Thursday, July 21, 2011

လူတွေကခက်တယ် (၃)

ဒီအကြောင်းကို မရေးခင်မှာ နည်းနည်းတော့ စကားပလ္လင်ခံပါရစေ။ မဟုတ်ရင် ကျွန်တော့်ကို ဓမ္မန္တာရယ် လို့ပြော ကြဦးမယ်။ ငါးပါးသီလ အကြောင်းပါတယ်ဆိုပေမယ့် ငါးပါးသီလကို ဝေဖန်တာ မဟုတ်ဘူးနော်။ လူတွေကို ဝေဖန်တာ။ လူတွေထဲမှာမှ ကျွန်တော်တွေ့ဖူးတဲ့ လူတွေကိုပဲ ဝေဖန်တာ။ ၀ါးလုံးရှည်နဲ့ သိမ်းရမ်းတာ မဟုတ်ပါဘူး။

ကျွန်တော်တို့ ဗုဒဘာသာဘာသာဝင်တွေအတွက် အရေးအကြီးဆုံး အဆုံးအမတွေထဲမှာ ငါးပါးသီလက ထိပ်ဆုံးပါပဲ။ ကျွန်တော်တို့ တော်တော်များများ ငါးပါးသီလကို နေ့စဉ်မဟုတ်တောင် မကြာခဏ ခံယူကြပါတယ်။ ဒါပေမယ့် ခက်တာက လူ့အသိုင်းအ၀ိုင်းမှာ ငါးပါးသီလလုံရုံနဲ့ မပြည့်စုံဘူးဆိုတာ သတိထားမိတဲ့ အချိန်ကစတာပါပဲ။ ဟုတ်ပါတယ်။ ငါးပါးသီလပဲဆိုရင် သိပ်မလုံလောက်သေးပါဘူး။

ကျွန်တော်တို့လူတွေအတွက် နေ့စဉ်လိုအပ်နေတာတွေက ဒီထက် အများကြီးပိုပါတယ်။ ငါးပါးသီလထဲမှာ အလိုက်သိတတ်တာ၊ သူများအတင်းမပြောတာ၊ သူများကို စိတ်ညစ်အောင်မလုပ်တာ၊ ကိုယ်ချင်းမစာတတ်တာ၊ မနာလိုတာတွေ၊ မာနမထောင်လွှားတာ၊ ပစ္စည်းဂုဏ် မမောက်မာတာ အစရှိတဲ့ ဟာတွေ မပါလို့ပါ။

ငါးပါးသီလဆိုတာ တကယ့်ကို အခြေခံလိုအပ်ချက်တစ်ခုပဲ။ ကားတစ်စီးလိုပေါ့ဗျာ။ ကားတစ်စီးရဲ့ အဓိက Structure က ဖရိန်ရယ် အင်ဂျင်ရယ် ဘီးတို့ဘာတို့ စတဲ့ ရွေ့လျှားအောင် ပြုလုပ်တဲ့ အရာတွေပါ။ ကျန်တဲ့ မီးလုံးတို့၊ ဟွန်းတို့၊ ဆိုဖာတို့၊ အဲယားကွန်းတို့၊ ၀ိုက်ပါတို့ဆိုတာ ပြည့်စုံအောင် ဖြည့်ဆည်းပေးတဲ့ အရာတွေ။ Major need နဲ့ Minor Need လို့ပြောလို့ရတာပေါ့ဗျာ။ နှစ်မျိုးစလုံးကတော့ အရေးကြီးတာပဲ။ အင်ဂျင်ကလည်းကောင်းဖို့လိုတယ်။ အင်ဂျင်တို့ ဖရိန်တို့ ဘီးတို့ စတဲ့ အဓိကဟာ တွေမကောင်းရင် အဲဒီကားက သုံးမရတော့ဘူး။ အဲဒါတွေကဘယ်လောက်ကောင်းကောင်း ကျန်တဲ့ ပြည့်စုံအောင် ဖြည့်ပေးတဲ့ ဟာတွေမပါပဲ ကားဆိုတာရွှေ့ရင်ပြီးရောဆိုရင်တော့ မာစီးဒီးနဲ့ ထော်လာဂျီနှေးတာမြန်တာကလွဲလို့ ဘာကွာတော့မှာလဲ။ အဲလိုပဲဗျ။ ငါးပါးသီလ ဆိုတာကလည်း အခြေခံလိုအပ်ချက်ပဲရှိသေးတာ။ အဲဒါလုံတာနဲ့ လူ့အသိုင်းအ၀ိုင်းမှာ ပြီးပြည့်စုံပြီလို့ ပြောလို့ မရသေးဘူး။

လူတွေကခက်တယ်ဗျ။

ငါးပါးသီလတော့ လုံပါတယ်၊ သူများအတင်းပြောနေတယ်၊ မနာလိုနေတယ်၊ အလိုက်မသိတတ်ဘူး ဆိုရင် သိပ်အဆင်မပြေသေးဘူးဗျ။ ဒါကိုမသိတဲ့ လူတွေက ငါးပါးသီလယူပြီးရင်ကိုပဲ သူတော်စင်ကြီးလို ကိုယ့်ကိုကိုယ် ထင်ကြတာဗျ။ ပြောကြသေးတယ်။ ငါးပါးသီလကို ခါးဝတ်ပုဆိုးလိုမြဲတာတဲ့။ ဒါနဲ့ စကားမစပ်ပြောလိုက်ဦးမယ်။ ခါးဝတ်ပုဆိုးလိုမြဲတာဆိုတဲ့ ဥပမာက တော်တော်ရယ်ရတယ်ဗျ။ ဘယ့်နှယ့်ဗျာ ခါးဝတ်ပုဆိုးဆိုတာ မြဲမှမမြဲတာကိုး။ မယုံရင် ပုဆိုးဝတ်ပြီး ပြေးကြည့်ပါလား။ လှေခါးတတ်ကြည့်ပါလား။ ပြောမယ့်ပြောတော့
"ငါးပါးသီလကို Levis ခါးပါးပတ်ထားတဲ့ ဂျင်းဘောင်းဘီလိုမြဲတာ" ဆို ပိုများကောင်းမလား။

မိတ်ဆွေကိုမေးကြည့်ချင်ပါတယ်။ မုဆိုးတစ်ယောက်က ငါးပါးသီလသမားထက် လူ့အသိုင်းအ၀ိုင်းအပေါ် ပိုကောင်းနေတဲ့ အခြေအနေမျိုးတွေ ကြုံဖူးပါသလား။ အရက်သမားတစ်ယောက်က ပုတီးကိုင်ပြီး ယောဂီဝတ်စုံ ၀တ်ထားတဲ့သူထက် လူတွေအပေါ်ပိုနားလည်ပေးနိုင်တာ တွေ့ဖူးပါသလား။

ကျွန်တော့်အမြင်ကတော့ ငါးပါးသီလအပြင် မဂ္ဂင် ရှစ်ပါးကိုပါ ကျင့်သုံးနိုင်မှ ပြည့်စုံနိုင်မယ်လို့ယူဆပါတယ်။

ဒါပေမယ့် ဘယ်လိုပဲပြောပြော ငါးပါးသီလဆိုတဲ့ အခြေခံလိုအပ်ချက်ကို ပြည့်စုံနိုင်ရင်တော့ ပထမအဆင့် အောင်မြင်ပြီပေါ့ဗျာ။ အဲဒီ Major လိုအပ်ချက်တစ်ခုပဲ ပြည့်စုံပြီး နောက်က Minor လိုအပ်ချက်တွေ မလိုက်လာရင်တော့ လူ့အသိုင်းအ၀ိုင်းမှာ တော်တော်ခက်တဲ့ လူတစ်ယောက် ဖြစ်နေဦးမှာ အသေအချာပဲဗျို့။

ဒါနဲ့ဗျာ ကိုမြစ်ကျိုးအင်းရဲ့ ကိုယ့်တရားနဲ့ကိုယ် ဆိုတဲ့ ဟာလေးညွှန်းချင်ပါတယ်။ အဲ ဒါဖတ်ကြည့်ရင် ကျွန်တော် မရှင်းမရှင်းဟိုမရောက်ဒီမရောက်ပြောထားတာထက် ပိုရှင်းသွားပါလိမ့်မယ်ဗျာ။


11, August,2011

မိုးတိမ်ညို

လူတွေကခက်တယ် (၁)
လူတွေကခက်တယ်(၂)

Saturday, July 16, 2011

ဥပက္ခောဝါဒီ

ရဟန်းလေးတစ်ပါး တောထဲမှာသတင်းသုံးနေတုံး ဆူဆူညံညံ အသံတွေကြားလိုက်တယ်တဲ့။ အဲဒီရဟန်းလေးဟာ သမာဓိရှိတဲ့ သူတစ်ယောက်ဖြစ်တဲ့ အတွက် ဘာတွေလဲလို့ သွားမစပ်စုပဲ နဲ့ကိုယ့် အာရုံနဲ့ကို ဘာဝနာပွားနေတယ်ပေါ့။ ဒါပေမယ့် မရပါဘူး။ အဲဒီဆူဆူညံညံအသံတွေက သူနဲ့ နီးနီးလာတယ်။ လူတစ်ယောက်ရဲ့ ကယ်ပါယူပါ အော်နေတဲ့ အသံ။ ဒါနဲ့ ရဟန်းလေး မနေနိုင်ပဲ အသံရှိရာသွားကြည့်မိတယ်။ သူမြင်ရတဲ့ မြင်ကွင်းကတော့ လူဆိုးကြီးတစ်ယောက်က လူသုံးယောက်ကို ဖမ်းခေါ်လာပြီး သတ်တော့ မလို့လုပ် နေတယ်။ အဲဒီလူသုံးယောက်ကိုလည်း သူသိတယ်။ လူဆိုးကြီးကိုလည်း သူသိတယ်။ အသတ်ခံရတော့ လူသုံး ယောက်ကတော့ အဲဒီရဟန်းလေးကိုဆွမ်းလောင်းနေကြ အနီးအနားရွာက လူသုံးယောက်။ လူဆိုးကြီး ဆိုတာလည်း အဲဒီဒေသမှာ အလွန်နာမည်ကြီး ဆိုးသွမ်းနေတဲ့ လူဆိုးကြီး။ အဲဒီလူဆိုးကြီးက ရဟန်းရောဘာရောမသိ။ စိတ်မထင်ရင် အကုန်သတ်တဲ့ လူဆိုးကြီး။ အခုနေ သူက ၀င်တားလိုက်ရင် သူ့ကိုပါသတ်မယ် ဆိုတာသေချာတယ်။ မတားပြန်ရင်လည်း ဟိုသူသုံးယောက် ကိုသတ် တော့မယ်။

အဲလိုဖြစ်နေတုံးမှာ သူရပ်နေတဲ့ နေရာနားမှာ သေနတ်တစ်လက် ထောင်ထားတာတွေ့ရတယ်။ ဒီလိုဆိုရင် လူသုံးယောက်အသက်ကို ကယ်ဖို့ ရဟန်းလေးမိမိရဲ့ သီလကိုချိုးဖောက်ပြီး အဲဒီလူဆိုး ကြီးကို သေနတ်နဲ့ ပစ်သတ်လို့မလား။ ဒါမှမဟုတ် သတ္တ၀ါတစ်ခုကံတစ်ခုပဲလေ ဆိုပြီး လှည့်ထွက်သွားမလား။

အထက်ပါ အကျပ်အတည်းလေးက ရဟန်းစားရသော ဆွမ်းတစ်နပ်ဆိုတဲ့ ဇာတ်လမ်းလေးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ရဟန်းစားရသော ဆွမ်းတစ်နပ်ထဲမှာ ရဟန်းတပါးက သူ့ရဲ့ ဒကာအိမ်မှ ဆွမ်းခံကြွ နေတုံး အဲဒီဒကာကို ဘုရင်ကအပ်ထားတဲ့ ပတ္တမြားကို ကြိုးကြာက မြိုလိုက်တာ ရဟန်းက မြင်လိုက်တယ်။ ဒကာက ပတ္တမြားကို ရဟန်းယူတာလို့ထင်တယ်။ ဒကာအနေနဲ့ကလည်း အဲဒီပတ္တမြားပျောက်သွားရင် ဘုရင်က တစ်မိသားစုလုံးကို သတ်ပြစ်မယ်ပေါ့။ ဒါကြောင့်ရဟန်းကို ပြန်ပေးပါလို့တောင်းတယ်။ ရဟန်းက လည်း အဲဒီပတ္တမြားကို ကြိုးကြာမြိုတာပါလို့ ပြောလိုက်ရင် ကြိုးကြားကို သတ်ပြီးဗိုက်ခွဲယူမှာ ဆိုတာသိတဲ့ အတွက် အသေသာခံမယ် မပြောဘူးပေါ့။ ဒါနဲ့ နောက်ဆုံးတော့ အဲဒီကြိုးကြာမတော်တဆသေသွား တော့မှာ ရဟန်းက ပတ္တမြားကို ကြိုးကြာမြိုသွားတာပါလို့ ဖွင့်ပြောတယ်။ ဒကာလည်း သူမှားပါပြီဆိုပြီး နောင်တတွေရ ငိုကြယိုကြပေါ့။

အဲဒီဇာတ်လမ်းကို မိတ်ဆွေတော့ ဘယ်လိုခံစားရမလဲ မသိဘူး။ ကျွန်တော်ကတော့ စဉ်းစားကြည့်မိတယ်။ တကယ်လို့သာ ကြိုးကြာသာ မတော်တဆ မသေဘူးဆိုရင် ရဟန်းကို လုပ်ကျွေးပြုစုနေတဲ့ ဒကာကြီး တစ်မိသားစုလုံးကို ဘုရင်က သတ်လိမ့်မယ်။ သူကိုယ်တိုင်လည်း ဒကာကြီးလက်ချက်နဲ့ သေပြီး ဗုဒ္ဓဘာသာ အလိုအရဆိုရင် ဒကာကြီးလည်း ငရဲကို ဇော်ထိုးကျသွားလိမ့်မယ်။ သတ်တဲ့ဘုရင်ကြီးလည်း အကုသိုလ်တစ်ခုတိုးမယ်။ သချာင်္နည်းနဲ့ တွက်ကြည့်ရင် လူလေးငါး ယောက်အထင်တွေလွဲကြပြီး သေကြကျေကြ ဒုက္ခရောက်ကြရမှာထက် ကြိုးကြာတစ်ကောင်သေတာ ပိုတန်တယ်လို့ ပြောလို့ရမလား။ ရဟန်းအနေနဲ့ ဥပက္ခာ အဲလောက်ပြုနိုင်သလား။ ပြုသင့်သလား။

သေချာစဉ်းစားကြည့်ရင် ပုထုဇဉ်လူသားဆိုတာနဲ့ ရဟန်းဆိုတာ အပြန်အလှန်မှီခိုနေရတဲ့ သဘောမှာရှိတယ်။ ဘယ်လောက်ပဲ လောကီနဲ့ ဝေးဝေးနေနေ ရဟန်းဆိုတာလည်း လူသားခန္ဓာကို ပိုင်ဆိုင်ထားတဲ့ အတွက်စားရ သောက်ရသေးတာပဲ။ ဆရာဒကာဆိုတဲ့ သဘောက အဲဒါပဲ။ လူကရဟန်းကို စိတ်ဓါတ်ရေးရာအရ မှီခိုနေပြီး ရဟန်းကလူကို ရုပ်ဝတ္ထုပစ္စည်းအရမှီခိုနေရတယ်လေ။ (အနည်းငယ်လှသော တောထွက်ရဟန်းအချို့မှ အပ)။

ဥပမာ ကမ္ဘာကြီးပေါ်မှာ လူတိုင်း ရဟန်းဖြစ်သွားရင် ဘာဖြစ်သွားမလဲ။ လူသားမျိုးနွယ်စုမျိုးတုံးသွားမယ် ဆိုရင် မိတ်ဆွေလက်ခံနိုင်မလား။ ဘယ်သူမှ အမဲမလိုက်တော့ဘူး၊ ဘယ်သူမှ လယ်မထွန်တော့ဘူး၊ ဘယ်သူမှ ရောဂါဘယတွေကို ကုဖို့အတွက် ယုန်တွေ၊မျောက်တွေကို မစမ်းသတ်တော့ဘူး၊ ဘယ်သူမှ လောကီအလုပ် တွေကိုမလုပ်တော့ဘူးဆိုရင် ဘာဖြစ်သွားမလဲ။

ဆရာဒကာဆိုတဲ့ မှီတည်မှု့မရှိရင် ဗုဒ္ဓဘာသာ ထွန်းကားဖို့ တော်တော်ခဲယဉ်းပါလိမ့်မယ်။ ရုပ်ဝတ္ထုပစ္စည်းအတွက် ပူပန်နေရရင် ဗုဒ္ဓရဲ့ ဓမ္မတွေလိုက်နာကျင့်ကြံဖို့ တော်တော်ခက်ပါလိမ့်မယ်။ စိတ်အဓိက ဆိုပေမယ့် ရာနုန်းပြည့်တော့ မဟုတ်ဘူးလေ။ မြတ်စွာဘုရားတောင်မှာ နန်းတော်ထဲမှာနေရင် တရားကျင့်လို့မရလို့ တောထွက်ရသေးတာပဲ။ တကယ်တန်းသာ စိတ်အဓိကဆိုရင် နန်းတော်ထဲမှာ ပဲဘုရား ဖြစ်အောင်ကျင့်ကြံမှာပေါ့။ ကာလ၊ဒေသ တော်တော်အရေးကြီးပါတယ်။လောကီလူသားတွေ ဆင်းရဲနေရင် ရဟန်းတွေလည်း အနည်းနဲ့ အများတော့ ထိခိုက်မှာပဲ။ ဥပမာ စစ်ဖြစ်နေတဲ့ ဒေသမှာ တရားကျင့်လို့ ဖြစ်နိုင်ပါ့မလား။ ငတ်မွတ်ခေါင်းပါးနေတဲ့ ဒေသမှာ တရားကျင့်ကြံလို့ လွယ်ကူပါ့ မလား။ မဖြစ်နိုင်ဘူးလို့ ပြောလို့မရပေမယ့် သိပ်မလွယ်ကူပါဘူး။ သာမာန်လူတွေ အတွက်တော့ မဖြစ်နိုင်ဘူး လို့ပြောလို့ရပါတယ်။

အင်္ဂလိပ်စကားပုံ တစ်ခုဖတ်ဖူးတယ်ဗျ။


"You can avoid the reality, but you cannot avoid the consequences of avoiding reality "

အမှန်တရားကို ဥပက္ခာပြုလို့ရတယ်။ ဒါပေမယ့် အဲဒီလို ဥပက္ခာပြုလို့ ဖြစ်လာတဲ့ အကျိုးဆက်ကို တော့ရှောင်လွှဲလို့ မရပါဘူး။

16 July 2011
မိုးတိမ်ညို

Monday, July 4, 2011

ရင်းနှီးသည့်သဘော ရိုင်းသည့်သဘော

"ရင်းနှီးသည့်သဘော ရိုင်းသည့်သဘော" ဆိုတဲ့ စာကြောင်းလေးကို ငယ်ငယ်က မြန်မာသဒ္ဒါမှာ သင်ခဲ့တာ မှတ်မိနေသေးတယ်။ "ငါ" ဆိုတဲ့ စကားလုံးကို အဓိပ္ပယ်ဖွင့်ပြထားတာ။ "ငါ" ဆိုတဲ့ စကားလုံးက ရင်းနှီးတဲ့ အခါမှာလည်း သုံးတယ်။ ရိုင်းတဲ့ အခါမှာလည်း သုံးတယ် ဆိုတဲ့ သဘောဗျ။ မြန်မာသဒ္ဒါပြန်သင်နေတာ မဟုတ်ဘူးနော် မိတ်ဆွေ။ အဲဒီ ရင်းနှီးသည့် သဘောရိုင်းသည့် သဘောဆိုတဲ့ ဟာလေး ကိုကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများအပြားတွေ့ရလို့ဗျ။


ဟုတ်ပါတယ်။ ကျွန်တော်တို့ အချင်းချင်း ရင်းနှီးတဲ့ သူငယ်ချင်းတွေကြားမှာ ငါ လို့သုံးကြတယ်။ အဲ ဆရာသမား လူကြီးသူမနဲ့ ဆိုရင် ငါဆိုတဲ့ စကားလုံးက ရိုင်းတယ်ပေါ့ဗျာ။ အချင်းချင်းတွေ့တဲ့အခါ "ဟာခွေးကောင်ကြီး" နုတ်ဆက် တာ အရမ်းခင်တဲ့ သူငယ်ချင်း အတွက် ဆိုရင်တော့ ရိုင်းတယ်လို့ ပြောမရဘူးဗျာ။ တစ်ချို့ကြတော့ လည်း စိတ်ထဲပါလို့တော့ မဟုတ်ဘူး စကားပြောရင် အဆဲလေးနဲ့ မှပြောတတ်တယ်ဆိုတဲ့ လူမျိုးလည်း ရှိသေးတယ်။ ကြားဖူးတဲ့ ပုံပြင်လေး တစ်ခုကတော့ ဒီလိုဗျ။


တစ်ခါကစပါးဝယ်တဲ့ သူတစ်ယောက်က ပွဲရုံတစ်ရုံမှာ စပါးလာဝယ်တယ်။ သူစပါးဝယ်ပြီး သူဝယ်တဲ့ စပါးတွေကို ကုန်ကားပေါ်တင် နေတဲ့ အချိန်မှာ အဲဒီပွဲရုံက အလုပ်သမားတွေက တအားဆဲကြသတဲ့။ အဆဲလေး မပါရင် ကိုအလုပ်မလုပ်တတ်သလို ဖြစ်နေတာ။ အဲဒါနဲ့ ကြာတော့ အဲဒီသူလည်း သည်းမခံနိုင်တော့ ပဲပွဲရုံပိုင်ရှင်ကို သွားတိုင်တော့သတဲ့။ "ပွဲစားကြီး ကြည့်ပြောဦး ပွဲစားကြီး အလုပ်သမားတွေ ကတအား ဆဲတာပဲဗျာ" အဲဒီတော့ ပွဲရုံပိုင်ရှင်ပြန်ပြောလိုက်တဲ့ စကားကြားတော့ အဲဒီဝယ်လက်လည်း ပက်လက်ကို လန်ရောတဲ့။ "ဒီ အေ-ိုးတွေက ဒီလိုပဲ ကျုပ်လည်း ပြောမရဘူး" တဲ့ဗျာ။


အဲလိုပဲ တစ်ချို့လူတွေက စကားပြောရင်း အဆဲလေးပါမှ ပြောတတ်တယ်ဗျ။ တစ်ဖက်က ကြည့်ရင် ရိုင်းတယ်လို့ ပြောလို့ ရသလို ရင်းနှီး တဲ့သဘောလည်းဆောင်တယ်ဗျ။ စိတ်ဆိုးရမှလည်း ခက် သဘောကျလို့လည်း မဖြစ်ပြန်ပေါ့ဗျာ။ ကျွန်တော့် သဘောကတော့ ဆဲတာကိုလည်း မကြိုက်ပါဘူးဗျာ။ ဒါပေမယ့်ဗျာ တစ်ခါတစ်လေ အပေါ်ယံ စကားအလှလေး တွေကြည့်ပဲ ပြောနေတဲ့ သူနဲ့ တွေ့ရင်လည်း နေရထိုင်ရတာ တော်တော်ကြပ်တယ်ဗျာ။ ကြာကြာထိုင်စကားပြောရရင် ချွေးစေးတွေတောင် ပြန်လာသလိုပဲ။ ခံစားမှု့ မပါလို့။ ရင်းနှီးတဲ့ သဘောမရှိလို့။


တစ်ခါတလေကြတော့ လည်း တော်တော်ကသိကအောင့်ကြုံတာလေးတွေ ကြုံဖူးတယ်ဗျ။ တစ်ခါက မြို့သစ်ဖက်က ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်အိမ်ကို သွားလည်ကြတယ်ဗျ။ အဲဒီ အချိန်မှာ သူတို့အိမ်မှာ မီးလာတော့ အ၀ီစိတွင်းကနေ ရေတင်နေတယ်။ ရေက လည်း သန်တော့ အုတ်ကန်တစ်ခုလုံးကို ပြည့်လျှံနေတာပေါ့ဗျာ။ အဲဒီမှာ ကျွန်တော့်မိတ်တွေရဲ့ အမေ အဒေါ်ကြီးက ဧည့်သည်ကျွန်တော် တို့တွေကို ရေနွေးကြမ်းလေး ဘာလေးနဲ့ ဧည့်ခံနေရင်း "သားလေးတို့ ရေချိုးသွားကြပါလား" တဲ့။ ကျွန်တော်တို့ ရယ်ရလည်းခက် ငိုရလည်း ခက်ဗျာ။ သူကတော့ ရင်းရင်းနှီးနှီးနဲ့ လောကွက်လုပ်တာပဲ။ မိတ်ဆွေပဲ စဉ်းစားကြည့်ပေါ့ဗျာ။ အခုခေတ်ကြီးမှာ သူများအိမ်သွားလည် လို့ ရေချိုးသွားပါလားလို့ ပြောတာ ရယ်စရာကြီးပေါ့ဗျ။ မကောင်းမြင်တတ်တဲ့သူဆို ခင်ဗျား ကျွန်တော့်ကို ညစ်ပတ်တယ် လို့ ပြောချင်တာ လားဆိုပြီး ရန်တွေ့ သွားနိုင်သေးတယ်။


ကျွန်တော်ငယ်ငယ်က မြန်မာသီချင်းတစ်ပုဒ်ထဲမှာ "လက်ရေ တပြင်စီး ရှေးကထက် ပိုချစ်ကြသည်" ဆိုတဲ့ စာသားလေး ကြားဖူးတယ်ဗျ။ အဲဒီ ထဲက လက်ရေ တပြင်စီးဆိုတာကို မသိလို့ လူကြီးတွေကို မေးမြန်းကြည့်တော့ ရှေးတုံးက လူတွေက ထမင်းစုစားကြရင် အလယ် မှာဖက်ကြီးခင်း ပါသမျှ ထမင်းတွေ ဟင်းတွေကိုပုံ ပြီးတော့ သူ့ဟာကိုယ့်ဟာ မခွဲကြပဲ အတူတူ ဖက်ကြီးပေါ်က အားရပါးရ နှိုက်စား လိုက်ကြတာ လက်ဆေးထားလို့ လက်က စီးကျလာတဲ့ ရေတွေက ဖက်ပေါ်ကိုကျနေတာကို လက်ရေ တပြင်စီးလို့ ခေါ်ပါတယ်တဲ့။ ကဲ အဲဒီအတိုင်းသာ ဟုတ်တယ်ဆိုရင်တော့ ဗျာ။ ဘယ်လောက်များ ကျန်းမာရေးနဲ့ မညီညွတ်လိုက်မလဲ။ Hygiene မဖြစ်လိုက်မလဲ။ စဉ်းစား ကြည့်ကြပါတော့။ ရင်းနှီးတာ ချစ်တာက တစ်ပိုင်းပဲ။


အရင်က အိမ်တိုင်းမှာ ရေအိုးစင်နဲ့ ရေသောက်ကြတော့ တစ်ယောက်က သောက်လိုက် အဲဒီလူ နုတ်ခမ်းနဲ့ အားရပါးရ ထိထားတဲ့ ခွက်ကိုပဲ ရေအိုးထဲ ပြန်နှစ်လိုက်နဲ့ကဲ တစ်ကယ်များ တစ်ယောက်ယောက်မှာ ကူးစက်ရောဂါ တစ်ခုခုရှိရင် အကုန်လုံးကူးပြီးပေါ့ဗျာ။ အခု ခေတ်တော့ နည်းနည်းတော်ပါသေးတယ်။ ငွေကြေးတတ်နိုင်သူတွေက ရေခဲသေတ္တာထဲမှာ ရေဘူးနဲ့ ခွက်နဲ့ ဆိုတော့ အရင်လောက် တော့ မဆိုးတော့ဘူးပေါ့။


အဲဒီ ရင်းနှီးသည့်သဘော ရိုင်းသည့် သဘောဆိုတာ ကျွန်တော်တို့ မြန်မာ လူ့အဖွဲ့ အစည်းမှာ ပိုတွေ့ရသလိုပဲဗျ။ ကောင်းတာလား မကောင်းတာလား ပြောရခက်တဲ့ဗျ။ အဲ ကောင်းတာရော မကောင်းတာရောရှိမှာပေါ့ဗျာ။ မင်္ဂလာပါဆိုတာ အရမ်းယဉ်ကျေးပြီး အရမ်းကောင်းတဲ့ စကားဆိုပေမယ့် အရမ်းရင်းနှီးတဲ့ သူငယ်ချင်းနဲ့ တွေ့ရင် မင်္ဂလာပါခင်ဗျာ လို့ ဘယ်သူနုတ်ဆက်သလဲ။ အဲလို Formal စကားနဲ့ နုတ်ဆက်ရင် တစ်ခါတစ်လေကြတော့ နားထဲ ထောင့်တယ်ဗျ။ အေးစက်စက် ဖြစ်သလို ခံစားရတယ်။ "ဟာ ဟေ့ကောင်ကြီး ဘယ်သွားသေနေတာလဲကွ" နုတ်ဆက်တာ ရိုင်းတယ်ဆိုပေမယ့် အရမ်းခင်တဲ့ သဘော နွေးထွေးတဲ့ သဘောပါတယ် ဗျာ။


တစ်ခါတစ်လေကြတော့ အပေါ်ယံစကာအလှလေး တွေသုံးနေရင် ခံစားမှု့က အေးစက်စက်ကြီးဗျာ။ သိပ်မကောင်းဘူး။ အဲ ရင်းနှီးသည့် သဘောရိုင်းသည့်သဘော ဆိုတာကလည်း နွေးထွေးတယ်ဆိုပေမယ့် တကယ် အလုပ်ကြီးအကိုင်ကြီး လုပ်တဲ့ နေရာတွေမှာ တော့ သုံးလို့ မရဘူးပေါ့ဗျာ။ ဒါပေမယ့်ဗျာ တစ်ခါတစ်လေမှာတော့ ရုန်းကန်ရတာတွေများတဲ့ ဒီလောကကြီးမှာ နွေးထွေးမှု့ ဆိုတာကတော့ လိုသေးတာပဲဗျာ။ မိတ်ဆွေအနေနဲ့ အမေနဲ့ ဖုန်းပြောတဲ့ အခါမှာ မင်္ဂလာပါ အမေ။ မိန်းမနဲ့ တွေ့တဲ့အခါတိုင်းမှာ ကောင်းသော နံနက်ခင်းမှာ အချစ်ရေ စသဖြင့် အပေါ်ယံ စကားအလှလေးတွေ သုံးနေရင် ဘယ်နွေးထွေးနိုင်ပါ့မလဲဗျာ။ ဟုတ်ဘူးလား။


ဘာပဲ ပြောပြော နိုင်ငံခြားသီချင်းတစ်ပုဒ်ထဲမှာ ပါတဲ့ စာသားလေးလိုပါပဲ။ "Just a drop of water in the endless sea" ပါပဲ။ နဲနဲပဲ ဖြစ်ဖြစ် နွေးထွေးမှု့လေး ရစေချင်လို့ပါဗျာ။


4 July 2011

မိုးတိမ်ညို

Visitors

About Me

  © Blogger template 'Perfection' by Ourblogtemplates.com 2008

Back to TOP