဆီးသွားတာပေါ့။ ဆိုလိုချင်တာက သာမာန်လူတွေအတွက် စားဝတ်နေရေး အဆင်ပြေတဲ့ လမ်းကြောင်းတစ်ခုရှိဖို့လိုမယ်ဗျ။

အင်္ဂလိပ်စကားပုံတစ်ခုရှိတယ်ဗျ။ "Try to see the system than event" တဲ့။ အဖြစ်အပျက်တစ်ခုခြင်းထက် စနစ် တစ်ခုလုံးကို ကြည့်ပါလို့ ဘာသာပြန်ရမလားပဲ။ ကျွန်တော်ပြောချင်တာက လူတစ်ယောက် အကျင့်ပျက်ခြစားနေတယ်ဆိုရင် ဒီလူကိုယ်တိုင်က မကောင်းတာလား စနစ်ကြောင့် လားဆိုတာ သေချာကြည့်ကြည့်ပါ။ များသောအားဖြင့်တော့ စနစ်ကြောင့် ဆိုတာတွေ့ရပါလိမ့်မယ်။ အဲ လူကိုယ်တိုင်မကောင်းတာတွေလည်း ရှိတော့ရှိပါတယ်။ ဒါပေမယ့် စနစ်နဲ့ ထိန်းလို့ရတယ်ဗျ။ (ကျွန်တော်တို့နိုင်ငံက တော့ လူတွေမကောင်းလို့ စနစ်ပျက်သွားတာလား မသိဘူး)။

ဥပမာတစ်ခုထပ်ပြောရရင် စင်ကာပူဆေးရုံတွေမှာ သူနာပြုတွေက ဆေးရုံဝန်ထမ်းတွေ တအားသဘောကောင်းတာ အရမ်းလည်း ကူညီတယ် မြန်မာနိုင်ငံက အပေါက်ဆိုးဆိုးသူနာပြုတွေ ၀န်ထမ်းတွေနဲ့တော့ ကွာပါ့လို့ လူတွေက ပြောကြတယ်။ တကယ်လို့ အဲဒီ စင်ကာပူဆေးရုံကသူတွေနဲ့ မြန်မာနိုင်ငံဆေးရုံကလူတွေ ဘ၀ခြင်းလဲကြည့်ပါ။ မြန်မာနိုင်ငံက ခပ်ဆိုးဆိုးဝန်ထမ်း ၉၀ရာနုန်းလည်း သဘောကောင်းတဲ့ သူတွေ အပြောချိုတဲ့ သူတွေဖြစ်သွားပါလိမ့်မယ်။ စင်ကာပူက ပြုံးချိုချို ၀န်ထမ်းအများစုဟာ လည်းအပေါက်ဆိုးတဲ့ သူတွေဖြစ်သွားပါလိမ့်ယ်။ များသောအားဖြင့် သာမာန်လူတွေက စနစ်က ချပေးတဲ့ လမ်အတိုင်း ပဲလျှောက်ကြတာပါ။ အဲဒီလမ်းထွင်ပေးတဲ့ သူတွေ အရမ်းတော်ဖို့တော့ လိုပါတယ်။ အဲလို လမ်းကောင်းတွေမှာ လျှောက်ရင်းလျှောက်ရင်းနဲ့ အဲဒီ သာမာန်လူဆိုတဲ့ လူတွေရဲ့ အရည်အချင်း၊ အကျင့်စာရိတ္တ၊ အတွေးအခေါ်က လည်းတဖြည်းဖြည်းချင်းတက်လာမှာ မလွဲပါပဲ။ ပညာရှင်တွေပြောသလိုဆို လူလတ်တန်းစား များများ မွေးထုတ်ပေးရမယ်ပေါ့။

အခုကျွန်တော်တို့နိုင်ငံ အစိုးရသစ်လည်း နိုင်ငံတိုးတက်အောင် စီးပွားရေးကောင်းအောင် ပညာရှင်တွေနဲ့ တိုင်ပင်ပြီး လုပ်ဆောင်နေတယ် ဆိုတော့ အရမ်း ကောင်းပါတယ်။ ဒါပေမယ့်ဗျာ အရမ်းတော့ မျှော်လင့်လို့မရဘူးလေ။ အခုမှ အစပဲရှိ သေးတာကိုး။

ကုလသမဂ္ဂ အတွင်းရေးမှုးတာဝန်ယူခဲ့ဖူးတဲ့ မစ္စတာ ဒက်ဟားမားရှိုးက ပြောဖူးတယ်။ ကုလသမဂ္ဂ ဆိုတာ လူသားတို့ကို ကောင်းကင်ဘုံပို့ဆောင်ပးနိုင်ရန် ဖန်တီးထားသော အဖွဲ့အစည်းမဟုတ်ပါ။ ငရဲတွင်းလိမ့်မကျအောင် ကာကွယ် ပေးရန်သာဖြစ်သည်။ တဲ့။

အဲလိုဆိုရင်တော့ ယခုလက်ရှိအစိုးရဟာလည်း ကျွန်တော် တို့နိုင်ငံ ကို ကောင်းကင်ဘုံ ရောက်အောင် မလုပ်ပေးနိုင်ရင်တောင်မှ ငရဲတွင်းကနေ ကယ်ပေးနိုင်ရင်ကို မဆိုးလှပါဘူး။

August 2011
မိုးတိမ်ညို

Saturday, August 13, 2011

ကြံကို မည်သို့စားမည်နည်း



ရာဇ၀င်ထဲမှာ ကြားဖူးကြမှာပါ။ အမတ်ကြီးနှစ်ယောက်တွေ့တော့ တစ်ယောက်က ကြံနဲ့ ဧည့်ခံတယ်တဲ့။ ပြီးတော့ ကြံကို အရင်းကစစုပ်မလား အဖျားကစစုပ်မလား ဆိုတဲ့ သီအိုရီကို ဆွေးနွေးမိကြတယ်ပေါ့ဗျာ။ တစ်ယောက်ကတော့ ပြောတယ် အရသာဆိုတာစားရင်းစားရင်း တစ်ဖြည်းဖြည်းချိုလာမှကောင်းတာ အဲဒါကြောင့် အချိုပေါ့တဲ့ အဖျားကနေ အရင်းအထိတဖြည်းဖြည်းအရသာခံစားသင့်တယ်ပေါ့။ နောက်တစ်ယောက်ကတော့ တရားသဘောနဲ့ လူတွေကကွေးသောလက် မဆန့်မှီ ဆန့်သောလက် မကွေးမှီ သေနိုင်တယ်။ အဲဒါကြောင့် မို့လို့ ပိုချိုတဲ့ အရင်းကနေ အရင်စားသင့်တယ်ပေါ့။ အဲဒါက ရာဇ၀င် အရပေါ့။

(ဆက်မပြောခင်မှာ ပြောမယ့်အကြောင်းအရာနဲ့ သိပ်မဆိုင်တာလေး တစ်ခုပြောဦးမယ်ဗျ။ အမတ်ကြီး နှစ်ယောက် တွေ့တာကို ကြံချောင်းကြီးကို မခွဲပဲ မဖြတ်ပဲ အချောင်းလိုက်ကြီး ဧည့်ခံတယ်ဆိုတော့ တစ်မျိုးကြီး ပဲ။ ကျွန်တော်တွေ့ဖူးတဲ့ ကြံဆိုတာက လူတစ်ရပ်လောက်ရှိမယ်ဗျ။ တစ်ပေလောက် သေးတာလေးနဲ့ ဆိုရင်တော့ မဆိုးဘူး။ ဒါတောင် အချောင်းလိုက်ကြီးစားဆိုရင်တော့ ဘယ်လိုစဉ်းစားစဉ်းစား သိပ်နေရာ မကျပါဘူးဗျာ။ ထားပါတော့။)

အဲဒီအကြောင်းကို စဉ်းစားကြည့်ရင် ဒီလိုရှိတယ်ဗျ။ အရသာနဲတာကနေ အရသာကောင်းတာကို ဖြည်းဖြည်းချင်း အရသာခံမလား ဒါမှမဟုတ် အရသာများတာကို အရင်ဆုံးစားပြီး save side ယူထားမ လားဆိုတာ။ အဲဒါ ကျွန်တော့် အမြင်ကတော့ ကျွန်တော်တို့ လက်ရှိရောက်နေသော နေရာ၊ အခြေအနေပေါ်မှာမူတည်တယ်ဗျ။ ဥပမာ ဆွစ်ဇာလန်၊ စင်ကာပူ၊ ပြင်သစ်၊ ကိုးရီးယား စတဲ့ တိုးတက်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတွေမှာနေတဲ့သူကတော့ အဖျားမှ စစုပ်သင့်ပါတယ်။ အဲဒီနိုင်ငံတွေမှာက ၉၀ ရာနုန်းကျော်က တည်ငြိမ်မယ်လို့ မှန်းလို့ရတယ်လေ။ အဲဒီတော့ ဘာပူစရာလိုလဲဗျာ။ အေးအေးဆေးဆေး အရသာခံစား သင့်တာပေါ့ဗျ။

သိပ်မတည်ငြိမ်တဲ့ နိုင်ငံတွေ အာဖကန်၊ ပါလက်စ္စတိုင်း တို့လို ပြီးတော့ သိပ်စိတ်မချရတဲ့ နိုင်ငံတွေ ကျူးဘားတို့ ယီမင်တို့လိုမှာ ဆိုရင်တော့ အရင်းက အရင်စစုပ်ရမယ်ဗျို့။ အချိန်မရွေးသေနိုင်တယ် တစ်ခုခုဖြစ် နိုင်တယ်လေ။ ညသန်းခေါင် အိမ်တံခါးလာခေါက်ပြီးလည်း ခေါ်သွားခံရနိုင်တယ်လေ။ အဲဒီတော့ မြန်မြန်သုတ်သုတ် စားထားမှ ဖြစ်မယ်။

အဲလိုစဉ်းစားကြည့်တော့ ကျွန်တော်တို့ရွှေပြည်ကြီးမှာဆိုရင်တော့ ကြံကို ဘယ်လိုစားသင့်သလဲလို့ စဉ်းစားမိပါတယ်။ ကျွန်တော်တွေးမိသလောက်တော့ ကြံရရချင်း တစ်ချောင်းလုံး အမြန်ကြိတ်ပြီးသာ သောက်လိုက်တော့ဗျို့လို့။ အရသာတွေဘာတွေခံမနေနဲ့တော့။ အဟာရဖြစ်ဖို့ အရေးကြီးတာကိုး။ ဘာမှ မှမတည်ငြိမ်မတည်မြဲဘူး ဆိုတော့ ရနိုင်သလောက် ရတုံးယူထားကြပါဗျို့။

August 2011
မိုးတိမ်ညို

Thursday, July 21, 2011

လူတွေကခက်တယ် (၃)

ဒီအကြောင်းကို မရေးခင်မှာ နည်းနည်းတော့ စကားပလ္လင်ခံပါရစေ။ မဟုတ်ရင် ကျွန်တော့်ကို ဓမ္မန္တာရယ် လို့ပြော ကြဦးမယ်။ ငါးပါးသီလ အကြောင်းပါတယ်ဆိုပေမယ့် ငါးပါးသီလကို ဝေဖန်တာ မဟုတ်ဘူးနော်။ လူတွေကို ဝေဖန်တာ။ လူတွေထဲမှာမှ ကျွန်တော်တွေ့ဖူးတဲ့ လူတွေကိုပဲ ဝေဖန်တာ။ ၀ါးလုံးရှည်နဲ့ သိမ်းရမ်းတာ မဟုတ်ပါဘူး။

ကျွန်တော်တို့ ဗုဒဘာသာဘာသာဝင်တွေအတွက် အရေးအကြီးဆုံး အဆုံးအမတွေထဲမှာ ငါးပါးသီလက ထိပ်ဆုံးပါပဲ။ ကျွန်တော်တို့ တော်တော်များများ ငါးပါးသီလကို နေ့စဉ်မဟုတ်တောင် မကြာခဏ ခံယူကြပါတယ်။ ဒါပေမယ့် ခက်တာက လူ့အသိုင်းအ၀ိုင်းမှာ ငါးပါးသီလလုံရုံနဲ့ မပြည့်စုံဘူးဆိုတာ သတိထားမိတဲ့ အချိန်ကစတာပါပဲ။ ဟုတ်ပါတယ်။ ငါးပါးသီလပဲဆိုရင် သိပ်မလုံလောက်သေးပါဘူး။

ကျွန်တော်တို့လူတွေအတွက် နေ့စဉ်လိုအပ်နေတာတွေက ဒီထက် အများကြီးပိုပါတယ်။ ငါးပါးသီလထဲမှာ အလိုက်သိတတ်တာ၊ သူများအတင်းမပြောတာ၊ သူများကို စိတ်ညစ်အောင်မလုပ်တာ၊ ကိုယ်ချင်းမစာတတ်တာ၊ မနာလိုတာတွေ၊ မာနမထောင်လွှားတာ၊ ပစ္စည်းဂုဏ် မမောက်မာတာ အစရှိတဲ့ ဟာတွေ မပါလို့ပါ။

ငါးပါးသီလဆိုတာ တကယ့်ကို အခြေခံလိုအပ်ချက်တစ်ခုပဲ။ ကားတစ်စီးလိုပေါ့ဗျာ။ ကားတစ်စီးရဲ့ အဓိက Structure က ဖရိန်ရယ် အင်ဂျင်ရယ် ဘီးတို့ဘာတို့ စတဲ့ ရွေ့လျှားအောင် ပြုလုပ်တဲ့ အရာတွေပါ။ ကျန်တဲ့ မီးလုံးတို့၊ ဟွန်းတို့၊ ဆိုဖာတို့၊ အဲယားကွန်းတို့၊ ၀ိုက်ပါတို့ဆိုတာ ပြည့်စုံအောင် ဖြည့်ဆည်းပေးတဲ့ အရာတွေ။ Major need နဲ့ Minor Need လို့ပြောလို့ရတာပေါ့ဗျာ။ နှစ်မျိုးစလုံးကတော့ အရေးကြီးတာပဲ။ အင်ဂျင်ကလည်းကောင်းဖို့လိုတယ်။ အင်ဂျင်တို့ ဖရိန်တို့ ဘီးတို့ စတဲ့ အဓိကဟာ တွေမကောင်းရင် အဲဒီကားက သုံးမရတော့ဘူး။ အဲဒါတွေကဘယ်လောက်ကောင်းကောင်း ကျန်တဲ့ ပြည့်စုံအောင် ဖြည့်ပေးတဲ့ ဟာတွေမပါပဲ ကားဆိုတာရွှေ့ရင်ပြီးရောဆိုရင်တော့ မာစီးဒီးနဲ့ ထော်လာဂျီနှေးတာမြန်တာကလွဲလို့ ဘာကွာတော့မှာလဲ။ အဲလိုပဲဗျ။ ငါးပါးသီလ ဆိုတာကလည်း အခြေခံလိုအပ်ချက်ပဲရှိသေးတာ။ အဲဒါလုံတာနဲ့ လူ့အသိုင်းအ၀ိုင်းမှာ ပြီးပြည့်စုံပြီလို့ ပြောလို့ မရသေးဘူး။

လူတွေကခက်တယ်ဗျ။

ငါးပါးသီလတော့ လုံပါတယ်၊ သူများအတင်းပြောနေတယ်၊ မနာလိုနေတယ်၊ အလိုက်မသိတတ်ဘူး ဆိုရင် သိပ်အဆင်မပြေသေးဘူးဗျ။ ဒါကိုမသိတဲ့ လူတွေက ငါးပါးသီလယူပြီးရင်ကိုပဲ သူတော်စင်ကြီးလို ကိုယ့်ကိုကိုယ် ထင်ကြတာဗျ။ ပြောကြသေးတယ်။ ငါးပါးသီလကို ခါးဝတ်ပုဆိုးလိုမြဲတာတဲ့။ ဒါနဲ့ စကားမစပ်ပြောလိုက်ဦးမယ်။ ခါးဝတ်ပုဆိုးလိုမြဲတာဆိုတဲ့ ဥပမာက တော်တော်ရယ်ရတယ်ဗျ။ ဘယ့်နှယ့်ဗျာ ခါးဝတ်ပုဆိုးဆိုတာ မြဲမှမမြဲတာကိုး။ မယုံရင် ပုဆိုးဝတ်ပြီး ပြေးကြည့်ပါလား။ လှေခါးတတ်ကြည့်ပါလား။ ပြောမယ့်ပြောတော့
"ငါးပါးသီလကို Levis ခါးပါးပတ်ထားတဲ့ ဂျင်းဘောင်းဘီလိုမြဲတာ" ဆို ပိုများကောင်းမလား။

မိတ်ဆွေကိုမေးကြည့်ချင်ပါတယ်။ မုဆိုးတစ်ယောက်က ငါးပါးသီလသမားထက် လူ့အသိုင်းအ၀ိုင်းအပေါ် ပိုကောင်းနေတဲ့ အခြေအနေမျိုးတွေ ကြုံဖူးပါသလား။ အရက်သမားတစ်ယောက်က ပုတီးကိုင်ပြီး ယောဂီဝတ်စုံ ၀တ်ထားတဲ့သူထက် လူတွေအပေါ်ပိုနားလည်ပေးနိုင်တာ တွေ့ဖူးပါသလား။

ကျွန်တော့်အမြင်ကတော့ ငါးပါးသီလအပြင် မဂ္ဂင် ရှစ်ပါးကိုပါ ကျင့်သုံးနိုင်မှ ပြည့်စုံနိုင်မယ်လို့ယူဆပါတယ်။

ဒါပေမယ့် ဘယ်လိုပဲပြောပြော ငါးပါးသီလဆိုတဲ့ အခြေခံလိုအပ်ချက်ကို ပြည့်စုံနိုင်ရင်တော့ ပထမအဆင့် အောင်မြင်ပြီပေါ့ဗျာ။ အဲဒီ Major လိုအပ်ချက်တစ်ခုပဲ ပြည့်စုံပြီး နောက်က Minor လိုအပ်ချက်တွေ မလိုက်လာရင်တော့ လူ့အသိုင်းအ၀ိုင်းမှာ တော်တော်ခက်တဲ့ လူတစ်ယောက် ဖြစ်နေဦးမှာ အသေအချာပဲဗျို့။

ဒါနဲ့ဗျာ ကိုမြစ်ကျိုးအင်းရဲ့ ကိုယ့်တရားနဲ့ကိုယ် ဆိုတဲ့ ဟာလေးညွှန်းချင်ပါတယ်။ အဲ ဒါဖတ်ကြည့်ရင် ကျွန်တော် မရှင်းမရှင်းဟိုမရောက်ဒီမရောက်ပြောထားတာထက် ပိုရှင်းသွားပါလိမ့်မယ်ဗျာ။


11, August,2011

မိုးတိမ်ညို

လူတွေကခက်တယ် (၁)
လူတွေကခက်တယ်(၂)

Saturday, July 16, 2011

ဥပက္ခောဝါဒီ

ရဟန်းလေးတစ်ပါး တောထဲမှာသတင်းသုံးနေတုံး ဆူဆူညံညံ အသံတွေကြားလိုက်တယ်တဲ့။ အဲဒီရဟန်းလေးဟာ သမာဓိရှိတဲ့ သူတစ်ယောက်ဖြစ်တဲ့ အတွက် ဘာတွေလဲလို့ သွားမစပ်စုပဲ နဲ့ကိုယ့် အာရုံနဲ့ကို ဘာဝနာပွားနေတယ်ပေါ့။ ဒါပေမယ့် မရပါဘူး။ အဲဒီဆူဆူညံညံအသံတွေက သူနဲ့ နီးနီးလာတယ်။ လူတစ်ယောက်ရဲ့ ကယ်ပါယူပါ အော်နေတဲ့ အသံ။ ဒါနဲ့ ရဟန်းလေး မနေနိုင်ပဲ အသံရှိရာသွားကြည့်မိတယ်။ သူမြင်ရတဲ့ မြင်ကွင်းကတော့ လူဆိုးကြီးတစ်ယောက်က လူသုံးယောက်ကို ဖမ်းခေါ်လာပြီး သတ်တော့ မလို့လုပ် နေတယ်။ အဲဒီလူသုံးယောက်ကိုလည်း သူသိတယ်။ လူဆိုးကြီးကိုလည်း သူသိတယ်။ အသတ်ခံရတော့ လူသုံး ယောက်ကတော့ အဲဒီရဟန်းလေးကိုဆွမ်းလောင်းနေကြ အနီးအနားရွာက လူသုံးယောက်။ လူဆိုးကြီး ဆိုတာလည်း အဲဒီဒေသမှာ အလွန်နာမည်ကြီး ဆိုးသွမ်းနေတဲ့ လူဆိုးကြီး။ အဲဒီလူဆိုးကြီးက ရဟန်းရောဘာရောမသိ။ စိတ်မထင်ရင် အကုန်သတ်တဲ့ လူဆိုးကြီး။ အခုနေ သူက ၀င်တားလိုက်ရင် သူ့ကိုပါသတ်မယ် ဆိုတာသေချာတယ်။ မတားပြန်ရင်လည်း ဟိုသူသုံးယောက် ကိုသတ် တော့မယ်။

အဲလိုဖြစ်နေတုံးမှာ သူရပ်နေတဲ့ နေရာနားမှာ သေနတ်တစ်လက် ထောင်ထားတာတွေ့ရတယ်။ ဒီလိုဆိုရင် လူသုံးယောက်အသက်ကို ကယ်ဖို့ ရဟန်းလေးမိမိရဲ့ သီလကိုချိုးဖောက်ပြီး အဲဒီလူဆိုး ကြီးကို သေနတ်နဲ့ ပစ်သတ်လို့မလား။ ဒါမှမဟုတ် သတ္တ၀ါတစ်ခုကံတစ်ခုပဲလေ ဆိုပြီး လှည့်ထွက်သွားမလား။

အထက်ပါ အကျပ်အတည်းလေးက ရဟန်းစားရသော ဆွမ်းတစ်နပ်ဆိုတဲ့ ဇာတ်လမ်းလေးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ရဟန်းစားရသော ဆွမ်းတစ်နပ်ထဲမှာ ရဟန်းတပါးက သူ့ရဲ့ ဒကာအိမ်မှ ဆွမ်းခံကြွ နေတုံး အဲဒီဒကာကို ဘုရင်ကအပ်ထားတဲ့ ပတ္တမြားကို ကြိုးကြာက မြိုလိုက်တာ ရဟန်းက မြင်လိုက်တယ်။ ဒကာက ပတ္တမြားကို ရဟန်းယူတာလို့ထင်တယ်။ ဒကာအနေနဲ့ကလည်း အဲဒီပတ္တမြားပျောက်သွားရင် ဘုရင်က တစ်မိသားစုလုံးကို သတ်ပြစ်မယ်ပေါ့။ ဒါကြောင့်ရဟန်းကို ပြန်ပေးပါလို့တောင်းတယ်။ ရဟန်းက လည်း အဲဒီပတ္တမြားကို ကြိုးကြာမြိုတာပါလို့ ပြောလိုက်ရင် ကြိုးကြားကို သတ်ပြီးဗိုက်ခွဲယူမှာ ဆိုတာသိတဲ့ အတွက် အသေသာခံမယ် မပြောဘူးပေါ့။ ဒါနဲ့ နောက်ဆုံးတော့ အဲဒီကြိုးကြာမတော်တဆသေသွား တော့မှာ ရဟန်းက ပတ္တမြားကို ကြိုးကြာမြိုသွားတာပါလို့ ဖွင့်ပြောတယ်။ ဒကာလည်း သူမှားပါပြီဆိုပြီး နောင်တတွေရ ငိုကြယိုကြပေါ့။

အဲဒီဇာတ်လမ်းကို မိတ်ဆွေတော့ ဘယ်လိုခံစားရမလဲ မသိဘူး။ ကျွန်တော်ကတော့ စဉ်းစားကြည့်မိတယ်။ တကယ်လို့သာ ကြိုးကြာသာ မတော်တဆ မသေဘူးဆိုရင် ရဟန်းကို လုပ်ကျွေးပြုစုနေတဲ့ ဒကာကြီး တစ်မိသားစုလုံးကို ဘုရင်က သတ်လိမ့်မယ်။ သူကိုယ်တိုင်လည်း ဒကာကြီးလက်ချက်နဲ့ သေပြီး ဗုဒ္ဓဘာသာ အလိုအရဆိုရင် ဒကာကြီးလည်း ငရဲကို ဇော်ထိုးကျသွားလိမ့်မယ်။ သတ်တဲ့ဘုရင်ကြီးလည်း အကုသိုလ်တစ်ခုတိုးမယ်။ သချာင်္နည်းနဲ့ တွက်ကြည့်ရင် လူလေးငါး ယောက်အထင်တွေလွဲကြပြီး သေကြကျေကြ ဒုက္ခရောက်ကြရမှာထက် ကြိုးကြာတစ်ကောင်သေတာ ပိုတန်တယ်လို့ ပြောလို့ရမလား။ ရဟန်းအနေနဲ့ ဥပက္ခာ အဲလောက်ပြုနိုင်သလား။ ပြုသင့်သလား။

သေချာစဉ်းစားကြည့်ရင် ပုထုဇဉ်လူသားဆိုတာနဲ့ ရဟန်းဆိုတာ အပြန်အလှန်မှီခိုနေရတဲ့ သဘောမှာရှိတယ်။ ဘယ်လောက်ပဲ လောကီနဲ့ ဝေးဝေးနေနေ ရဟန်းဆိုတာလည်း လူသားခန္ဓာကို ပိုင်ဆိုင်ထားတဲ့ အတွက်စားရ သောက်ရသေးတာပဲ။ ဆရာဒကာဆိုတဲ့ သဘောက အဲဒါပဲ။ လူကရဟန်းကို စိတ်ဓါတ်ရေးရာအရ မှီခိုနေပြီး ရဟန်းကလူကို ရုပ်ဝတ္ထုပစ္စည်းအရမှီခိုနေရတယ်လေ။ (အနည်းငယ်လှသော တောထွက်ရဟန်းအချို့မှ အပ)။

ဥပမာ ကမ္ဘာကြီးပေါ်မှာ လူတိုင်း ရဟန်းဖြစ်သွားရင် ဘာဖြစ်သွားမလဲ။ လူသားမျိုးနွယ်စုမျိုးတုံးသွားမယ် ဆိုရင် မိတ်ဆွေလက်ခံနိုင်မလား။ ဘယ်သူမှ အမဲမလိုက်တော့ဘူး၊ ဘယ်သူမှ လယ်မထွန်တော့ဘူး၊ ဘယ်သူမှ ရောဂါဘယတွေကို ကုဖို့အတွက် ယုန်တွေ၊မျောက်တွေကို မစမ်းသတ်တော့ဘူး၊ ဘယ်သူမှ လောကီအလုပ် တွေကိုမလုပ်တော့ဘူးဆိုရင် ဘာဖြစ်သွားမလဲ။

ဆရာဒကာဆိုတဲ့ မှီတည်မှု့မရှိရင် ဗုဒ္ဓဘာသာ ထွန်းကားဖို့ တော်တော်ခဲယဉ်းပါလိမ့်မယ်။ ရုပ်ဝတ္ထုပစ္စည်းအတွက် ပူပန်နေရရင် ဗုဒ္ဓရဲ့ ဓမ္မတွေလိုက်နာကျင့်ကြံဖို့ တော်တော်ခက်ပါလိမ့်မယ်။ စိတ်အဓိက ဆိုပေမယ့် ရာနုန်းပြည့်တော့ မဟုတ်ဘူးလေ။ မြတ်စွာဘုရားတောင်မှာ နန်းတော်ထဲမှာနေရင် တရားကျင့်လို့မရလို့ တောထွက်ရသေးတာပဲ။ တကယ်တန်းသာ စိတ်အဓိကဆိုရင် နန်းတော်ထဲမှာ ပဲဘုရား ဖြစ်အောင်ကျင့်ကြံမှာပေါ့။ ကာလ၊ဒေသ တော်တော်အရေးကြီးပါတယ်။လောကီလူသားတွေ ဆင်းရဲနေရင် ရဟန်းတွေလည်း အနည်းနဲ့ အများတော့ ထိခိုက်မှာပဲ။ ဥပမာ စစ်ဖြစ်နေတဲ့ ဒေသမှာ တရားကျင့်လို့ ဖြစ်နိုင်ပါ့မလား။ ငတ်မွတ်ခေါင်းပါးနေတဲ့ ဒေသမှာ တရားကျင့်ကြံလို့ လွယ်ကူပါ့ မလား။ မဖြစ်နိုင်ဘူးလို့ ပြောလို့မရပေမယ့် သိပ်မလွယ်ကူပါဘူး။ သာမာန်လူတွေ အတွက်တော့ မဖြစ်နိုင်ဘူး လို့ပြောလို့ရပါတယ်။

အင်္ဂလိပ်စကားပုံ တစ်ခုဖတ်ဖူးတယ်ဗျ။


"You can avoid the reality, but you cannot avoid the consequences of avoiding reality "

အမှန်တရားကို ဥပက္ခာပြုလို့ရတယ်။ ဒါပေမယ့် အဲဒီလို ဥပက္ခာပြုလို့ ဖြစ်လာတဲ့ အကျိုးဆက်ကို တော့ရှောင်လွှဲလို့ မရပါဘူး။

16 July 2011
မိုးတိမ်ညို

Monday, July 4, 2011

ရင်းနှီးသည့်သဘော ရိုင်းသည့်သဘော

"ရင်းနှီးသည့်သဘော ရိုင်းသည့်သဘော" ဆိုတဲ့ စာကြောင်းလေးကို ငယ်ငယ်က မြန်မာသဒ္ဒါမှာ သင်ခဲ့တာ မှတ်မိနေသေးတယ်။ "ငါ" ဆိုတဲ့ စကားလုံးကို အဓိပ္ပယ်ဖွင့်ပြထားတာ။ "ငါ" ဆိုတဲ့ စကားလုံးက ရင်းနှီးတဲ့ အခါမှာလည်း သုံးတယ်။ ရိုင်းတဲ့ အခါမှာလည်း သုံးတယ် ဆိုတဲ့ သဘောဗျ။ မြန်မာသဒ္ဒါပြန်သင်နေတာ မဟုတ်ဘူးနော် မိတ်ဆွေ။ အဲဒီ ရင်းနှီးသည့် သဘောရိုင်းသည့် သဘောဆိုတဲ့ ဟာလေး ကိုကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများအပြားတွေ့ရလို့ဗျ။


ဟုတ်ပါတယ်။ ကျွန်တော်တို့ အချင်းချင်း ရင်းနှီးတဲ့ သူငယ်ချင်းတွေကြားမှာ ငါ လို့သုံးကြတယ်။ အဲ ဆရာသမား လူကြီးသူမနဲ့ ဆိုရင် ငါဆိုတဲ့ စကားလုံးက ရိုင်းတယ်ပေါ့ဗျာ။ အချင်းချင်းတွေ့တဲ့အခါ "ဟာခွေးကောင်ကြီး" နုတ်ဆက် တာ အရမ်းခင်တဲ့ သူငယ်ချင်း အတွက် ဆိုရင်တော့ ရိုင်းတယ်လို့ ပြောမရဘူးဗျာ။ တစ်ချို့ကြတော့ လည်း စိတ်ထဲပါလို့တော့ မဟုတ်ဘူး စကားပြောရင် အဆဲလေးနဲ့ မှပြောတတ်တယ်ဆိုတဲ့ လူမျိုးလည်း ရှိသေးတယ်။ ကြားဖူးတဲ့ ပုံပြင်လေး တစ်ခုကတော့ ဒီလိုဗျ။


တစ်ခါကစပါးဝယ်တဲ့ သူတစ်ယောက်က ပွဲရုံတစ်ရုံမှာ စပါးလာဝယ်တယ်။ သူစပါးဝယ်ပြီး သူဝယ်တဲ့ စပါးတွေကို ကုန်ကားပေါ်တင် နေတဲ့ အချိန်မှာ အဲဒီပွဲရုံက အလုပ်သမားတွေက တအားဆဲကြသတဲ့။ အဆဲလေး မပါရင် ကိုအလုပ်မလုပ်တတ်သလို ဖြစ်နေတာ။ အဲဒါနဲ့ ကြာတော့ အဲဒီသူလည်း သည်းမခံနိုင်တော့ ပဲပွဲရုံပိုင်ရှင်ကို သွားတိုင်တော့သတဲ့။ "ပွဲစားကြီး ကြည့်ပြောဦး ပွဲစားကြီး အလုပ်သမားတွေ ကတအား ဆဲတာပဲဗျာ" အဲဒီတော့ ပွဲရုံပိုင်ရှင်ပြန်ပြောလိုက်တဲ့ စကားကြားတော့ အဲဒီဝယ်လက်လည်း ပက်လက်ကို လန်ရောတဲ့။ "ဒီ အေ-ိုးတွေက ဒီလိုပဲ ကျုပ်လည်း ပြောမရဘူး" တဲ့ဗျာ။


အဲလိုပဲ တစ်ချို့လူတွေက စကားပြောရင်း အဆဲလေးပါမှ ပြောတတ်တယ်ဗျ။ တစ်ဖက်က ကြည့်ရင် ရိုင်းတယ်လို့ ပြောလို့ ရသလို ရင်းနှီး တဲ့သဘောလည်းဆောင်တယ်ဗျ။ စိတ်ဆိုးရမှလည်း ခက် သဘောကျလို့လည်း မဖြစ်ပြန်ပေါ့ဗျာ။ ကျွန်တော့် သဘောကတော့ ဆဲတာကိုလည်း မကြိုက်ပါဘူးဗျာ။ ဒါပေမယ့်ဗျာ တစ်ခါတစ်လေ အပေါ်ယံ စကားအလှလေး တွေကြည့်ပဲ ပြောနေတဲ့ သူနဲ့ တွေ့ရင်လည်း နေရထိုင်ရတာ တော်တော်ကြပ်တယ်ဗျာ။ ကြာကြာထိုင်စကားပြောရရင် ချွေးစေးတွေတောင် ပြန်လာသလိုပဲ။ ခံစားမှု့ မပါလို့။ ရင်းနှီးတဲ့ သဘောမရှိလို့။


တစ်ခါတလေကြတော့ လည်း တော်တော်ကသိကအောင့်ကြုံတာလေးတွေ ကြုံဖူးတယ်ဗျ။ တစ်ခါက မြို့သစ်ဖက်က ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်အိမ်ကို သွားလည်ကြတယ်ဗျ။ အဲဒီ အချိန်မှာ သူတို့အိမ်မှာ မီးလာတော့ အ၀ီစိတွင်းကနေ ရေတင်နေတယ်။ ရေက လည်း သန်တော့ အုတ်ကန်တစ်ခုလုံးကို ပြည့်လျှံနေတာပေါ့ဗျာ။ အဲဒီမှာ ကျွန်တော့်မိတ်တွေရဲ့ အမေ အဒေါ်ကြီးက ဧည့်သည်ကျွန်တော် တို့တွေကို ရေနွေးကြမ်းလေး ဘာလေးနဲ့ ဧည့်ခံနေရင်း "သားလေးတို့ ရေချိုးသွားကြပါလား" တဲ့။ ကျွန်တော်တို့ ရယ်ရလည်းခက် ငိုရလည်း ခက်ဗျာ။ သူကတော့ ရင်းရင်းနှီးနှီးနဲ့ လောကွက်လုပ်တာပဲ။ မိတ်ဆွေပဲ စဉ်းစားကြည့်ပေါ့ဗျာ။ အခုခေတ်ကြီးမှာ သူများအိမ်သွားလည် လို့ ရေချိုးသွားပါလားလို့ ပြောတာ ရယ်စရာကြီးပေါ့ဗျ။ မကောင်းမြင်တတ်တဲ့သူဆို ခင်ဗျား ကျွန်တော့်ကို ညစ်ပတ်တယ် လို့ ပြောချင်တာ လားဆိုပြီး ရန်တွေ့ သွားနိုင်သေးတယ်။


ကျွန်တော်ငယ်ငယ်က မြန်မာသီချင်းတစ်ပုဒ်ထဲမှာ "လက်ရေ တပြင်စီး ရှေးကထက် ပိုချစ်ကြသည်" ဆိုတဲ့ စာသားလေး ကြားဖူးတယ်ဗျ။ အဲဒီ ထဲက လက်ရေ တပြင်စီးဆိုတာကို မသိလို့ လူကြီးတွေကို မေးမြန်းကြည့်တော့ ရှေးတုံးက လူတွေက ထမင်းစုစားကြရင် အလယ် မှာဖက်ကြီးခင်း ပါသမျှ ထမင်းတွေ ဟင်းတွေကိုပုံ ပြီးတော့ သူ့ဟာကိုယ့်ဟာ မခွဲကြပဲ အတူတူ ဖက်ကြီးပေါ်က အားရပါးရ နှိုက်စား လိုက်ကြတာ လက်ဆေးထားလို့ လက်က စီးကျလာတဲ့ ရေတွေက ဖက်ပေါ်ကိုကျနေတာကို လက်ရေ တပြင်စီးလို့ ခေါ်ပါတယ်တဲ့။ ကဲ အဲဒီအတိုင်းသာ ဟုတ်တယ်ဆိုရင်တော့ ဗျာ။ ဘယ်လောက်များ ကျန်းမာရေးနဲ့ မညီညွတ်လိုက်မလဲ။ Hygiene မဖြစ်လိုက်မလဲ။ စဉ်းစား ကြည့်ကြပါတော့။ ရင်းနှီးတာ ချစ်တာက တစ်ပိုင်းပဲ။


အရင်က အိမ်တိုင်းမှာ ရေအိုးစင်နဲ့ ရေသောက်ကြတော့ တစ်ယောက်က သောက်လိုက် အဲဒီလူ နုတ်ခမ်းနဲ့ အားရပါးရ ထိထားတဲ့ ခွက်ကိုပဲ ရေအိုးထဲ ပြန်နှစ်လိုက်နဲ့ကဲ တစ်ကယ်များ တစ်ယောက်ယောက်မှာ ကူးစက်ရောဂါ တစ်ခုခုရှိရင် အကုန်လုံးကူးပြီးပေါ့ဗျာ။ အခု ခေတ်တော့ နည်းနည်းတော်ပါသေးတယ်။ ငွေကြေးတတ်နိုင်သူတွေက ရေခဲသေတ္တာထဲမှာ ရေဘူးနဲ့ ခွက်နဲ့ ဆိုတော့ အရင်လောက် တော့ မဆိုးတော့ဘူးပေါ့။


အဲဒီ ရင်းနှီးသည့်သဘော ရိုင်းသည့် သဘောဆိုတာ ကျွန်တော်တို့ မြန်မာ လူ့အဖွဲ့ အစည်းမှာ ပိုတွေ့ရသလိုပဲဗျ။ ကောင်းတာလား မကောင်းတာလား ပြောရခက်တဲ့ဗျ။ အဲ ကောင်းတာရော မကောင်းတာရောရှိမှာပေါ့ဗျာ။ မင်္ဂလာပါဆိုတာ အရမ်းယဉ်ကျေးပြီး အရမ်းကောင်းတဲ့ စကားဆိုပေမယ့် အရမ်းရင်းနှီးတဲ့ သူငယ်ချင်းနဲ့ တွေ့ရင် မင်္ဂလာပါခင်ဗျာ လို့ ဘယ်သူနုတ်ဆက်သလဲ။ အဲလို Formal စကားနဲ့ နုတ်ဆက်ရင် တစ်ခါတစ်လေကြတော့ နားထဲ ထောင့်တယ်ဗျ။ အေးစက်စက် ဖြစ်သလို ခံစားရတယ်။ "ဟာ ဟေ့ကောင်ကြီး ဘယ်သွားသေနေတာလဲကွ" နုတ်ဆက်တာ ရိုင်းတယ်ဆိုပေမယ့် အရမ်းခင်တဲ့ သဘော နွေးထွေးတဲ့ သဘောပါတယ် ဗျာ။


တစ်ခါတစ်လေကြတော့ အပေါ်ယံစကာအလှလေး တွေသုံးနေရင် ခံစားမှု့က အေးစက်စက်ကြီးဗျာ။ သိပ်မကောင်းဘူး။ အဲ ရင်းနှီးသည့် သဘောရိုင်းသည့်သဘော ဆိုတာကလည်း နွေးထွေးတယ်ဆိုပေမယ့် တကယ် အလုပ်ကြီးအကိုင်ကြီး လုပ်တဲ့ နေရာတွေမှာ တော့ သုံးလို့ မရဘူးပေါ့ဗျာ။ ဒါပေမယ့်ဗျာ တစ်ခါတစ်လေမှာတော့ ရုန်းကန်ရတာတွေများတဲ့ ဒီလောကကြီးမှာ နွေးထွေးမှု့ ဆိုတာကတော့ လိုသေးတာပဲဗျာ။ မိတ်ဆွေအနေနဲ့ အမေနဲ့ ဖုန်းပြောတဲ့ အခါမှာ မင်္ဂလာပါ အမေ။ မိန်းမနဲ့ တွေ့တဲ့အခါတိုင်းမှာ ကောင်းသော နံနက်ခင်းမှာ အချစ်ရေ စသဖြင့် အပေါ်ယံ စကားအလှလေးတွေ သုံးနေရင် ဘယ်နွေးထွေးနိုင်ပါ့မလဲဗျာ။ ဟုတ်ဘူးလား။


ဘာပဲ ပြောပြော နိုင်ငံခြားသီချင်းတစ်ပုဒ်ထဲမှာ ပါတဲ့ စာသားလေးလိုပါပဲ။ "Just a drop of water in the endless sea" ပါပဲ။ နဲနဲပဲ ဖြစ်ဖြစ် နွေးထွေးမှု့လေး ရစေချင်လို့ပါဗျာ။


4 July 2011

မိုးတိမ်ညို

Sunday, June 26, 2011

ဂေါပက Rules

ဓမ္မစေတီ ဆရာတော်ဦးကောသလ္လ ဟောတဲ့ တရားတစ်ပုဒ် ထဲမှာ ဆရာတော်ပြောတဲ့ စကားလုံးလေး တစ်လုံးကို တော်တော် သဘောကျမိပါတယ်။ သူက မဟာမြတ်မုနိဘုရား အတွင်းထဲကို မိန်းမ မ၀င်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဲဒါ ဂေါတမ ဗုဒ္ဓ ကသတ်မှတ်ခဲ့တာ မဟုတ်ဘူး။ ဂေါပကတွေက သတ်မှတ်တာ။ အဲဒါကြောင့် ဒါတွေက "ဂေါတမ Rules" မဟုတ်ဘူး။ "ဂေါပက Rules" တဲ့။ ကောင်းလိုက်တဲ့ စကားလုံးဗျာ။

ဟုတ်တယ်ဗျ။ ကျွန်တော်လည်း နေရာတော်တော်များများမှာ အဲဒီ ဂေါပက Rules တွေနဲ့ ကြည့်ပဲတွေ့နေရတယ်။ လူတော်တော်များများက ဗုဒ္ဓ ဘာသာဆိုပြီးတော့ဗျာ ဂေါတမ ဟောခဲ့တာတွေကို မလိုက်နာတာတွေ အများကြီး ပဲဗျ။ ဘာလို့လဲဆိုတော့ ဂေါတမ ဗုဒ ဟောခဲ့တာတွေတော်တော်များများက လိုက်နာဖို့ ခက်တာကိုးဗျ။ သိအောင်သင်ယူဖို့လည်း ခက်တာကိုး။ အဲဒီတော့ လွယ်တာတွေပဲ လိုက်လုပ်ကြတာလေ။ အပေါ်ယံတွေပေါ့ဗျာ။

တစ်ရက်က ကျွန်တော့် မိတ်ဆွေနိုင်ငံခြားသားတစ်ယောက်က ကျွန်တော့်ကို မေးတယ်။ သူက ဘယ်ဘာသာ မှမကိုးကွယ်တဲ့သူ။ သူကမေးတယ်။ "ငါဗုဒ္ဓ ဘာသာပြောင်းချင်တယ်။ ဘယ်လိုပြောင်းရမလဲ" တဲ့။ ဟောဗျာ တော်တော်ခက်တဲ့လူပဲဗျ။ သူမေးတဲ့ မေးခွန်းက ဟေ့ကောင် ငါဆရာဝန်က နေ အင်ဂျင်နီယာ အဖြစ် ပြောင်းချင်တယ်ကွာ။ ဘယ်လိုလုပ်ရမလဲ ဆိုသလိုပဲဗျ။ ဆိုင်းပုဒ်ပြောင်းလိုက်ရုံနဲ့ အင်ဂျင်နီယာ ဖြစ်ပါ့ မလား။ အင်ဂျင်နီယာ အတတ်ပညာတွေကို အချိန်အတိုင်းအတာ တစ်ခုအထိသင်ယူမှ အင်ဂျင်နီယာ ဖြစ်မှာ ပေါ့ဗျာ။ ဗုဒ္ဓဘာသာ ပြောင်းချင်တဲ့ သူလည်း အဲလိုပဲလေ။ ဆရာတော်ဦးကောသလ္လ ကတော့ ဟောဖူးတယ်။ နှစ်ပေါင်းနှစ်ဆယ်လောက် သင်မှဗုဒ္ဓ ဟောခဲ့တာတွေကို အတိုင်းအတာ တစ်ခုအထိ နားလည်းနိုင်မယ်တဲ့။ အဲ တစ်ခုတော့ရှိတယ်။ မှတ်ပုံတင်ကဒ်မှာ ဖြည့်ရုံပဲ ဆိုရင်တော့ ရတာပေါ့ဗျာ။ အဲလောက်ထိ အပင်ပန်းခံ စရာမလိုပါဘူး။ ဗုဒ္ဓဘာသာဆိုတာ သင်ယူမှု့ မရှိပဲနဲ့ ဘယ်တော့မှ မဖြစ်နိုင်ဘူး။ ဖြစ်ခဲ့ရင်လဲ မိရိုးဖလာ ဗုဒ္ဓဘာသာပဲ ဖြစ်မှာပဲလေ။

ဗုဒ္ဓ ဘာသာဖြစ်ချင်ရင် ဘုရား၊တရား၊သံဃာကို ကိုးကွယ်လိုက်ရင် ဖြစ်ပြီလို့ ဆိုတာကိုလည်း ကျွန်တော် သိပ်ဘ၀င်မကျချင်ဘူးဗျ။ ဗုဒ္ဓ ဘာသာဆိုတာ ဘာလဲဆိုတာ မသိပဲနဲ့ ဗုဒ္ဓဘာသာ မဖြစ်နိုင်ဘူးလေ။ ဥပမာ သစ္စာလေးပါး ဘာလဲဆိုတာ မသိတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတာ ဘယ်လို ဗုဒ္ဓဘာသာဝင်မျိုးဖြစ်မလဲ။ အခု တခြားဘာသာ ၀င်တွေပြောနေကြတဲ့ ဆင်းထုကိုးကွယ်တဲ့ ဗုဒ္ဓ ဘာသာပဲ ဖြစ်တော့ မပေါ့ဗျာ။ အဓိက အိုင်ဒီယာ ကိုတော့ ယျေဘူယျ သဘောတော့ သိထားသင့်တာပေါ့ဗျာ။

အထက်မှာ ပြောခဲ့သလိုပဲလေ။ ဂေါပက Rules နဲ့ ဆိုရင်တော့ ဘာမဆိုဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အစစ်အမှန် တော့မဟုတ်နိုင်ဘူး။ ကျွန်တော်ဥပမာ တစ်ခုပြောပါရစေ။ မန္တလေးမှာနေတဲ့ ကျွန်တော့်မိတ်ဆွေ တစ်ချို့ အလွန်အေးတဲ့ မန္တလေးဆောင်းတွင်း မနက်လေးနာရီလောက်မှာ မဟာမြတ်မုနိဘုရားကြီးကို သွားပြီး မျက်နှာသစ်တော်ရေ သွားယူပါသတဲ့။ အဲ ယူတယ်လို့လည်း ပြောလို့မရဘူး။ ၀ယ်ရတာ။ အသွားအပြန် နှစ်နာရီ လောက်ကြာပါတယ်တဲ့ဗျာ။ အဲလိုမလုပ်ပဲ နှစ်နာရီလောက် တရားထိုင်လိုက် ဒါမှ မဟုတ်ရင် တရားသဘောတရား စာတစ်ခုခုကို လေ့လာလိုက်ရင် ပိုအကျိုးရှိမလား လို့ တွေးမိပါတယ်။ လမ်းကြောင်း လွဲနေတာကို ဆိုလိုချင်တာပါ။ တစ်ခုတော့ရှိတယ်။ တရားထိုင်ရတာ၊ တရားသဘော လေ့လာ ရတာပိုခက်တာကိုးဗျ။ ဘုရားကြီးသွားပြီး မျက်နှာသစ်တော်ရေ၀ယ်ရတာက လွယ်တာကိုး။ ခွင့်လွတ်ပါတယ်ဗျာ။ လွယ်တာသာ လုပ်ကြပါ။

အဲလိုပြောလို့ ဆင်းထုတော်တွေ စေတီတော်တွေ မလိုဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော်။ ဒါတွေလည်း လိုအပ်တယ်ဗျ။ ဆင်းထုရှေ့မှာ၊ ငြိမ်းချမ်းမှု့တွေ အပြည့်ရှိတဲ့ စေတီတွေမှာတရားထိုင်ရတာ လမ်းဘေး ပလက်ဖောင်းမှာ တရားထိုင်ရတာနဲ့တော့ ဘယ်တူပါ့မလဲနော်။ အတွင်းစိတ်က အရေးအကြီးဆုံးဆိုပေမယ့် ဘုရားတောင်မှ နန်းတော်ထဲနေရင် ကျင့်ကြံဖို့ ခက်ခဲလို့ တောထွက်ရသေးတာပဲ။ ကိုယ်လုပ်မယ့် အလုပ်နဲ့ ကိုက်ညီတဲ့ နေရာ၊အချိန်၊ အခြေအနေတစ်ခုလဲ လိုသေးတာကိုးဗျ။ တစ်ခုပြောဖို့ ခက်တာက သိန်းတစ်ထောင် တန်စေတီတစ်ခုတည်တာနဲ့ သိန်းတစ်ထောင်တန် ဗုဒ္ဓစာကြည့်တိုက်တစ်ခု ဖွင့်တာ ဘယ်ဟာ ပိုအကျိုးရှိမလဲ ဆိုတာပဲ။ တစ်ခုသေချာတာကတော့ စာကြည့်တိုက်ဆိုရင်တော့ လူအလာနဲမှာပဲ။ စာဖတ်ပြီးလေ့လာ ရတာခက်လဲခက် ပင်လည်းပင်ပန်းတာကိုးဗျ။ စေတီသွားရှိခိုးရတာ လွယ်တယ်လေ။ လူလည်း လေးစားတယ်လေ။

အခုဝမ်းနည်းစရာကောင်းတာက သိမြင်နှံစပ်တဲ့ ပညာရှင်တွေ၊ ဆရာတော်ကြီးတွေ ဒီလောက်ပြောဆိုဆုံးမနေ တဲ့ကြားက နာမည်ကြီးဘုရားတွေမှာ ဘိုးတော်တွေ နတ်ရုပ်တွေ ရှိနေသေးတာကိုပဲ။ ဂေါပကတွေက ဘာလို့ မဖယ်နိုင်သေးတာပဲ။ ရှင်းပါတယ်။ သူတို့အပါအ၀င် လူများစုက ဒါတွေကို ယုံကြည်ကိုးကွယ်နေကြလို့ပါပဲ။ ဘုရားဟောအရဆိုရင် ဒိဌိတွေများနေသေးတယ်ဆိုတာ အသေအချာပဲဗျို့။

ပြီးတော့ သဃန်းဝတ်လိုက်ရုံနဲ့ ဘုန်းကြီးဖြစ်ရောတဲ့လား။ တစ်ချို့ကတော့ သဃန်းကို လေးစားတာပေါ့တဲ့။ မဟုတ်တာ လုပ်ရင် အဲဒီလုပ်တဲ့သူ (ဘုန်းကြီးတု)က ခံရလိမ့်မယ်တဲ့။ ကျွန်တော်ကတော့ သိပ်လက်မခံချင်ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် လူမိုက်အားပေး မလုပ်သင့်ဘူးထင်တာပဲ။ အဲလိုဖြစ်လေ ဗုဒ္ဓဘာသာ ပိုညစ်နွမ်းလေပဲ။ ဘုရား၊တရား၊သံဃာ ထဲမှာ သံဃာဆိုတာ ကိုးကွယ်ရ အခက်ဆုံးပဲ။ ရွေးခြယ်မှု့ မှန်ကန်ဖို့ အတော်အရေးကြီး တာကိုး။

ကျွန်တာ့်သဘောအရတော့ ဗုဒ္ဓဘာသာ ကိုးကွယ်တယ်ဆိုတာထက် ဗုဒ္ဓလမ်းစဉ်ကို လိုက်တယ် လို့ပြောတာ ပိုသဘောကျတယ်ဗျ။ အဲ ဂေါတမ Rules နော် ဂေါပက Rules ကိုတော့ မလိုက်လေနဲ့ ဗျို့။

26 June 2011
မိုးတိမ်ညို

ပေါ်ပင်ဘာသာရေး ဆိုတာလည်း ဖတ်နိုင်ပါတယ်။

Friday, June 24, 2011

How and Why

ဟိုးတလောက စာပေဟောပြောပွဲ သွားနားထောင်တုံးက ဆရာဦးအောင်သင်း ပြောသွားတဲ့ အထဲမှာ အမှတ်ရတာ လေးတစ်ခုရှိတယ်။ သူက ကွန်မြူနစ်ဝါဒ အကြောင်းပြောရင်းနဲ့ မက်စ် ၀ါဒရဲ့ အီကွေးရှင်းကို ပြောသွားတယ်။

သဘာဝ+အလုပ်=တန်ဖိုး

အဲဒီတော့ သဘာဝဆိုတာ ယေဘူယျအားဖြင့် သူ့ဟာသူရှိနေတဲ့ဟာ။ အဲဒါကို အလုပ်နဲ့ တွဲလိုက်မှ တန်ဖိုးရှိတယ် တယ်။ အဲဒီ အခြေခံပေါ်မူတည်ပြီး တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့တဲ့ ကွန်မြူနစ် ၀ါဒ ဆိုတာကြီး ပေါ်လာတာတဲ့။ ဥပမာကတော့ သူ့ဟာသူရှိနေတဲ့ ရွံ့ ဆိုတာကို လုပ်အားနဲ့ ပေါင်းပြီး လောက်စာ လုံးလုပ်လိုက်ရင် တန်ဖိုးရှိသွားရောတဲ့။ ဆရာက ဆက်ပြောသေးတယ်။ ဒါပေမယ့် ကွန်မြူနစ်ဝါဒ ကျဆုံးသွားတာ အရင်းရှင်တွေကို လျှော့တွက်လို့တဲ့။

အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်ဥာဏ်မှီသလောက် စဉ်းစားကြည့်တာတော့ တစ်ခုခုလိုနေသလိုပဲ။ ကျွန်တော့ အနေနဲ့ဆိုရင်တော့ ဒီလိုပြောချင်တယ်ဗျ။

သဘာဝ+လုပ်အား+ပညာ=တန်ဖိုး

ဥပမာဗျာ သူ့ဟာသူရှိနေတဲ့ ရွံ့ကို လောက်စာလုံးလုပ်ရင် လောက်စာလုံးတန်ဖိုးပဲရလိမ့်မယ်။ တကယ်လို့ ပန်းပု ပညာရှင် တစ်ယောက်က နတ်သမီးရုပ်ကလေး လုပ်လိုက်ရင် ဒေါ်လာ ထောင်ပေါင်းများစွာလည်း တန်သွားနိုင်တယ်။ အဲဒါ ပညာပေါင်းလိုက်လို့ပဲ။ အခုခေတ်ကြီးက ပညာခေတ်ကြီးလို့လည်း ဆိုကြတယ်ဗျ။ ဒါကြောင့် လုပ်အားတစ်ခုထဲနဲ့ မရတော့ဘူး။ ပညာဆိုတာ ပေါင်းမှကို ရမယ်ဗျ။

အဲဒီတော့ တန်ဖိုးဆိုတာကို အလုပ်သမားကရသင့်တယ်ဆိုရင် ပညာနဲ့ လုပ်တဲ့ အလုပ်သမားက ပိုရသင့်တာပေါ့။ How ကိုသိတဲ့ သူကက အလုပ်သမား။ Why ကိုသိတာ ပညာအလုပ်သမားဗျ။ စကားပုံ တစ်ခုတောင်ရှိသေးတယ်။

ွှThe man who knows 'How' will get a job. The man who knows 'Why' will be his boss. တဲ့ဗျ။

နေရာတိုင်းမှာအဲလိုပဲ။ ဘယ်လိုလုပ်ရတယ်ဆိုတာလည်း အရေးကြီးတယ်။ ဘာကြောင့် အဲလိုလုပ်ရတယ် ဆိုတာ သိတဲ့သူက ပိုအရေးကြီးတယ်ဗျ။

အဲဒီတော့ဗျာ ကျွန်တော်တို့တွေ အနေတဲ့လည်း How အဆင့်မှာ ရပ်မနေပဲ Why အဆင့်ကို တက်မှ ဖြစ်မယ်ဗျို့။ အခုဆိုရင် နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ကျွန်တော်တို့ ရွှေတော်တော်များများက How တွေပဲလုပ် နေကြတာ။ ကျွန်တော်တို့ ကိုကျွန်တော်တို့ Why အဆင့်ကို တက်နိုင်အောင် ကြိုးစားမှ ဖြစ်မယ်ဗျို့။ မဟုတ်ရင်တော့ သူများ လက်အောက်မှာပဲ ခိုင်းတာလုပ်နေရမှာ။ ကျွန်တော်တို့နိုင်ငံလည်း ကမ္ဘာ့ အဆင့်မှီဖို့ ဝေးနေဦးမှာပဲဗျာ။

June 2011
မိုးတိမ်ညို

Tuesday, May 3, 2011

ဘေးလူ အမြင်နှင့်ကြည့်ပါ

"ဟာဒီကောင် ကန်တင်ပေးလိုက်တာ မဟုတ်ဘူး"
"ဆွဲပြေးလေကွာ ဆွဲပြေး ဟာကွာ ဘယ်တောင်ပံကို ဆွဲပြေးရမှာ ငတုံးပဲ"

အထက်ပါ အားမလိုအားမရ အသံတွေက ကျွန်တော် ဘောလုံးပွဲ ကြည့်ဖြစ်တိုင်း ကြားနေကြ အသံတွေပါ။ ဟုတ်ပါတယ်။ ဘောလုံးပွဲကြည့်ရင် ပရိတ်သတ်အနေနဲ့ မိမိမြင်သမျှ အားမလိုအားမရ ဖြစ်တဲ့ အခါတိုင်း ထုတ်ဖော် ပြောလေ့ရှိကြပါတယ်။

တစ်ချို့ အခြေအနေတွေမျာ ပရိတ်သတ်ဆိုတာ ကွင်းထဲမှာ ကစားတဲ့ သူထက်ပို မြင်ကောင်းမြင်နိုင်ပါလိမ့်မယ်။ သူတို့ကို ဒါလောက်တောင် သိနေရင်လည်း မင်းဝင်ကစားကွာဆိုပြီး ကစားခိုင်းလိုက်ရင်တော့ ကိုသာဆိုး ဖြစ်နေပါလိမ့်မယ်ဗျာ။

ဒါပေမယ့် တစ်ချို့ အခြေအနေတွေကို ပရိတ်သတ် အမြင့်နဲ့ ကြည့်ရင် တစ်ကယ်ကစားနေသူတွေ မမြင်တဲ့ ရှု့ဒေါင့် မျိုးက မြင်တတ်တယ်ဗျ။ အဲလိုပဲ ပြသနာတစ်ခုကို ဘေးလူအနေနဲ့ သုံးသပ်ရင် ဆုံးဖြတ်ရတာ ပိုလွယ်တာပေါ့ဗျာ။ ခံစားချက်မှ မပါတာကို။ အဲဒီတော့ ကောင်းရင်ကောင်းတယ်၊ မကောင်းရင် မကောင်းဘူးလို့ လွယ်လွယ်ကူကူဆုံးဖြတ်နိုင်တာပေါ့ဗျာ။ ခံစားချက်မပါရင် ဘက်မလိုက်ပဲ ဆုံးဖြတ်ရတာပိုလွယ်တယ်ဗျ။

တစ်ခါတစ်လေ ကျွန်တော့်ကို ကျွန်တော့်သူငယ်ချင်း တစ်ယောက်ယောက်က သူတစ်ခုခု အဆင်မပြေတာကို ရင်ဖွင့်ပြရင် မင်းဒါကတော့ ဒီလိုကွ၊ ဒါလေးကတော့ ဒီလိုတွေးလိုက် ဟိုဟာလေးကတော့ ဟိုလိုတွေးလိုက် အစရှိသဖြင့် ဆရာလုပ်လို့ ကောင်းလိုက်တာဗျာ။ ကောင်းမှာပေါ့ဗျာ။ ကျွန်တော်က ဘေးလူ အမြင်နဲ့ ပြောတာကိုး။ ခံစားချက်မပါတော့ မျှမျှတတ သုံးသပ်နိုင်တာပေါ့ဗျာ။

အဲသူပြောတဲ့ အခြေအနေမျိုးကိုယ်တိုင်ကြုံလာတဲ့ အခါတော့ အဲလောက်မလွယ်မှန်းသိလာတယ်။ ကိုယ်ပရိတ်သတ် တုန်းကလို မျှမျှတတ မတွေးနိုင်ဘူးလေ။ ခံစားချက်ပါတာကိုး။ အဲဒါကြောင့် တရားသူကြီး တွေဘာတွေဆိုတာလည်း တစ်စိမ်းကိုသာမျှမျှတတ စီရင်ချက်ချနိုင်မှာ။ ကိုယ့်ဆွေမျိုးသားချင်း ဆိုရင်တော့ ရာနုန်းပြည့် မှန်ကန်ဖို့ဆိုတာ တော်တော်ခဲယဉ်းပါလိမ့်မယ်။

လူတော်တော်များများက တကယ့်တော့ အမှန်အမှား၊ အကောင်းအဆိုးဆိုတာကို အတိုင်းအတာ တစ်ခုအထိ ခွဲခြားနိုင်တယ်ဗျ။ ဒါပေမယ့် အတ္တဆိုတာပါလာတော့ ဆုံးဖြတ်ချက်တွေ လုပ်ဆောင်ချက်တွေက ရာနုန်းပြည့် မမှန်နိုင်တော့ဘူးပေါ့ဗျာ။ လာဘ်စားတာ မကောင်းဘူးဆိုတာ သိတဲ့ ၀န်ထမ်း တစ်ယောက်ကလည်း အိမ်ကကလေး ထမင်းဆာလို့ငိုနေရင်တော့ သူလာဘ်စားဖြစ်သွားမှာပဲ။ ကိုယ်တိုင်တော့သိတယ်။ လိုက်နာဖို့ ခဲယဉ်းတယ်လေ။ အဲဒါကြောင့် ပညာရှင်တွေ ဆွေးနွေးတာ ကြားဖူးတယ်။ လူနဲ့ စနစ်ဘယ်ဟာကို ပြင်ရင်ရမလဲ။ ဘယ်ဟာက ပိုအရေးကြီးသလဲတဲ့။ ကျွန်တော်အမြင်ကတော့ နှစ်ခုလုံး ပြိုင်တူလုပ်ရမှပဲလို့ထယ်တယ်ဗျ။

ဥပမာ အနေနဲ့ ပြောရရင် စင်ကာပူလိုနိုင်ငံမျိုးမှာ ဆေးရုံက သူနာပြုဆရာမ တော်တော်များများက သဘောကောင်းကြတယ်။ ဖော်ရွေတယ် ကူညီတယ်။ သူတို့ဆီကလူတွေများ ကောင်းလိုက်တာ လို့ ပြောကြလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ဆေးရုံသွားရင် တော်တော်များများ အပေါက်ဆိုးတဲ့ သူနာပြု ဆရာမတွေရဲ့ အဟောက်ခံရပါလိမ့်မယ်။ အဲဒါဘာလို့လည်း။ တစ်ခုစဉ်းစားကြည့်ဗျာ။ စင်ကာပူက သူနာပြုဆရာမ တွေကို မြန်မာနိုင်ငံက သူနာပြုဆရာမတွေနဲ့ ဘ၀ခြင်းလဲပြီး နေခိုင်းကြည့်။ အရမ်းသဘောကောင်းနိုင်ဦးမလား။ ဖော်ရွေနိုင်ဦးမလား။ ကူညီနိုင်ဦးမလား။ ကျွန်တော်သံသယ ဖြစ်မိတယ်ဗျ။ အဲလိုပဲ။ မြန်မာနိုင်ငံက သူနာပြုဆရာမတွေကိုလည်း စင်ကာပူကလို အခြေအနေမျိုးပေးကြည့်။ သဘောကောင်းဖော်ရွေကူညီတတ်တဲ့ သူနာပြုတွေဖြစ်လာလိမ့်မယ်လို့ ထင်တယ်ဗျာ။ ဒါကျွန်တော်က ဘေးလူ အမြင်နဲ့ ကြည့်ကြည့်တာ။ ကျွန်တော်လည်း အဲဒီနေရာရောက်ရင် အဲလိုပဲနေမှာ။ ခံစားမှု့ပါတာကိုးဗျ။

အဲလို ပတ်ဝန်ကျင်အခြေအနေတွေ၊ ခံစားမှု့တွေကို ကျော်ပြီး မှန်မှန်ကန်ကန်ဆုံး ဖြတ်နိုင်ဖို့ဆိုတာ ကိုယ့်စိတ်က အဆင့်အတန်းတစ်ခုမှာ ရှိနေဖို့လိုတယ်။ ကျွန်တော်တို့လို တော်ရုံတန်ရုံသာမာန်လူတွေအနေနဲ့ သိပ်မလွယ်သေးဘူးဗျ။ ခက်နေတာတဲ့ ကောင်းတယ်ဆိုတဲ့ ကိစ္စတော်တော်များများကို ကောင်းမှန်းသိရဲ့နဲ့ လိုက်မလုပ်နိုင်သေးဘူးဗျ။

နိုင်ငံရေးသမားတစ်ချို့လည်း တွေ့ဖူးပါရဲ့။ အစိုးရကို မုန်းနေတော့ အစိုးရလုပ်သမျှ ဘာမဆိုဆန့်ကျင်နေတဲ့ သူတစ်ချို့ ရှိတယ်ဗျ။ ကောင်းကောင်းဆိုးဆိုးဆန့်ကျင်တယ်။ အစကတော့ ကျွန်တော်လည်း မတွေးမိဘူး။ ဒီလူတွေ ဘာလို့များအဲလိုဖြစ်နေသလဲလို့။ ဒါေူပမယ့် နောက်ပိုင်းမှ တွေးကြည့်မိတယ်။ သြော်သူတို့လည်း ဒုက္ခတွေအများကြီးခံခဲ့ရ၊ ဆုံးရှုံးမှု့တွေ အများကြီး ကြုံခဲ့ရ၊ နာကျင်ခဲ့ရ နာကျဉ်းခဲ့ရတာတွေ များလို့နေမှာပဲလို့။ ကိုယ်က အဲလိုမှ မခံစားခဲ့ရတာကိုး။ ကိုယ်ကဘေးလူဆိုတော့ ဘေးကကြည့်တဲ့ အမြင်နဲ့ပဲတွေးတာကိုး။ ဒါပေမယ့် ခက်တာတစ်ခုက နိုင်ငံလေးလုပ်ရင် ကျွန်တော့်အမြင်ကတော့ ကိုယ့်ရဲ့ ပုဂလိကခံစားချက်ကို အနည်းနဲ့ အများတော့ ဘေးချိတ်ထားနိုင်ရမယ်လို့တော့ ယူဆတယ်ဗျ။ နိုင်ငံရေးသမားဆိုတာ နိုင်ငံတစ်ခု လုံးအတွက် လုပ်နေတာဆိုတော့ သာမာန်လူထက် အနည်းနဲ့ အများတော့ သာနေရမယ်လေ။

အဲဒီကိစ္စတွေက ပြောရရင် နည်းနည်းတော့ ခက်တယ်ဗျ။ ဘယ်လိုခက်တာလဲဆိုတော့ သူများခံစားသလို လိုက်ခံစားဖို့ မလွယ်လို့ပဲ။ ဥပမာဗျာ လူတစ်ယောက် ဓါးနဲ့ ခုတ်ရင် တော်တော်နာမှာပဲ ဆိုတာ လူတိုင်းကိုယ်ချင်းစာနိုင်တယ်။ လှံနဲ့ ထိုးရင်နာမှာပဲ ဆိုတာ လူတိုင်း ကိုယ်ချင်း စာနိုင်တယ်။ ခက်တာက အသေးအဖွဲကိစ္စလေးတွေမှာ ကိုယ်ချင်းစာဖို့ ခက်တာဗျ။ အဲဒီ အသေးအဖွဲလေးတွေက သိဖို့၊ သတိထားမိဖို့၊ ကိုယ်ချင်းစာဖို့ တော်တော် ခဲယဉ်းတယ်။

ကဲ ကျွန်တော်လည်း ဟိုကြော်ငြာထဲကလိုပဲ။ "ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား၊ ငါလည်း မလုပ်တတ်ဘူး" ဆိုတာလိုဖြစ်နေပြီ။ သူများပြောရတယ်လွယ်ပေမယ့် ကိုယ်ကိုယ်တိုင်လိုက်နာဖို့တော့ ခက်နေသေးတယ်ဗျို့။

8 May 2011
မိုးတိမ်ညို

Sunday, April 17, 2011

မျက်နှာကြီးရာ ဟင်းဖတ်ပါ

"ဟေးမိုက်ကယ် ဘယ်သွားမလို့လဲ"
"ဟာ နယ်လဆင်ပါလား ငါအခု အလက်ဇန်းဒါးဆီက ပြန်လာတာကွ"

အထက်ပါ ဒိုင်ယာလော့သည် နိုင်ငံခြားဘာသာပြန်ဝတ္ထုတစ်ပုဒ်ထဲမှ သို့မဟုတ် နိုင်ငံခြားဇာတ်ကား တစ်ခု၏ မြန်မာ စာတန်းထိုးမှ ဟု ထင်လျှင် မိတ်ဆွေ အတော်မှားသွားပါမည်။ အမှန်ကား အထက်ပါ ဒိုင်ယာလော့ သည် စင်ကာပူ ရောက် မြန်မာနိုင်ငံသား သူငယ်ချင်း နှစ်ယောက် နှုတ်ဆက်နေခြင်း ဖြစ်ပါသည်တကား။

ဟုတ်ပါသည်။ ကျွန်တော့် သူငယ်ချင်း တစ်ချို့ စလုံးရောက်မှ အင်္ဂလိပ်နာမည် ပြောင်းသွားပါသည်။ အဲ အင်္ဂလိပ်နာမည် ပြောင်းသွားသည် ဟုတော့ ပြော၍ မရပါ။ မြန်မာနာမည်နှင့် အင်္ဂလိပ်နာမည် ပူးပေါင်းထားသော ကပြား နာမည် သို့ ပြောင်းသွားသည်ဟုဆိုလျှင် ပိုမှန်ပါလိမ့်မည်။

မိုက်တယ်တုတ်ကြီး၊ အလက်ဇန်းဒါး ဖိုးခွေး၊ နီကိုလပ် သာဒင် စသဖြင့် စသဖြင့်။

အဘယ့်ကြောင့် ထိုသို့ နာမည်များ ပြောင်းလဲသွားရခြင်းကို မေးမြန်းကြည့်သော် အချို့ကလည်း လုပ်ငန်းခွင်တွင် အဆင်ပြေစေရန် အတွက်သော်လည်းကောင်း အချို့ကလည်း ခေတ်မှီလို၍ သော်လည်းကောင်း ပြောင်းလဲသည်ဟု သိရပါသည်။ (ထိုသို့ နာမည်ပြောင်းလဲလိုက်ပါက ခေတ်မှီသည် ဟု တစ်စုံတစ်ယောက်က ဆိုထားဟန်ရှိပါသည်။) စင်ကာပူနိုင်ငံသား တော်တော်များများလည်း အင်္ဂလိပ်နာမည်နှင့် တရုတ်နာမည် တွဲမှည့်ထားသော ကပြားနာမည်များ ရှိကြပါသည်။ ကျွန်တော်တို့ ရွှေမြန်မာတွေလည်း သူတို့ကို အားကျလို့ထင်ပါရဲ့။ နာမည်တွေ လိုက်ပြောင်းကြလေသည်။

ကျွန်တော်သိသလောက်ဆိုရဖြင့် များသောအားဖြင့်တော့ နိုင်ငံခြားနာမည် မှည့်ထားသူတွေကို ထိုနာမည် မည်သူမှ မခေါ်ကြပါ။ ရှိရင်းစွဲနာမည်သာ ခေါ်ကြပါသည်။ တကယ်၍ထိုနိုင်ငံခြားနာမည်ဖြင့် ပိုအဆင်ပြေသည်ဆို ရင်တော့ ပိုကောင်းပါသည်။ စင်ကာပူက တရုတ်တော်တော်များများအတွက်တော့ အဲလိုနာမည်တွေက တော်တော်အသုံးဝင်ပုံရတယ်ဗျ။ အဲဒီနာမည်တွေပဲ သူတို့ တကယ်သုံးကြတာလေ။ တစ်ချို့နေရာတွေမှာတော့ ယဉ်ကျေးမှု့ဆိုတာထက် လက်တွေ အဆင်ပြေမှု့ကို ဦးစားပေးရင် ပိုကောင်းပါသည်။

ကျွန်တော်တို့ မြန်မာတွေ ပုဆိုးဝတ်တဲ့ ဥပမာကိုပဲ ကြည့်ပါ။ တကယ်တော့ ကာယလုပ်သားတွေအတွက် ပုဆိုးဝတ်တာ ဘယ်လိုမှ အဆင်မပြေပါ။ တကယ်ဆိုရင် ကာယလုပ်သားတွေအားလုံး ပုဆိုးမ၀တ်ကြဖို့ safety ရှု့ထောင့်ကကြည့်ပြီး အမိန့်ထုတ်သင့်သည်။ ဒါကြောင့် တစ်ချို့နေရာတွေမှာ ယဉ်ကျေးမှု့ကယဉ်ကျေးမှု့ လက်တွေ့အဆင်ပြေမှု့က အဆင်ပြေမှု့ပါပဲ။

အမှန်တော့ ကျွန်တော်တို့တွေက ထိပ်ဆုံးရောက်နေတဲ့သူတွေ လုပ်တာကို လိုက်လုပ်ကြတာများသည်။ ဥပမာ ဂျပန်တွေ ငါးအစိမ်းတွေစားတော့ raw food ဆိုပြီး ဈေးကြီးပေးပြီး စင်ကာပူကလူေ စားလိုက်ကြတာ စားလိုက်ကြတာ။ ကျွန်တော်တို့ မြန်မာတွေများစားရင် အစိမ်းစား လူရိုင်းတွေဆိုပြီး နှာခေါင်းရှုံ့ကြမယ် ထင်ပါရဲ့။


အခုခေတ်မှာ ကွမ်းစားတာ ဘယ်လိုမှ အဆင်မပြေတော့ဘူး မကောင်းတော့ဘူးဆိုတာ လက်ခံပါတယ်။ သန့်ရှင်းရေးရှု့ဒေါင့်ကရော၊ ကျန်းမာရေးရှု့ဒေါင့်ကပါမကောင်းပါဘူး။ တခြားနိုင်ငံသားတွေ အထင်သေးပါတယ်။ တော်တော်ညစ်ပတ်တယ်လို့ နှာခေါင်းရှုံ့ကြပါတယ်။ ဒါပေမယ့် ဘရက်ပစ်တို့၊ အိုဘားမားတို့၊ ဒေးဗစ်ဘက်ခမ်းတို့များ နှုတ်ခမ်းလေးရဲနေအောင် ကွမ်းစားထားရင် လူတွေဘယ်လို တုန့်ပြန်မလဲဆိုတာ သိချင်စမ်းပါဘိဗျာ။


ကျွန်တော်ပြောနေတာ မကောင်းတဲ့ဟာတွေကို အကောင်းလုပ်ပြောနေတာမဟုတ်ပါဘူးဗျာ။ လူတွေရဲ့ မျက်နှာကြီးရာ ဟင်းဖတ်ပါ စရိုက်ကိုပြောနေတာ။ မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုတဲ့ စကားပုံကလည်း တော်တော် လေးထိရောက်တယ်ဗျာ။ ထမင်းဝိုင်းစားကြပြီဆိုရင် အခြေမြင့် အနေမြင့် ဖြစ်နေတဲ့ လူဆီကို ကြည့်ပဲ ဟင်းတွေထည့်ပေးပြီး မျက်နှာမွဲဆီကိုတော့ ဘာမှမရောက်ဘူးဆိုတဲ့ သဘောဗျာ။ အင်းဒါကတကယ်တော့ လူ့ သဘာဝပဲလေ။ အနည်းနဲ့ အများတော့ ကျွန်တော်လည်း မကင်းနိုင်ပါဘူး။ မျက်နှာကြီးတဲ့ လူဘက်ကို လိုက်မိတာပါပဲ။ ခက်တာက လူတွေက ကိုယ့်အလှည့်သာ မကြိုက်တာ သူများကြရင် တော့ ကိုယ့်မကြိုက်တဲ့ ရင် မကြိုက်သလို လုပ်မိကြတာကြည့်ပဲ။

အခုဟာ ကျွန်တော်တို့နိုင်ငံက အောက်ဆုံးရောက်နေတော့ဗျာ ဘာလုပ်လုပ် ဘာကိုင်ကိုင် နိုင်ငံခြားသားတွေအမြင်မှာ သိပ်ပြီး Impress မဖြစ်သလိုပဲဗျာ။ ကျွန်တော်တို့တွေညံ့တာလည်း ပါပါတယ်။ ဥပမာဗျာ ကျွန်တော်တို့ဆီမှာ ငံပြာရည်ဆိုရင် နိုင်ငံခြားသားတွေ စားဖို့ မပြောနဲ့ နံလွန်းလို့တဲ့။ အခုတော့ ထိုင်းက ငံပြာရည် သန့်သန့်ကို ပတ်ကင်း ကောင်းကောင်းနဲ့ ထုတ်ပြီး ရောင်းနေတာများ စလုံးက အစားအသောက်ရောင်းတဲ့ ဆိုင်တိုင်းလိုလိုမှာ ၀ယ်လို့ရတယ်။ ကျွန်တော်တို့ တစ်တွေ ဘာလို့အဲလို မလုပ်နိုင်တာလဲဆိုပြီး အားမလို အားမရဖြစ်မိပါရဲ့။

ကမ္ဘာပေါ်မှာ လူမျိုးရေးခွဲခြားမှု့တွေကနေရာအနှံ့မှာ တော်တော်လေးရှိနေပါသေးတယ်။ ယေဘူယျအားဖြင့် တော့ အဖြူလို့ခေါ်ကြတဲ့ ယူရိုပီယန်တွေကတော့ ဦးစားပေး နံပါတ်တစ်အဆင့်ပဲဗျ။ တစ်ဖက်က စဉ်းစားကြည့်ရင်လည်း သူတို့က ထိပ်ရောက်မှာပေါ့။ ဦးနှောက်အကောင်းဆုံးကိုးလို့။ အခုကျွန်တော်တို့တွေ အသုံးပြုနေရတဲ့ သိပ္ပံပညာ အကုန်လုံးနီးပါးလောက်က သူတို့ဆီကလာတာလို့ ပြောလို့ရတယ်ဗျ။ အဲလိုအခြေအနေတွေကရှိနေတော့ ကျွန်တော်တို့တွေက အလိုလိုနောက်ရောက်သွားတာပေါ့ဗျာ။

ကျွန်တော် နောက်ဆုံးစဉ်းစားမိတာကတော့ဗျာ အကယ်၍သာ ကျွန်တော်တို့ နိုင်ငံသာ ထိပ်ဆုံးရောက်နေသော နိုင်ငံတစ်ခုဆိုရင် နိုင်ငံခြားသားတွေ လည်းကျွန်တော်တို့ မြန်မာနာမည်တွေယူမှည့်နိုင်တယ်ဗျ။ ဥပမာ သောင်းရင်အိုဘားမား၊ ထွန်းတင်ဘုရှ်၊ ဘတုတ် ဘက်ခမ်း စသဖြင့် မဖြစ်နိုင်ဘူးလားဗျာ။

April၊ 2011။
မိုးတိမ်ညို

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP